သူတို့အိမ် အခန်း (၉၆)

ဆူးငှက်

ဗောဓိကုန်းက မြိုင်သာယာမှာ..
———————————–

အလယ်တန်း ကျောင်းသားဘဝ အ.ထ.က ၂၁ မှ မိဘကဲ့သို့ ရိုသေ လေးစားရပါသော ဆရာမ ဒေါ်လှလှသန်း က တက္ကသိုလ်ကျောင်းအနီး ၇၃လမ်းဘေး ခြံကြီးမှာ နေထိုင်သည်။ ဆရာမ အမျိုးသား ဦးရဲညွန့် က ဆရာမကြီး အမ်အေ ဒေါ်အုန်း၏ တူအရင်း ဖြစ်သည်။ ဦးရဲညွန့်ကလည်း အလွန်သဘောကောင်းသည်။ ကျွန်တော်တို့က တက္ကသိုလ် ရောက်တော့ ဆရာမအိမ်ကလည်း စားအိမ်သောက်အိမ်ဖြစ်လာသည်။ ဆရာမအိမ်က ခြံဝင်းကျယ်ကြီးထဲမှာ ရှိသည်။ ခြံထမြှာ သရက်ပင်တွေက အရိပ်ချင်းဆက်နေ၏။ ၇၃လမ်းဘက်က ဝင်သည့် အပေါက်ဘေးမှာ ကြီးမားသည့် သက်တမ်းရင့် မန်ကျည်းပင်ကြီးတွေလည်း ရှိသည်။ ထို့အတူ တောင်ဘက် လမ်းကြားဘက်က ဝင်သည့် မလွယ်ပေါက် ဘေးမှာလည်း မန်ကျည်းပင်ကြီးတွေ ရှိသည်။ လမ်းကြားလေး တောင်ဘက် ကပ်လျှက်က မွတ်စလင်လူငယ် ရိပ်သာရှိသည်။ ဆရာမတို့၏ ပျဉ်ထောင်သွပ်မိုး ၂ထပ်အိမ်ကြီးက ၇၃လမ်းနှင့် နီးသော ခြံ၏ အနောက်တောင်ထောင့်မှာ ရှိသည်။

ဆရာမတို့ ၂ထပ်အိမ်နှင့် အနောက် ဝင်းပေါက်ကြားမှာ တစ်ထပ် အိမ်လေးရှိပြီး ကျောင်းသားတွေ ဘော်ဒါ ထားသည်။ ဆရာမတို့ခြံကို မြိုင်သာယာ ဟု အမည်ပေးထား၏။ အနောက်ဘက် အဝင်ပေါက် ညာဘက်မှာ သွပ်ပြားဟောင်းလေးပေါ် ရေးထားသည့် ခြံနာမည် စာလုံးလေးက ပျက်လုလု ဖြစ်နေပြီ။ ထို့ကြောင့် ကျွန်တော်က မြိုင်သာယာ ဟူသော စာလုံးလေးကို ထိုစဉ်က ခေတ်စားနေသော ရောင်ပြန်ပလပ်စတစ် လိမ္မော်ရောင် လေးထောင့် ထုစာလုံးလေးနှင့် အသစ်ပြုလုပ် ချိတ်ဆွဲခဲ့သည်။ ထိုစဉ်က ဆရာမတို့တွင် သားသမီး၃ယောက်ရှိနေပါပြီ။ ဦးရဲညွန့် ကို ကျွန်တော်တို့က အစ်ကိုဟုပဲ ခေါ်ကြသည်။ အစ်ကိုက ထိုစဉ်ကတည်းက ပရဟိတသမား၊ ရပ်ကွက်အတွက်ပဲ အချိန်ပေးနေသည်။ သူ့ဖခင်သွေးပါသည်ပေါ့။ ထို့ကြောင့် ဆရာမတို့ မိသားစု က ဆရာမ၏ အထက်တန်းပြဆရာမ လစာကို အဓီကထားကြရသည်။ ဒါကို ကျွန်တော်တို့က အလိုက်ကမ်းဆိုမသိဘဲ ဆရာမ အိမ်မှာ စားကြသောက်ကြတာ ဝင်ခလုတ် ထွက်ခလုတ်ပေါ့။ ဆရာမထမင်းအိုး ဟင်းအိုးကို မွှေချင်သလိုမွှေ နှောက်ချင်သလို နှောက်ပေါ့။ ရေမော်တာဖွင့်ပြီး ရေတွေ တဝုန်းဝုန်း ဖွင့် ချိုးကြပေါ့။ မီးတွေ ပန်ကာတွေဖွင့်ပြီး ညလုံးပေါက်နေကြတာပေါ့။

ထိုစဉ်က သတိထားမိတာ တစ်ခုရှိသည်။ ဒါက ဆရာမခြံအပေါက်၏ မြောက်နားက ဆိုင်တစ်ဆိုင်ဖြစ်ပါ၏။ ထိုဆိုင်က မခမ်းနားပါ။ စာပွဲတစ်လုံးနှင့် ခွေးခြေအမြင့် ထိုင်ခုံ ၄လုံးလောက်ပါပဲ။ စာပွဲပေါ်မှာ အိုးတွေ ခွက်တွေ ပန်းကန်တွေက နေရာတစ်ဝက်လောက် ယူထားသည့် ဆိုင်ကလေး တစ်ဆိုင်ပဲ ဖြစ်ပါ၏။ ထိုဆိုင်လေး ဘေးက သုံးထပ်ပြားဟောင်းပေါ်မှာ မြေဖြူနှင့် ရေးထားတာက “သျှမ်းခေါက်ဆွဲ၊ တပွဲ – ၁ိ” တဲ့။ အခုလို မန္တလေးတစ်မြို့လုံးသာမက တစ်ပြည်လုံး အထိ ဖုံးလွှမ်းသွားသော ရှမ်းခေါက်ဆွဲက မန္တလေးမှာ ထိုဆိုင်လေးက စသည်ဟု ထင်ပါ၏။

ရှားရှားပါးပါး သူငယ်ချင်းကျောင်းသူများ
—————————————–

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ဘဝက အခုပြန်စဉ်းစားလိုက်တော့ မိန်းကလေး သူငယ်ချင်း မရှိခဲ့ကြ။ မိန်းကလေးမပြောနှင့် ကိုယ်ပေါင်းသင်းနေကျ ၉ယောက်က လွဲလို့ ယောက်ျားလေး သူငယ်ချင်းပင် မရှိ။ (အတော် မာနကြီးသည့် အဖွဲ့ဟု ထင်စရာရှိသော်လည်း အမှန်တကယ်မူ လူမှုရေးညံ့ဖျင်းကြောင်း ကြီးမှ သဘောပေါက်သည်) ။ ရှိခဲ့သည့် မိန်ကလေးသူငယ်ချင်းဆို သည်မှာလည်း ကျွန်တော်နှင့် မေဂျာတူ အတန်းတူတွင် ကျွန်တော်နှင့် မောင်နှမဝမ်းကွဲ တော်စပ်သော အေးအေးမိုးနှင့် ပတ်သက်၍ ဖြစ်သည်။ ကျွန်တော်တို့ ဆွေမျိုးတွေကတော့ အေးအေးပဲ ခေါ်ကြပါ၏။ အေးအေးက မုံရွာ ငွေငန်းဆေးဆိုးပန်းရိုက် ဦးကြီးဦးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်းတို့၏ သမီးဖြစ်သည်။ သူက ကျွန်တော်နှင့် တစ်တန်းတည်းမို့ ဒေါ်ဒေါ်သန်းက ကျွန်တော့်ကို အေးအေးအား ကူညီလိုက်ပါ စောင့်ရှောက်လိုက်ပါဟု ပြောသည်။ ထို့ကြောင့် စနေလိုနေ့မျိုး သူနေသည့် ဗောဓိကုန်းက မြတ်မွန်ဆောင်သို့ ဝင်ကာ စကားစမည်ပြောတာ မုံရွာက ရောက်လာသည့် ပစ္စည်းပို့တာ စသည်ဖြင့် ဝင်ရ ထွက်ရသည်။ အချို့သော သောကြာနေ့လိုမျိုးတွင် ကျောင်းအဆင်း အဆောင်သို့ ဝင်ကာ သူ့ကို ခေါ်ပြီး အမျိုးတွေအိမ်သို့ ပို့သည်။ တနင်္ဂနွေနေ့ ညနေ သူ့အဆောင် ပြန်ပို့ပေါ့။

မြတ်မွန်ဆောင်သို့ အေးအေးထံသွားတိုင်း များသောအားဖြင့် ကျွန်တော်တို့ သူငယ်ချင်းတွေ တစုတဝေး သွားကြသည်။ မျက်မွန်ဆောင်နှင့် မျက်နှာချင်းဆိုင်မှာက သာဓု တဲ့။ ထိုဆိုင်လေးမှာ လက်ဖက်သုတ် ဂျင်းသုတ် ထမင်းဆီဆမ်း ကော်ဖီ စသည်တို့ ရသည်။ ကျွန်တော်တို့က သာဓုမှာထိုင်ပြီး အေးအေးကို စောင့်ရသည်။ သည်လိုနှင့် အေးအေး၏ သူငယ်ချင်းများနှင့် ရင်းနှီးရ၏။ ကိုယ့် အစွမ်းအစနှင့် မဟုတ်ပေ။ သူတို့က မုံရွာက တင့်တင့်၊ မတ္တရာက မြင့်မြင့်သန်း၊ မိုးကုတ်က မာမာအေး၊ ညိုညိုဝင်း၊ ပျော်ဘွယ်က မဖြူ၊ မြစ်သားက သန်းသန်းဌေး တို့ဖြစ်သည်။ (နောက်မှ ကိုအုန်းမြင့် ပတ်သက်ပြီး အတန်းဖော် သင်းသင်းကြိုင်၊ မြင့်မြင့်စိန်၊ မအေးလေး၊ ဆန်းဆန်းဝင်း၊ တင်တင်အေး၊ ဌေးဌေးယဉ်၊ သစ်သစ်ဦး၊ ခင်ခင်သောင်း၊ မြင့်မြင့်ခင် စသူတို့နှင့် ရင်းနှီးသည်၊ ဒါကလည်း အများစုက ကျောင်းပြီးမှ ဖြစ်သည်)။

ကျွန်တော် ဗေဒင်ဆရာ
———————–

ကျောင်းတက်စဉ်ကာလ ရင်းနှီးမှု ရှိသော ကျောင်းသူများကတော့ မြတ်မွန် အဖွဲ့ပါပဲ။ ထိုအဖွဲ့နှင့် ပတ်သက်ပြီး ဘုရားကြီး သွားကြပြီး စက်ဘီးများယူသွားကြလို့ ကျွန်တော်တို့ တတွေ ၄၅တာ ဘုန်းကြီးပျံကွင်းထဲ မိုးအလင်းဆင်နွဲရသည့် အဖြစ်အပျက်က အမှတ်တရ ဖြစ်သလို နောက်ထပ် အမှတ်တရ တစ်ခုလည်း ရှိပါသည်။

ကျွန်တော်တို့ ဒုတိယနှစ်ဝက် စာမေးပွဲ ဖြေခါနီးတော့ စာတွေက အရမ်းခက်လို့ ဗောဓိကုန်းထဲက ဆရာမဒေါ်လှလှသန်း၏ မြိုင်သာယာခြံထဲ မှာပဲ ညအိပ်သည်။ ဆရာမဆီမှာ စာကျက်ကြသည်။ နေ့လယ်နေ့ခင်း စာကျက်နားချိန်မှာ မြောက်ဘက်လမ်းကြားထဲက “မြတ်မွန်” အမျိုးသမီးဆောင်သို့ ရောက်ဖြစ်၏။ စာမေးပွဲအနီး စာတွေ ပိနေချိန်တစ်နေ့၊ အဆောင်ရှေ့က လက်ဖက်သုပ် ဆိုင်လေးမှာ ထိုင်ကြရင်း အပျင်းပြေ သစ်ရွက်ဗေဒင် ဟောဖြစ်ကြသည်။ စကားစု ပြောဖြစ်ကြရင်း ဘယ်ကဘယ်လို စကားရောက်သွား သည် မသိ။ သူတို့က ဘယ်သူက ဘယ်လို ဗေဒင်ဟောနိုင်တာ၊ ဘယ်သူက နေ့နာမ်နှင့် မွေးသက္ကရာဇ် ပေးလိုက်တာနှင့် ဘယ်လိုမှန်အောင် ဟောနိုင်တာတို့ကို မိန်ကလေးများပီပီချဲ့ကား ချီးမွမ်း ပြောကြသည်။ ကျွန်တော်က နင်တို့ဗေဒင်က မွေးနေ့တွေ မွေးရက်တွေ ပေးရသေးတယ်။ ငါက နင်တို့ ခန္ဓာကိုယ်ပေါ် ဘယ်နေရာမှာ မှဲ့ရှိတယ်ဆိုတာပြောပြီး အဲ့ဒီမှဲ့နဲ့ပတ်သက်တာ ဟောပြမယ်၊ မမှန်ရင် ပါးရိုက်ဟု ခပ်ရွှဲ့ရွှဲ့ပြောလိုက်တော့ ထုံးစံအတိုင်း သူတို့က အံ့သြသွားကြ၏။

အတွင်းကျကျ ဟောတဲ့ ဗေဒင်
——————————-

ထိုအကြောင်းကို အခုပြန်ရေးတော့ ဘယ်သူက ဘာအဟောဆိုတာ ကျွန်တော်မှတ်မိသော်လည်း အားလုံးက အသက်အရွယ်အရရော ဂုဏ်ဒြပ်အရပါ ကြီးမြတ်ကြသူများမို့ နာမည် ဖော်၍ ရေးသားရန် မသင့်လျော်ပေ။ ထို့ကြောင့် အနီးစပ်ဆုံး ဖြစ်သော ဟန်ပန်များနှင့်သာ ရေးသားပါမည်။ ဟိုး.. မြောက်နား မြို့သူက သွက်သွက်လက်လက် ဆိုတော့ “ငါ့အရင် ဟော” ဟု ဆို၏။ သူ့မျက်နှာမှာ ညာဘက်မျက်ခုံး၏ ညာဘက်အစွန်နှင့် မှဲ့နီလေးတစ်လုံး ရှိသည်။ ထို့ကြောင့် “အစ်မက မှဲ့အဟောအရဆိုရင် စိတ်တိုတတ်တယ်၊ အပြောအဆို ကြမ်းတယ်၊ အဲ … ကြမ်းတမ်း ဆိုတာ တစ်မျိုး မထင်နဲ့၊ ပွင့်လင်းတာကို ပြောတာ၊ ကလေးတွေကို ဂရုစိုက်တတ်တယ်၊ ခေါင်းကိုက် ဝေဒနာ စွဲကပ်တတ်တယ်၊ နက္ခတ်ဂြိုဟ်စီးက သောကြာ” ဟု ဆိုတော့ မျက်လုံးလေးအဝိုင်းသားနှင့် “ဟောတော့်…မှန်လိုက်တာ” ဟု ပြောပြီး “နင်ပြောတဲ့ သောကြာဂြိုဟ်စီး ဆိုတာက” ဟု မေးတော့ “ ဟို … ဟို ကန်တော့နော် အစ်မ၊ သွေးသား မမှန်တာတို့၊ လေသလိပ်တို့ ရောဂါမျိုးဆိုတာ” ဟု ဖြေရသည်။

သူက မှန်လွန်းလို့ဆိုပြီး သူတို့ထံ အလည်ရောက်နေသော အတန်းဖော် တစ်ဖက်ကမ်းသူကို “နင်ရော မေး လိုက် မေးလိုက်” ဟု တိုက်တွန်း၏။ တစ်ဖက်ကမ်းသူက “အို … နေဦး၊ သူအရင်မေး၊ သူ မေးပြီးမှ” ဟု ဆိုကာ ချင်းတွင်းသူ တစ်ယောက်ကို ညွှန်းသည်။ ချင်းတွင်းက “ကဲ… ကဲ ငါ့ဟောတာ” ဟု ပြောသည်။ ကျွန်တော်က “နေဦး၊ နေဦး ကျွန်တော်ပိုပြီး တိကျအောင် ပုံဆွဲလိုက်ဦးမယ်၊ ဒီအတိုင်း အလွတ်ဆိုရင် မှားသွားနိုင်တယ်” ဟု ပြောပြီး မိန်းမတစ်ယောက်၏ မျက်နှာရှေ့တည့်တည့်မှ မြင်ရပုံကို စာကြည့်လက်စ (၁၀၂) ဘာသာရပ် လေ့ကျင့်ခန်း စာအုပ်၏ နောက်ကျော၌ ဆွဲလိုက်၏။ မှတ်မိသရွေ့ မှဲ့နေရာများကို အမှတ်အသား လုပ်ပြီး နံပါတ်စဉ် များ တပ်လိုက်သည်။

“စောစောက မှဲ့က ညာဘက်မျက်ခုံးရဲ့ ညာဘက်အစွန်မို့ မှဲ့နံပါတ်က ၂ လေ၊ ဒါကြောင့် မှဲ့အဟော နံပါတ် ၂နဲ့ ဟောတာ၊ နေဦး၊ အခု မ(ချင်းတွင်းသူ) က နေဦး (ကျွန်တော် က မျက်နှာကို သေချာကြည့်ပြီး) ဘယ်ဘက် နဖူးထိပ်မှာ ဆိုတော့ မှဲ့နံပါတ် ၄၊ သူ့အဟောက စိတ်စင်ကြယ်တဲ့ မိန်းမ ဖြစ်တယ်တဲ့၊ လွမ်းဆွေးရတတ်တယ်တဲ့၊ အများရဲ့ ချီးမွမ်းမှု ခံရတယ်တဲ့၊ ဟဲ… ဟဲ … ပြီးတော့ အိမ်ထောင်ကျရင် တစ်ရပ်တစ်ကျေး ပြောင်းရတတ်တယ်တဲ့”
မြောက်နားမြို့သူက လက်ခုပ်တီးပြီး “မှန်တယ် မှန်တယ်၊ ရန်ကုန် ပြောင်းရတော့မှာ ရန်ကုန် ပြောင်းရတော့မှာ” ဟု ဆိုသည်။ ချင်းတွင်းသူက မြောက်နားမြို့သူကို လှမ်းရိုက်နေ၏။ ထို့နောက် ကျွန်တော့်ကို “ဂြိုဟ်စီး ပြောဦးလေ” ဟု ဆိုသဖြင့် “အစ်မက စနေဂြိုဟ်စီး၊ နှလုံးအားနည်း တယ်၊ ကြောက်လန့်တတ်တယ်” ဟု ပြောသဖြင့် မှန်လိုက်တာဟယ်ဟု တအံ့တသြ ပြောသည်။

“ကဲ … ကဲ (တစ်ဖက်ကမ်းသူ) အလှည့်ပါရှင်၊ နေဦး၊ နင့်စာအုပ် ပြစမ်း၊ သူ့မှဲ့က အထင်အရှားကြီး၊ မေးစေ့ဖျားမှာ ဆိုတော့ နံပါတ် ဘယ်လောက်လဲဆိုတော့ ဟယ် နံပါတ် ၁ မှဲ့ပဲတော့်၊ ကဲ … ကဲ နင်ပြောစမ်း၊ နံပါတ် ၁ မှဲ့အဟော”

မြောက်နားမြို့သူက စာအုပ်ထဲက ပုံမှာ လက်ထောက်ရင်း ကျွန်တော့်ကို လှမ်းပြောသည်။ ကျွန်တော်က တစ်ဖက်ကမ်းသူ၏ မျက်နှာလေးကို ကြည့်ရင်း သက်ပြင်း ခိုးချလိုက်မိ၏။ သူလည်း ကျွန်တော့် အပြောကို မျှော်လင့်နေပုံ ရသည်။ ကျွန်တော်က သူ့ဆီက အကြည့်ကို လွှဲလိုက်ပြီး …

“မှဲ့နံပါတ် ၁ အဟောက ချမ်းသာလိမ့်မယ်၊ အသက် ၃၅ နှစ်က ၄၅ နှစ်အတွင်း ရောဂါရတတ်သတဲ့”

ကျွန်တော်က ရှေ့ဆက် မပြောဖြစ်။ နှုတ်ဆွံ့သွားသည်။ ထိုအဟောမှာက အကြောင်းကိစ္စတစ်ခုခုကြောင့် လောကကို စွန့်ခွာသွားတတ်သည်ဟုလည်း ဆိုသည်။ ပျိုသောအရွယ်မှာပင် အလွန် စိတ်သောက ရောက်ရတတ်သည်ဟု ဆိုသည်။ ထို အဟောများကို ကျွန်တော့်နှုတ်က ပြောမထွက်ဝံ့။ ထို့ကြောင့် စာအုပ်ထဲက ပုံကိုပဲ ငုံ့ကြည့်နေမိသည်။ ပြီးမှ ကျွန်တော်က ခေါင်းကို ပြန်မော့လိုက်ပြီး “နံပါတ် ၁ မှဲ့နဲ့ တွဲဖက်မှဲ့ အဟောလည်း ရှိသေးတယ် ၊ တွဲဖက်မှဲ့က အနီဆိုရင် တွဲဖက်မှဲ့ကို အဓိကထား ဟောရတယ်၊ တွဲဖက်မှဲ့ အဟောအရ ဆိုရင် ဘဝအစ ချမ်းသာသုခရဲ့ ဆုံစည်းရမယ်၊ ဆွေမျိုးတွေဆီက အမွေအနှစ် ရမယ်၊ အသက် ၃၀ ကျော်တာနဲ့ ချမ်းသာခြင်း အထွတ်အထိပ် ဖြစ်မယ်၊ ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေမယ့် စည်းစိမ်မျိုး ရမယ်လို့ ဟောထားတယ်” ဟု ပြောလိုက်သည်။ တစ်ဖက်ကမ်းသူ၏ မျက်နှာ လှမ်းကြည့်လိုက်တော့ သက်ပြင်းလေး မျှင်းမျှင်းချတာ မြင်လိုက်ရသည်။ ကျွန်တော်က …

“အစ်မရဲ့ ဂြိုဟ်စီးက ဗုဒ္ဓဟူး ဆိုတော့ အဖက်ဖက်က ဆွေမျိုး ကောင်းကျိုးတဲ့” ဟု ဆက်ပြော လိုက်သည်။
ဤသို့ဖြင့် ကျန်သည့် သူတွေလည်း ကျွန်တော်က ဆက်ဟောလိုက်သည်။ အားလုံးလိုလိုက ကျွန်တော့်ကို အခုလို ဗေဒင်ဟောတတ်တာ ဘာ့လို့ အရင်က မပြောတာလဲဟု အပြစ်တင်သည်။ တကယ်တော့ ကျွန်တော်က ဘာဗေဒင်မှ မတတ်ပါ။ အစကတော့ သူတို့ကို စချင် နောက်ချင်သောကြောင့် ပြောမိသည်။ သူတို့က ကျွန်တော် စမှန်းနောက်မှန်းသိသဖြင့် ရယ်ကာ မောကာ ပြီးသွားမယ် ထင်သည်။ သို့သော် အဲ့လို မဟုတ် သူတို့က ကျွန်တော် စပြောကတည်းက ချက်ချင်း ယုံသည်။ သည်တော့ ကျွန်တော်ကလည်း အတည်ပေါက်နှင့် ပုံတွေဘာတွေ ဆွဲကာ ဟောလိုက်သည်။

တောပြော တောင်ပြော အဟော
———————————-

တစ်ခုတော့ရှိသည်။ သူတို့ စရိုက် သူတို့ အပြောတွေ အရင်ကတည်းက အကဲခတ်မိပြီး အတော်အတန် တော့ သူတို့အကြောင်း သူတို့စိတ်နေသဘောထား သိပါသည်။ သူတို့ အချင်းချင်း နောက်ပြောင်ကြတာကိုလည်း ကြားမိသောကြောင့် ဘယ်သူ့ရည်းစားက ဘယ်မြို့က ဆိုတာလည်း ရိပ်မိထားတော့ အဝေးမြို့သို့ ပြောင်းရကိန်း မြင်တယ်ဟု ဟောရသည်။ သတိထားမိတာတော့ ရှိသည်။ ကျွန်တော်တို့ ဆရာမ၏ မြိုင်သာယာခြံတွင် ညအိပ်ညနေ စာကျက်ကြတာ တစ်ပတ်လောက်ကြာပါ၏။ ထိုတစ်ပတ်အတွင်း စာအုပ်နှင့် မျက်နှာမခွာဘဲ စားလည်း သည်စိတ် အိပ်လည်း အခြား အတွေးများ မဝင်ခဲ့ပေ။ ထိုတစ်ပတ် စာကျက်စခန်းဝင်ပြီး ထိုနေ့ကျမှ ကျွန်တော်တို့လည်း စိတ်အနားရချင်လို့ သူတို့ အဆောင်ရှေ့က လက်ဖက်သုတ်ဆိုင် သွားထိုင်ကြရင်း ဗေဒင်ဆရာဖြစ်သွားသည်။ ထိုအခါ နောက်တာ ပြောင်တာ မဟုတ်ဘဲ အတည်ပေါက် ပြောတော့ သူတို့တစ်ဦးချင်းစီ၏ ကြောင်းခြင်းရာတွေ သူ့ဖာသာ သိနေသလိုနှင့် နှုတ်ဖျားရောက်လာတာ သတိထားမိသည်။ တည်ငြိမ်သော စိတ်က စွမ်းအားတစ်ခုကို ဖျပ်ခနဲ ထိတွေ့မိလေသလားပေါ့။

ကျွန်တော်တို့လည်း လက်ဖက်သုတ်စား၊ ကော်ဖီသောက်ပြီး သူတို့ချင်း ခေါင်းချင်းဆိုင်ပြီး ဗေဒင် အဟောတွေကို ပြန်လှန်ပြောနေကြတော့ ကျွန်တော်က “ကျွန်တော် အစ်မတို့ပျော်အောင် လျှောက်ပြောတာနော်၊ စိတ်ထဲမှာ ဘာမှမထားကြပါနဲ့” ဟု ပြောရင်း လှည့်ထွက်ပြန် ခဲ့ပါ၏။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW