စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ စိန်ပန်းပင်ချောင်းမှာ မနေ့ စက်တင်ဘာ ၁၃ ရက်ည ၁၁ နာရီဝန်းကျင်က ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေပါသွားတယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။
” အနောက်ပိုင်းဘက်မှာ ပစ်ခတ်သံတွေတော့ ညက ကြားရတယ် ၊ ဒီမနက်တော့ သတင်းကြားရတာက လုံခြုံရေးတပ်ဖွဲ့တွေ သေဆုံးတယ်လို့ သိရပြီး လက်နက်ခဲယမ်းတွေလည်း ပါသွားတယ် ” လို့ ဒီပဲယင်းမြို့ခံတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညကဖြစ်စဥ်မှာ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်တွေကို အလစ်အငိုက် ချောင်းမြှောင်းဝင်ဖမ်းပြီး သတ်ခံရတာဖြစ်တယ် ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးပါသွားတယ် ၊ ရဲတပ်သား ၁ ယောက်လည်း ပျောက်နေတယ် ၊ သူတို့ကို မြို့အထွက် တံတားပေါ်မှာ ခေါင်းဖြတ်သတ်သွားတယ်”လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့ နီးစပ်သူတယောက်ကလည်း ” ညကဖြစ်တာပါ ၊ လက်ခဲယမ်းတွေပါသွားတယ် ၊ MA – 1 သေနတ် ၁ လက် ၊ ကာဘိုင်သေနတ် ၁ လက် ၊ BA ၆၃ သေနတ် ၁ လက်နဲ့ 79 ၁ လက်အပြင် ခဲယမ်းတွေ ပါသွားတယ် “လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်က ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီးရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ မူးကမ်းကြီးကနေ ဒီပဲယင်းမြို့ကိုအသွား မူးဘောင်လမ်းနားမှာ အသတ်ခံရတာ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာမှာနေတဲ့ ရဲမိသားစုဝင် လင်မယား ၂ ယောက် အသတ်ခံရတာဖြစ်ခဲ့ပါတယ်။
မနေ့ ညနေပိုင်းကလည်း စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူကျေးရွာမှာ မန္တလေး တံတားဦး လေဆိပ်တာဝန်ကျ ဒုရဲအုပ် လင်မယား အသတ်ခံရတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းရဲ့ မြို့နယ်တွေမှာ ထိတွေ့ပစ်ခတ်မှုတွေကြောင့် ရဲ ၂၀၀ နီးပါး သေဆုံးပြီး၊ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဒီပဲယင်း