ရုရှား-မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ခြေ ပူတင်နဲ့ ကင်ဂျုံအန် ဆွေးနွေးခဲ့

ပြုံးယမ်း၊ စက်တင်ဘာ-၁၄-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အရေးကြီးကိစ္စတွေအတွက် ကျေနပ်လောက်ဖွယ် သဘောတူညီချက်တရပ် ရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားအတွက် ဂြိုဟ်တုနည်းပညာတွေ ကူညီပေးမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုပါတယ်။

ကင်ဂျုံအန်နဲ့ပူတင်တို့ဟာ ရုရှားအရှေ့ပိုင်း ဗော့စတော့ချ်နီ အာကာသစခန်းမှာ တွေ့ဆုံခဲ့ကြပြီး ဒါဟာနှစ်ဦးသား ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၉ ခုနှစ်က ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား အပြန်အလှန်ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးကိစ္စတွေကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဘက်အကြား ကျေနပ်ဖွယ်ကောင်းတဲ့ သဘောတူညီချက်ရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ပြောဆိုထားပေမယ့် သဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။

ဒါပေမယ့် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ တွေ့ဆုံမှုအတွင်း ပူတင်အနေနဲ့ မြောက်ကိုရီးယားသို့ လာရောက်ရန် ကင်ဂျုံအန်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။

Ref: NHK
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW