ဆူးငှက်
အောင်တပ်တော်ကြီးနဲ့ ချီချင်သည်
——————————————
ကျွန်တော် ၆ တန်းလောက်က မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ ရောက်လျှင် ညဦးပိုင်း၌ ဘုရားကြီး ၄၅တာကွင်းတွင် စုရပ်ထားကာ နန်းတွင်း ကျောက်တိုင်ကွင်းသို့ ဘင်ခရာများ တပ်ရင်းတပ်ဖွဲ့အလံများနှင့် မီးတုတ်ကြီးများ ကိုင်ကာ စစ်ရေးပြ ချီတက်ကြသည်ကို အမေနှင့် ကျောက်သွေးတန်းက စောင့်ကြည့်ရင်း စစ်ဗိုလ် ဖြစ်ချင်ခဲ့သည်။ ထိုစဉ်က တော်လှန်ရေးနေ့ စစ်ကြောင်းချီတက်ကြတာ ညဦးပိုင်း ဖြစ်သည်။ နောက်နှစ်တွေမှာ မနက်စောစောချီတက်ကြတော့လည်း အစ်မများနှင့် ရုံတော်ကြီးက စောင့်ကြည့်ပြီး အားတက်ကာ ၁၀တန်းအောင်ရင် ဗိုလ်သင်တန်းရအောင် တက်မယ်ဟု လူမသိ သူမသိ စိတ်ကူးဖူးသည်။ သို့သော် ထိုအားတက်မှုနှင့် စိတ်ကူးတွေက ၈တန်းလောက်ရောက်တော့ ပျောက်သွားတော့သည်။ တကယ့် အဆုံးအဖြတ်ပေးမည့် ၉တန်း ၁၀တန်းရောက်တော့ ဘာရည်ရွယ်ချက်မှ မရှိတော့။ အမြင်မတော်သည့် အစ်မများက ကြည့်စီစဉ်လိမ့်မယ်ဟုသာ ခပ်ပေါ့ပေါ့တွေးခဲ့သည်။
သည်လိုနှင့် ၁၀တန်းတွင် စာမေးပွဲကျသည်။ ကျောင်းနေစဉ်ကတည်းက တစ်ခါမှ စာမေးပွဲ မကျဖူးသူအဖို့ ၁၀တန်း စာမေးပွဲကို ဘုံးခနဲမြည်အောင် ကျသည်ကို ထိပ်လန့်ဖို့ကောင်းသည်။ ထိပ်လန့်ဖို့ဝေး..၊ မျက်စေ့မျက်နှာပင် မပျက်ခဲ့ပေ။ လူတိုင်းကျနေတာပဲ၊ ဘာထူးဆန်းလို့လဲ ဟုသာ ချော်လဲ ရောထိုင်ခဲ့သည်။ သည်လိုနှင့် ၁၀တန်း ဒုတိယမ္ပိ စာမေးပွဲကိုတော့ အောင်မှ ဖြစ်မည်ဟူသော သာမန် အနိမ့်ဆုံး ရည်မှန်ချက်လောက်နှင့်သာ ဖြေခဲ့လို့ အောင်သည်ဆိုရုံနှင့် လက်မထောင်ခဲ့၏။ သည်လိုနှင့် တက္ကသိုလ် ရောက်ခဲ့သည်။ တက္ကသိုလ်ရောက်ပြီး နေသားကျလောက်ချိန်တွင် မှိုင်းရာပြည့်ဖြင့် ကျောင်းပိတ်လိုက်ပြန်၏။ သည်လိုနှင့် ကျောင်းပြန်ဖွင့်တော့ ထိုစဉ်မှ မိမိကိုယ်ကို မိမိ ခပ်ရေးရေး ရှာဖွေ တွေ့ရှိတော့သည်။ မိဘ ၂ပါးစလုံး အိုပြီ။ အခုထိ တစ်နေ့စာအတွက် တစ်နေ့ရှာဖွေ ရသော ဆင်းရဲသားဖြစ်သည်။ အိမ်မှာ စီးပွားရေးနှင့် ပတ်သက်၍ ဘာ အထောက်အခံမှ မရှိ။
ပညာကို အရင်းအနှီးပြု၍
————————-
ဒါဖြင့် မောင်နှမတွေမှာရော ဘယ်သူ့ မှီခိုရမလဲပေါ့။ ဒါကလည်း အစ်မအကြီးဆုံး မမခင်ရီပဲ ရှိသည်။ လွန်ခဲ့သည့် နှစ်လောက် အထိမှာပင် မမခင်ရီက ကျောင်းပိတ်လို့ မုံရွာအလည်ပြန်လျှင် သူ့ရွှေဆိုင်ခေါ်ကာ ရွှေရောင်းသင်ပေးပြီး ရွှေဆိုင်ပဲ ခွဲထောင်ပေးလေမလားဟု စိတ်ကူးတိုက်အိမ် ဆောက်ဖူးသည်။ ထိုစဉ်ကာလ ကျွန်တော့် အစ်ကို ဝမ်းကွဲ ကိုမောင်ဝင်း က မမဆီမှာ ပန်းထိမ်သင်တော့ မမခင်ရီ မန္တလေးလာလို့ အဘတို့နှင့် စပ်မိစပ်ရာပြောရင်း သူ့မောင် မောင်ဝင်း တော်ပုံ၊ အလုပ်ကြိုးစားပုံ၊ အိမ်နှင့် ပတ်သက်၍လည်း စိတ်ချရပုံ၊ အလုပ်ကို စိတ်ဝင်တစားရှိပုံတို့ ပြောရင်း ပန်းထိမ်ကို အောက်ခြေသိမ်းကအစ တတ်ထားမှ ရွှေဆိုင်ဖွင့်ရင် အလိမ်မခံရမှာပေါ့ ဟု တွင်တွင်ပြောသည်။
တစ်ခါတလေ သူ့မောင် ကိုမောင်ဝင်း ကို စိတ်အခန့်မသင့်လျှင်လည်း ကိုယ်က သူ့ကို သာမန် ပန်းထိမ်သမား လောက်နဲ့ သူများဆီမှာ ဝန်ထမ်း မဖြစ်စေချင်လို့ ပြောရင် အဘတူက စိတ်ကောက်ချင်တယ်။ ပန်းထိမ်သမားကနေ ပန်းထိမ်ဆရာ၊ ပန်းထိမ်ဆရာ ကနေ ပန်းထိမ်ဖိုနဲ့ ရွှေဆိုင်ပိုင်မှ ကြီးပွားတိုးတက်မှာ ကို နားဝင်အောင် ပြောနေရတာ ဟုလည်း ပြောသည်။ တစ်ခါကများ ကိုမောင်ဝင်းကလည်း ပန်းချီဆွဲ ဝါငနာပါသည်။ သူက ပုံတူ ခဲပန်းချီတွေ ဆွဲလေ့ရှိသည်။ ထို့ကြောင့် မမခင်ရီ လာတော့ ကျွန်တော်က ဦးဘလွင်၏ ပုံတူရေးဆွဲနည်း ဟူသော စာအုပ်လေးကို “ မမ ဒီစာအုပ်လေး ကိုမောင်ဝင်း ပေးလိုက်စမ်းပါ” ဟု မမလက်ထဲထည့်သည်။ မမခင်ရီက စာအုပ်လေးကြည့်ပြီး “ မောင်ဝင်းကို မပေးနဲ့၊ တော်ကြာ ပန်းထိမ်ကို စိတ်မဝင်စားပဲ နေလိမ့်မယ်” ဟု ပြောပြီး စာအုပ်လေးကို ထားခဲ့သည်။ ဤသို့ဖြင့် ရွှေပန်းထိမ်ကို ဆရာဖြစ်တတ်ပြီးမှ ရွှေဆိုင်ဖွင့်သင့်ကြောင်း အကြိမ်ကြိမ် နားထောင်ဖူးမှ “သြော် .. ရွှေဆိုင်ဆိုတာ တတ်နိုင်တာပဲ ဆိုပြီး ရော့ အင့် ဆိုပြီး ဖွင့်မှ မရတာပဲ၊ ရွှေဆိုင်ပိုင်ဖို့ မပြောနဲ့၊ ပန်းထိမ်တတ်မှသာ ရွှေဆိုင်ကို တူတူတန်တန် ထိုင်နိုင်မှာပါကလား” ဟု အမြင်မှန်ရကာ စိတ်ကူး တိုက်အိမ်က ပျောက်ခဲ့ ရသည်။
ထို့ကြောင့် မမခင်ရီတို့ ဆိုတာ ကိုယ့်မောင် ကျွန်တော့် အပေါ် လိုအပ်သည့် စောင့်ရှောက်မှုနှင့် ထောက်ပံ့မှုများကို အပိုအမိုပင် ပေးခဲ့ ပေးဆဲဖြစ်သည်။ ကိုယ့် ဘဝကိုတော့ ကိုယ့်ဖာသာ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ရမှာပေါ့ ဟု သဘောပေါက်တာ တက္ကသိုလ် စတက်သည့် ၄လ အကြာလောက်မှ ဖြစ်သည်။ သည်တော့ မောင်ကျော်ဆန်း ဘယ်လဲ၊ ဘာလဲပေါ့။ အရင်းအနှီးမရှိ၊ မိဘလက်ငုတ် လုပ်ငန်းမရှိသူအဖို့ မိမိပညာသည်သာ အရင်းအနှီးဟု သိလေတော့ “ငါ .. နောက်ဆုံးနှစ်မှာ မဟာသိပ္ပံတက်ခွင့် ရအောင် ကြိုးစားမယ်။ မဟာသိပ္ပံ ဆက်တက်မယ်။ မဟာသိပ္ပံရပြီးရင် ကျောင်းမှာ ဆရာအဖြစ် အမှုထမ်းနိုင်အောင် ကြိုးစားမယ်။ ငါ့ ဘဝဟာ တက္ကသိုလ်ဆရာအနေနဲ့ အဆင့်ဆင့် တိုးတက်ပြီး လူရိုသေ ရှင်ရိုသေ ကျန်ရစ်စေရန် ကျောင်းစာကို ဖိဖိစီးစီး အပတ်တကုပ် ကြိုးစားမည် ဟု သန္နိဋ္ဌာန်ချခဲ့သည်။ အင်း .. ဒါက သန္နိဋ္ဌာန်ပေါ့လေ..။ တကယ်တမ်း ကျောင်းပြန်ဖွင့်သည့် အချိန်မှာတော့ …
မန္တလေးဆောင်းနှောင်းနှင့် ကျောက်စိမ်းရောင် ဆွယ်တာ
———————————————————-
ဒီနေ့ ကျောင်းသို့ စောစောသွားရမည်။ မနေ့ညက ပိတောက်ပန်းပုံနှင့် ပို့စကတ်ပုံလေး တစ်ပုံကို သဘောကျလို့ ကူးဆွဲကာ ဆေးရောင်ပါခြယ်မိတော့ ဒီနေ့ မနက်တင်ရမည့် ကျူတိုရီရယ်က မလုပ်ဖြစ်။ ထို့ကြောင့် ကူးဆွဲနေသည့် ပိုစကတ်လေးကို ဓာတုဗေဒ စာအုပ်ကြား မှတ်မှတ်ရရ ညှပ်ကာ ဆွဲလက်စ ပန်းချီကားကို စာကြည့်စာပွဲပေါ်တွင် ရေဒီယို ဓာတ်ခဲဟောင်းလေးများနှင့် ဖိထားခဲ့သည်။
ထိုနေ့က ဖေဖော်ဝါရီလဆန်းပိုင်းမို့ မနက်လင်းတော့ အအေးဓာတ်က ရှိနေသေးသည်။ ထို့ကြောင့် ကျောင်းသွားတော့ ကျောက်စိမ်းရောင်နှင့် အဖြူကြား လက်ထိုးဆွယ်တာ ဝတ်သည်။ ကျောင်းသွားဖို့ စက်ဘီးထုတ်တော့ အမေက “နင့်ဟာ ဒီလောက် မချမ်းတော့ပါဘူး၊ အပေါ်က ဂျာကင်အပါးလေးပဲ ဝတ်သွားပါလား၊ ဒီဆွယ်တာကြီးက ထူကထူသနဲ့..” ဟု ထမင်းချက်နေရာက လှမ်းပြောသည်။ ကျွန်တော်က “ ဟာ အမေကလည်း ကျောင်းဖက်က ရေနီမြောင်းရေနဲ့ လယ်ကွင်းပတ်လည်ဝိုင်းနေတော့ အေးတယ်ဗျ၊ ပြီးတော့ ကျွန်တော်တို့ စာသင်ခန်းတွေကလည်း ကျောင်းအရှေ့ထဲ မြက်တောထဲက ထရံကာတွေနဲ့” ဟု ပြောရင်း စက်ဘီးနင်း ထွက်ခဲ့သည်။
ဟုတ်သားပဲ၊ မန္တလေး ဆောင်းနှောင်းလေ၊ မနက်စောပိုင်းမှာတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နှင့် လက်ခမောင်း ခတ်ပြနေသည်။ အရှေ့ဘက်က နေထွက်လာကာ ဈေးချို ဈေးဖွင့်ချိန် နေထန်းတဖျားရောက်ကာရှိသေး ရယ်ကျဲကျဲနှင့် မာန်လျော့သွားကာ ဘုရားကြီး – ဈေးချို၊ ဘုရားကြီး – ဈေးချို ဟူသော ဘတ်စ်ကား စပယ်ယာအသံများ ဘူတာကြီးထိပ် ညံစပြုသည့် အချိန်မှာတော့ နွေ၏ ရှေ့ကင်းတပ်ကိုပင် ဆောင်းနှောင်းက လက်နက်ချလိုက်ရသည်။ အခုလည်း အိမ်က ထွက်စမှာတော့ အေးနေသေး၏။ အေလမ်းက ဗောဓိကုန်းဘက် ချိုးကွေ့လိုက်တာနှင့် အပူငွေ့ရပြီ။ ဟော .. ဒိုင်တော်ဓမ္မာရုံအကျော် ရေနီမြောင်းတံတားအတက်မှာတော့ ချွေးစို့ပေါ့။ ထိုစဉ်မှာပဲ သိုးမွှေးဆွယ်တာ လက်ထိုး စိမ်းတောက်တောက် ဆွယ်တာကြီးနဲ့ စက်ဘီးကုန်းနင်းနေသည့် ကျွန်တော့်ကို အမှတ် ၃ ကားပြာ ဘတ်စ်ကားက အိပဲ့အိပဲ့နှင့် ကျော်သွားသည်။
ကျော်သွားသည့် အမှတ် ၃ ကားကို စောင်းငဲ့ကြည့်လိုက်တော့ ကျွန်တော့်ကို လက်ညှိုးထိုးပြကာ အချင်းချင်း ရယ်မောနေကြသည့် ကျောင်းသူတစ်စုကို လှမ်းမြင်လိုက်၏။ ကျွန်တော့်ဘက် ဘတ်စ်ကားခုံတွင် ထိုင်နေသူက စက်ဘီးနှင့်ကျွန်တော့်ကို ဘတ်စ်ကားဖြတ်အကျော် မြင်လိုက်တာနှင့် သူ့ဘေးကနေ မတ်တတ်ရပ်စီးနေကြသည့် သူ့အဖော်ကို လက်တို့ကာ ကျွန်တော့်ကို ပြနေပြီး အခင်းချင်းရယ်နေကြသည်ကို လိပ်ကောင်ရေ အားလောက်နှင့် အမောဆိုက် မောင်းနေရရှာသော ဘတ်စ်ကားနှင့် စက်ဘီးကို ယှဉ်စီးနေရာမှ ကျွန်တော်က မြင်လိုက်သည်။ ကျွန်တော်လည်း ယူတီစီ် ရှေ့ရောက်တော့ စက်ဘီးကို အရှိန်လျော့ပြီး နောက်ချန်လိုက်သည်။
ခုံမှာထိုင်သည့် တစ်ယောက်က ဘတ်စ်ကားပြတင်းပေါက်က ခေါင်းပြူကာ နောက်လှည့်ကြည့်ပြီး ကျန်နေရစ်သည့် ကျွန်တော့်ကို လက်ပြကာ ကားထဲသို့ လက်ညှိုး ထိုးပြနေသည်။ ဘတ်စ်ကားက ကျောင်း၏ ပင်မအပေါက်က ဝင်ပြီး ညာဘက်ချိုးကာ မြန်မာစာဌာန နောက်ကျောက ကုက္ကိုပင်ကြီးတွေ အုံ့ဆိုင်းနေသည့် ကားဂိတ်မှာ ရပ်သည်။ ကျွန်တော်က ဝင်းပေါက်အကျော် ဘယ်ဘက်ချိုးကာ ရွှေမန်းလမ်းအတိုင်း အရှေ့တက်ပြီး သစ္စာလမ်း ရောက်တော့ ညာချိုးပြီး အတန်းရှေ့ တယ်ပင်ရိပ်တွင် စက်ဘီးထိုးလိုက်သည်။ ထို့နောက် အတန်းထဲ ခပ်သွက်သွက်ဝင်ပြီး မနေ့ကပေးလိုက်သည့် 1O2 သင်္ချာဘာသာ ကျူတိုရီရယ်ကို ကျောင်းချိန်အမီ အပ်နိုင်ဖို့ ဖြေနေသည်။ အတန်းထဲမှာက လူသိပ်မရှိသေးပေ။ ကျွန်တော်က ကျူတိုရီရယ် အဖြေလွှာတွင် နစ်ဝင်ကာ ခပ်သွက်သွက် ဖြေနေမိသည်။
ကျွန်တော်ရှုံးတဲ့ အလောင်းအစား
————————————
“ရွှတ် … ရွှတ်”
ကျူတိုရီယယ်ကို ခေါင်းငုံ့ကာ ဖြေနေရင်း အမေ့စကားကို နားမထောင်မိတာ နောင်တရနေသည်။ အခုတော့ နေက ပွင့် လာပြီ။ နေပူကျဲကျဲမှာ ဆွယ်တာလက်ရှည်ကြီးနှင့် သင်္ချာက ကုလပုစ္ဆာခပ်ခက်ခက်တွေကို ချွေးတလုံးလုံး ဖြေဆိုနေသည်။ ဒါ နောက်ဆုံး ပုစ္ဆာပဲ၊ ဒီပုစ္ဆာပြီးရင် အပြင်ထွက်၊ ဆွယ်တာ ချွတ်၊ အန်တီကြီးဆိုင်ပြေးပြီး ခေါက်ဆွဲ စားမည်။
“ရွှတ် … ရွှတ်”
အသံတစ်သံကြောင့် ခေါင်းမတ်သွား၏။ ဘေးဘီ လှည့်ကြည့်မိသည်။ အားလုံးက ငြိမ်ငြိမ်သက်သက်။ ထို့ကြောင့် နောက်ဆုံးပုစ္ဆာ၏ အဖြေကို ရေးပြီး မျဉ်းပိတ်လိုက်သည်။
“ရွှတ် … ရွှတ်”
အဖြေလွှာတင်ရန် မတ်တပ်ရပ်ရင်း အသံကြားရာသို့ လှမ်းကြည့်မိ၏။ စာသင်ခန်း၏ နောက်ဆုံးအပေါက်ဝမှ အသံပေး ရင်း လက်ယပ်ခေါ်တာ မြင်ရသည်။ ကိုယ့်နောက်သို့ လှည့်ကြည့်မိသည်။ ဘယ်သူမှ မရှိ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် လက်ညှိုး ထိုးပြရင်း ခေါင်းညိတ်ပြလိုက်တော့ အဲသည်ကလည်း ခေါင်းညိတ်ပြီး လက်ယပ်ခေါ်သည်။ ဘယ်သူတွေလဲ မသိ။ ဘာကိစ္စ ခေါ်တာလဲမသိ၊ အဖြေလွှာကို ရှေ့ခုံပေါ်သွားတင်ပြီး ရှေ့အပေါက်မှထွက်ကာ ကော်ရစ်ဒါအတိုင်း သူတို့ဆီ လျှောက်သွားသည်။ သုံးယောက် ခေါင်းချင်းဆိုင်ပြီး ဘာတွေပြောနေတာလဲ မသိ။ ကိုယ်လုံးလေးတွေ လှုပ်နေအောင် ရယ်နေကြသေးသည်။ အနား ရောက်တော့ ဘာလဲဟူသော အမူအရာဖြင့် မေးဆတ်ပြလိုက်၏။
ကျောင်းသူ သုံးယောက်ပဲ။ သည်အထဲက မျက်ခုံးမွှေးတွေဆွဲ၊ နှုတ်ခမ်းနီတွေ ရဲနေအောင်ဆိုးကာ ခပ်မြင့်မြင့် ဒေါက်ဖိနပ် နှင့် အမွေးပွတွေ ဖားလျားနှင့် လွယ်အိတ်ကို လွယ်ထားသော ကျောင်းသူက ဆို၏။
“စိတ်မရှိနဲ့နော်၊ မင်းကို တို့က အကြောင်ရိုက်တာ မဟုတ်ပါဘူး၊ ဒိုင်တော်ဓမ္မာရုံအကျော် မှာကတည်းက ဘတ်စ်ကားပေါ်ကနေ စက်ဘီးနဲ့ မင်းကိုမြင်တော့ ဒို့က အလောင်းအစား လုပ်ထားလို့ကွ” တဲ့။
ကျွန်တော်က အံ့အားသင့်သွား၏။ သူတို့အထဲမှ ခပ်ပိန်ပိန်၊ အသားညိုညိုနှင့် အိန္ဒိယအနွယ် မျက်နှာပေါက်နှင့် ကျောင်းသူက သူ့အနားမှာ ရပ်နေသော ကျန်ကျောင်းသူ တစ်ယောက်၏ ပခုံးကို သူ့ပခုံးနှင့် တိုက်ပြီး ပြောလိုက်လေ၊ ပြောလိုက် လေဟု ဆိုသည်။ ထိုအခါမှ ကျွန်တော်က သတိထားမိ၏။
သြော် …။
သူကိုး။ ဆံပင်က ဖြောင့်ဖြောင့်စင်းစင်း ရှည်လျား၏။ နောက်နားက အော်တိုမစ်တစ် ဆံညှပ်လေးနှင့်ပဲ ညှပ်ကာ ဆံပင်ကို စည်းထားလေ့ရှိသည်။ မျက်နှာ သွယ်လျ၊ မျက်ခုံးထူ၍ ကွေး ညွှတ်၏။ မျက်ဝန်းက ခပ်လျားလျား။ သို့သော် မျက်တောင်ကော့တွေက မျက်ဝန်းအလျားကို ထိန်းချုပ်ထားသည်။ နှာတံက သိ သာစွာ စင်း၏။ နှာသီးလုံးလေး ဖွံ့သည်။ နှုတ်ခမ်းက ခပ်ပါးပါး၊ မေဖျားမှာ မှဲ့လေးတစ်လုံး ထင်ရှားရှိသည်။
ကျွန်တော် ကျောင်းပြန်တိုင်း ဈေးချို ၂၈ လမ်းက အဆင်း၊ အယ်(လ)ရုံ တောင်ဘက်အပေါက်က ခြင်္သေ့တံဆိပ် ဇေယျာမန်း ကားပေါ် တက်တက်သွားတာ အမြဲမြင်သဖြင့် မှတ်မိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘာရယ်မဟုတ် သြော် … ဟု ဆိုကာ သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။ “ပြောလိုက်လေ” ဟူသော သူငယ်ချင်း၏ အတိုက်အတွန်းကြောင့် သူက …
“ဒို့က ဒီလိုပါကွ၊ ဘတ်စ်ကားပေါ်ကနေ မင်းကိုမြင်တော့ ဒို့သုံးယောက်က ဆွယ်တာအရောင်နဲ့ ဒီဇိုင်းလေးက သိပ်လှ တာလို့ ပြောမိကြရင်း အဲဒီမှာ အလောင်းအစား လုပ်ဖြစ်တာ”
“ဘယ်လို … ဘယ်လို” ကျွန်တော်က အံ့အားသင့်သွားသည်။
“သြော် … အလောင်းအစားက ဒီလိုပါ” နှုတ်ခမ်းနီရဲရဲ၊ ဒေါက်ဖိနပ်မြင့်မြင့်နှင့် ကျောင်းသူက ခပ်သွက်သွက် ဝင်ပြောသည်။ “အလောင်းအစားက သူ့ကို (ကျွန်တော်သိသော စစ်ကိုင်းသူ ကျောင်းသူကို ရည်ညွှန်းပြီး) မင်း ဆွယ်တာ အင်္ကျီ သိပ်လှတာပဲလို့ ပြောရဲ၊ မပြောရဲ လောင်းကြတာလေ”
“သြော်…”
ကျွန်တော်က ရယ်မောမိ၏။
“အဲဒီတော့ နင်က မေးလေ” ဟု အိန္ဒိယနွယ် အမျိုးသမီးက ထပ်ပြော၏။ ကျွန်တော်က ခေါင်းငုံ့လိုက်သည်။ စိတ်ထဲက ထပ်ပြော၏။ ကျွန်တော် ခေါင်းငုံ့လိုက်သည်။ သူတို့ အချင်းချင်း ပြောကြသည့် အထဲက သူ့နာမည်ကို သိလိုက်ရသည်။ သြော် .. နာမည်ကိုက လူလိုပါပဲလေ၊ ရိုးပေမယ့် လှသည်၊ ကျက်သရေရှိသည်။ ကျွန်တော်ကတော့ သူ့နာမည်ကို အဖျားစွတ်ပြီး စိတ်ထဲမှာ “စိမ့်”လို့ မှတ်လိုက်သည်။ ကျွန်တော်ကြားဖူးသည့် မြို့မငြိမ်း၏ သင်္ကြန် သီချင်းတစ်ပုဒ်ထဲက “ စိမ့်စိမ့် အေးအေး ၊ အေးလေ လောင်းလေ လောင်းလေ အေးလေ ပေမို့” ဟူသောစာသားကလည်း နှုတ်ဖျားမှာ ချက်ချင်း ခိုလာသည်။ သို့သော် ထိုစာသားကလည်း စိတ်ထဲမှာပဲလေ။
“ကဲ … ကဲ မေးမယ်နော်၊ မင်းဆွယ်တာလေး သိပ်လှတာပဲ၊ ဆောင်းကျွတ်ချိန် နွေဦးပေါက် နေပူကျဲကျဲမှာအထိ ဝတ်လာတော့ မင်းသိပ်သဘောကျတဲ့ ဆွယ်တာလေး ဖြစ်မှာပေါ့” တဲ့။ ကျွန်တော့် မျက်နှာ ထူပူသွား၏။ ကျန်နှစ်ယောက်က လက်ခုပ်တီး ပြီး အားပါးတရ ရယ်မောကြသည်။ “ဒို့နိုင်ပြီကွ၊ ဒို့နိုင်ပြီကွ” ဟုလည်း ဆို၏။ ကျွန်တော်က နားမလည်စွာဖြင့် “ဟင် … သူက မေးရဲတော့ အစ်မတို့ ရှုံးတာ မဟုတ်ဘူးလား၊ ဘာလို့ နိုင်တာလဲ” ဟူသော အပြောမှာ …
“မဟုတ်ဘူးလေ၊ မမတို့ လောင်းတာက သူက မမေးရဲရင် မင်းကို စိမ့်စိမ့်အေး က မုန့်ကျွေးမယ်၊ သူက မေးရဲရင် မမတို့ကို မင်း က …”
ကျွန်တော်က ခေါင်းရမ်းပြီး သဘောကျစွာ ရယ်မောရင်း …
“အို … ထူးထူးဆန်းဆန်း လောင်းကြေးပါလား၊ ကိုင်း … ဒီတော့ ကျွန်တော်ရှုံးတဲ့အတွက်”
ဘယ်ရမလဲ၊ သူတို့ကလည်း ဒီလိုလောင်းရဲတော့ ကျွန်တော်ကလည်း ရုတ်ခြည်း အကြံထွက်လာ၏။ လွယ်ထားသော လွယ်ထားသော လွယ်အိတ်လေးထဲက ဓာတုဗေဒစာအုပ်ကြား က ပိုစကတ်လေး တစ်ခုကို အသာအယာ ယူပြီး …
“ကျွန်တော် ရှုံးတဲ့အတွက် ဒီက မမစိမ့်ကို ကျွန်တော် ပန်းပေးပါတယ်နော်” ဟု ဆိုကာ ပို့စကတ်လေးအပေး၊ အံ့အားတသင့်ဖြင့် လက်လှမ်းယူပြီး သုံးယောက်သား နှုတ်ခမ်းလေးတွေ ဝိုင်းသွားကာ ဘာစကားမှ မထွက်နိုင်ခင် ကျွန်တော်လည်း ခပ်သွက်သွက် ထွက်ပြေးကာ စက်ဘီးစတင်းမှ စက်ဘီးယူပြီး အိမ်သို့ ပြန်ပြေးခဲ့ပါ၏။ အိမ်ရောက်တော့ ချွေးတွေ နစ်လို့။
ဆူးငှက်
