အောက်တိုဘာ ၁၀ – ၂၀၂၆
SN (VOM)
ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ အခု ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်မှာ ဖွင့်လှစ်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ် (Human Resource Development – HRD) သင်တန်းအတွက် မဟာဘွဲ့ရရှိသူတွေကို တက်ရောက်ခွင့်ပိတ်ပြီးမှ စာမေးပွဲ ဖြေဆိုစေခဲ့မှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးစေလိုတယ်လို့ သင်တန်းတက်ရောက်ခဲ့သူတွေက ပြောပါတယ်။
အခုနှစ် HRD သင်တန်းတွေမှာ စီးပွားရေးတက္ကသိုလ်တွေရဲ့ မဟာတန်းသင်တန်း မတက်ရောက်ရသေးသူတွေကို အခွင့်အရေးပေးတဲ့အနေနဲ့ ဦးစားပေး တက်ရောက်ခွင့် ပြုမှာဖြစ်လို့ စီးပွားရေးတက္ကသိုလ်တွေမှ စီးပွားရေးဆိုင်ရာ မဟာဘွဲ့ရရှိသူတွေကို တက်ရောက်ခွင့်မပြု ဆိုတဲ့ မူကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကိုယ်စားပြုအဖွဲ့ (၅/၂၀၂၆) ရဲ့ အခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပညာရေးအဖွဲ့မှ သဘောတူ အတည်ပြုခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းမီဒီယာတခုရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အသိပေးထားပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်အနေနဲ့ EMPA/MPA (Executive Master of Public Administration / Master of Public Administration) အတွက် လျှောက်လွှာ ခေါ်ယူမှုကို အခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ကနေ ဩဂုတ်လ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မဟာဘွဲ့ရရှိသူတွေကို သင်တန်း တက်ရောက်ခွင့်မပြု ဆိုတဲ့ မူကို ဩဂုတ်လ ၁၂ ရက်နေ့မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
“အောင်စာရင်းထွက်တဲ့ အချိန်မှ ဒါကို သိရတဲ့အတွက် ကျောင်းကို ဖုန်းဆက်ပြီး ဘယ်လို စံနှုန်းသတ်မှတ်ချက်တွေနဲ့ ရွေးလိုက်တာလဲလို့ မေးတော့ မာစတာ ရပြီးသားသူတွေကို ဖြုတ်ချလိုက်တယ်၊ ကျောင်းက သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ မကိုက်ညီတဲ့သူဆိုရင် ပယ်ချပစ်လိုက်တယ်လို့ ပြောပြီး ဖုန်းချသွားတယ်။ ဩဂုတ်လ ၁၂ ရက်နေ့တုန်းက ပညာရေးက အစည်းအဝေးတခုမှာ မာစတာ ရထားပြီးသားသူတွေ တက်ခွင့်မရဘူး ဆိုတာ ချမှတ်ထားတယ်ဆိုရင်လည်း ဒါက ကြိုပြီး သိထားသင့်တာမျိုးလေ။ အဲဒီကိစ္စတွေကို လုံးဝ မသိဘူး။ အောင်စာရင်းထွက်ပြီးလို့ ဖုန်းဆက်မေးတော့မှ သိရတာ” လို့ သင်တန်း တက်ရောက်ခဲ့သူ တယောက်က ပြောပါတယ်။
စာမေးပွဲကို စက်တင်ဘာလ ၅ ရက်နေ့မှာ ဖြေခဲ့ရတာဖြစ်ပြီး စာမေးပွဲ မဖြေခင် အနီးကပ် သင်တန်းတွေလည်း တောက်လျှောက်ဆိုသလို တက်ခဲ့ရတာဖြစ်ကာ အနီးကပ် သင်တန်းကြေးတွေလည်း ပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။
“သူတို့က တကယ်လို့ ခေါ်ဖို့အစီအစဉ် မရှိဘူးဆိုရင် ဖောင်စရောင်းတဲ့ အချိန်ကတည်းက ပြတ်ပြတ်သားသား ပြောခဲ့သင့်တာ။ အဲဒါလည်း မပြောဘူး။ ဖောင်ကြေးတွေ၊ အနီးကပ်ကြေးတွေလည်း ယူတယ်။ သင်တန်းအတွက် အနီးကပ်တွေ ညပိုင်းတွေ တက်ခဲ့ရတယ်။ ကြိုးစား အားထုတ်ခဲ့ရတာ အချိန်တွေ အလဟဿဖြစ်ကုန်တယ်။ ပိုက်ဆံကုန်တာက ဒုတိယပေါ့။ ဒီအမိန့်က ဩဂုတ်လကတည်းက ထွက်တယ်ဆိုရင် အနီးကပ် တက်နေရတဲ့ အချိန်တွေမှာ ပြောဖို့ မီသေးတယ်လေ။ အနီးကပ်တွေက ဩဂုတ်လ နောက်ဆုံးပတ်တွေမှာ တက်ခဲ့ရတာ။ တကယ်ဆို ပြောခဲ့သင့်တယ်” လို့ သူက ပြောပါတယ်။
စာမေးပွဲ အောင်စာရင်းမှာ မပါဝင်ခဲ့သူတချို့က ၎င်းတို့ရဲ့ စာမေးပွဲရမှတ်တွေကို ပြန်လည် ကြည့်ရှုနိုင်ဖို့ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တာတွေ ရှိပေမယ့် ကြည့်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
“အခုက အဖြေကို လုံးဝ မှန်မှန်ကန်ကန် မဖြေခဲ့နိုင်တဲ့သူတွေ အောင်စာရင်းမှာ အကုန်ပါသွားတာ။ အဖြေလွှာမှာ မဖြေဘဲ မေးခွန်းစာရွက်ပေါ်မှာ ဖြေလိုက်တဲ့သူတွေလည်း ပါတယ်။ နောက်တခုက မာစတာတန်း ဖြစ်တဲ့အတွက် ယုံကြည်ထားတာက အင်္ဂလိပ်လိုမေးရင် အင်္ဂလိပ်လို ဖြေရမယ်။ ဒါပေမယ့် တချို့က မြန်မာလိုတွေ ဖြေကြတယ်။ အဲဒီလိုလူတွေ အကုန်လုံးက ပါပြီးတော့ နောက်ဆုံး ကိုယ့်ရဲ့အလုပ်ကို ကိုယ်ဘာလုပ်နေလဲ ဆိုတာကို မပြောနိုင်တဲ့သူမျိုးတွေလည်း ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ကြတော့ သူတို့ကတော့ ပါမှာ ကျိန်းသေတယ်၊ သွားကန်တော့လိုက်ပါလားလို့ ပြောတဲ့သူတွေရှိတယ်။ ကိုယ်ကတော့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ဆိုတော့ ကန်တော့ရတာမျိုးလည်း မလုပ်ချင်ဘူး။ လုပ်လည်း မလုပ်ခဲ့ဘူး” လို့ သူက ပြောပါတယ်။
သတင်းမီဒီယာရဲ့ မေးမြန်းမှုကို ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားတာမှာ HRD အောက်မှ ဖွင့်လှစ်တဲ့ မဟာတန်းတွေကို လျှောက်ထားသူအရေအတွက် များပြားနေတာကြောင့် စီးပွားရေးဆိုင်ရာ မဟာဘွဲ့ မရရှိသေးသူတွေကို ဦးစားပေး ခေါ်ယူတာလို့ ပြောဆိုထားပေမယ့် လက်ရှိ EMPA နဲ့ MPA သင်တန်းမှာ စီးပွားရေးတက္ကသိုလ် တခုခုကနေ မာစတာရပြီးသားသူတွေပါ တက်ရောက်နေတာကို တွေ့ရတယ်လို့ သင်တန်းတက်ရောက်ဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။
“သူတို့ ခေါ်ချင်တဲ့သူတွေဆိုရင် မာစတာတွေအကုန်လုံးကို ရပြီးသားပေမယ့်လည်း မျက်နှာလွှဲပြီးတော့ ခေါ်ပါတယ်။ တချို့လူတွေကိုတော့ မာစတာ ရထားပါတယ်ဆိုပြီးတော့ ဖြုတ်ပါတယ်။ အဲဒီတော့ မူဝါဒက သူတို့ ကွက်ကျား လုပ်ထားတဲ့ဟာတွေ အကုန်လုံး ပေါ်ပါတယ်။ လက်ရှိ EMPA က သင်တန်းစပြီး ဖွင့်ပါပြီ။ EMPA နဲ့ MPA သင်တန်းမှာ စီးပွားရေးတက္ကသိုလ် တခုခုကနေ မာစတာရပြီးသားသူတွေပါ တက်နေတာကို သက်သေနဲ့တကွ တွေ့ရှိရပါတယ်။ EMPA ကို မာစတာ ရထားတယ်ဆိုတာ မပြောဘဲနဲ့ လိမ်တက်နေတဲ့သူ သုံးယောက် ရှိတယ်။ ကျန်တဲ့သူတွေလည်း ရှိသေးတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ EMPA/MPA စာမေးပွဲမှာ ပါတီဝင်တယောက်လည်း အောင်စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရပြီး ဒါနဲ့ပတ်သက်လို့ အဲဒီ ပါတီဝင်က သက်ဆိုင်ရာဌာနကို မေးမြန်းခဲ့စဉ်မှာ ပါတီနိုင်ငံရေး လုပ်တဲ့သူတွေအနေနဲ့ အခုလို သင်တန်းတွေ တက်ရောက်ခွင့် မရှိဘူးဆိုပြီး တုံ့ပြန်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ သတင်းမီဒီယာက ပညာရေးဝန်ကြီးဌာနကို မေးမြန်းခဲ့တာမှာ လက်ရှိ ဖွင့်လှစ်နေတဲ့ မဟာသင်တန်းတွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီဝင်တွေ တက်ရောက်လျက်ရှိပြီး ဝင်ခွင့် အောင်မြင်ပြီးသူတွေနဲ့ ဘွဲ့ရ ကျောင်းသားတွေထဲမှာလည်း အဲဒီလိုလူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
Photo – CJ
