မန္တလေး၊ ဧပြီ- ၂၀- ၂၀၂၆
SA(VOM)
TNLA နဲ့ မဟာမိတ်အဖွဲ့တွေ သယံဇာတ ထုတ်ယူသွားတဲ့ ဂေါက်ကွင်းကို မိုးကုတ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိ အဆင့်ဆင့် တာဝန်ယူခဲ့တဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက အခကြေးငွေတွေရယူပြီး ည ၁၀ နာရီနောက်ပိုင်း မိုးကုတ်ဂေါက်ကွင်းအတွင်း လုပ်ကွက် သယံဇာတ တူးဖော်ဖို့ ခွင့်ပြုခဲ့တာတွေရှိခဲ့ပြီးနောက် တိုင်ကြားတာတွေကြောင့် အရေးယူမှုရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မိုးကုတ်မြို့ ဂေါက်ကွင်းမှာ တွင်းလုပ်ကွက်လုပ်ကိုင်နေသူတွေဟာ လုပ်ကွက်ရပ်နားပြီး မိုးကုတ် အနောက်ပိုင်း PDF ၅၁၃ တပ်ရင်း တပ်ရင်းမှူးစခန်းချတဲ့ ကျေးရွာတွေအနီးက ဘော်မားကျေးရွာဘက်ကို ပြောင်းရွှေ့လုပ်ကိုင်နေကြပြီလို့ ဒေသခံတွေဆီကသိရပါတယ်။
လက်တလော မိုးကုတ်အနောက်ပိုင်း ကျောက်ဆောင်ရွာနဲ့ ကျောက်ပြင်ရွာကြားက နာမည်ကြီးနေတဲ့ ဝင်းထရံ လုပ်ကွက်မှာ TNLA အဖွဲ့တွေ လွန်ခဲ့တဲ့ သုံးရက်လောက်က ပြန်ဝင်လာပြီး ကျန်အဖွဲ့စည်းတွေက ဂဲတွင်း ၁၀ တွင်း TNLA အဖွဲ့တွေက ဂဲတွင်း ၁၀ တွင်း သိန်း ၂၀၀ နဲ့ ၃၀၀ ကြားမှာ ဆက်ကြေးပေးပြီး လုပ်ကွက်ဖော်ဆောင်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။
” လက်ရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာမှာ နယ်မြေအခြေအနေတွေကြောင့် ရုပ်သိမ်းမှုမရှိသေးတာကို ပြီးခဲ့တဲ့ ရက်ပိုင်းကအထိ လုပ်ကွက်တူးဖော်မှုတွေရှိတာဟာ အုပ်ချုပ်ရေးယန္တရားကို ထိခိုက်စေတယ်” လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်းမှာ TNLA နဲ့ မဟာမိတ်တပ်တွေသိမ်းယူခဲ့တဲ့ မိုးကုတ်မြို့က ဂေါက်ကွင်းနဲ့ နေရာတချို့မှာလုပ်ကွက်တွေဖော်ဆောင်ခဲ့ပြီး ဒီထဲကမှ မိုးကုတ် ဂေါက်ကွင်းဟာ သယံဇာတအများဆုံး ထုတ်ယူခံရတဲ့ နေရာတခုဖြစ်တယ်လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ ကျောက်လုပ်ကွက်တွေကို ရပ်နားစေချင်ပြီး မိုးကုတ်ဂေါက်ကွင်းကို မြေပြန်ဖို့ပေးပို့ လိုလားတဲ့အကြောင်း ဒေသခံဆက်ပြောတာက
“ဆိုးတာက ခိုးဆင်းတာတွေ ညဆိုင်းဆင်းပြီးလုပ်နေတာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ငြိမ်းအေးသွားအောင် အကောင်ဆုံးဖြစ် နိုင်မယ့်နည်းလမ်းက ဂေါက်ကွင်းကို မြေဖို့ပြီး Public area ပြန်ဖော်ပေးနိုင်လေ ပြဿနာ အေးချမ်းလေပဲ ” လို့ မိုးကုတ်မြို့ခံက VOM ကိုပြောပါတယ်။
TNLA ဦးဆောင်ကွပ်ကဲတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခု ဇူလှိုင်လ အတွင်းကနေ ၂၀၂၅ နိုဝင်ဘာလ အထိ ထိန်းချုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA နဲ့ တပ်မတော်တို့ အပစ်အခတ်ရပ်စဲပြီး TNLA က မိုးကုတ်မြို့ကနေ ဆုတ်ခွာခဲ့ပြီးနောက် တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ လက်ရှိ မိုးကုတ်မြို့ကို ထိန်းချုပ်ထားပါတယ်။
Photo-CJ
