စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ စိန်ကုန်းတိုက်နယ် ၊ သာစည်ရပ်ကွက်မှာရှိတဲ့ ” ရင်သွေးရတနာ ” ကိုယ်ပိုင်ကျောင်းကို မနေ့ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ချိပ်ပိတ် သိမ်းဆည်းလိုက်တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
” စက်တင်ဘာ ၂၁ ရက်က ရင်သွေးရတနာ ကိုယ်ပိုင်ကျောင်း ပိုင်ရှင် ဆရာမကြီး ဒေါ်ထားထားဦးကို ဖမ်းသွားတယ် ၊ ဘာအမှုကိစ္စနဲ့တော့ မသိရသေးဘူး ၊ သူ့ကိုယ်ဖမ်းသွားပြီး နောက်တနေ့ စက်တင်ဘာ၂၂ ရက်နေ့မှာ ဆရာမကြီးပိုင်တဲ့ ကျောင်းကို သက်ဆိုင်ရာက လာရောက်ချိပ်ပိတ် သိမ်းဆည်းသွားတာဖြစ်တယ် ” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦး ဆိုသူဟာ ဝန်ထမ်းတွေကို CDM ပြုလုပ်ဖို့ လှုံ့ဆော်တာကို စီစစ်တေွ့ရှိရတယ် ၊ ဒါ့အပြင် NUG က ဖွင့်ထားတဲ့ Sagaing Fedral School အွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးတဲ့ကိစ္စတွေ ပေါ်ပေါက်တယ် ၊ အဲ့ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၁ ရက်က သူ့ကိုဖမ်းတယ် ၊ အဲ့ဒီ အမှုကို စစ်ကိုင်းမြို့မရဲစခန်းက (ပ)၂၁၄/၂ဝ၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်အရေးယူထားတာဖြစ်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက ကိုယ်အထက်တန်းကျောင်း ၊ ဟိုတယ် လုပ်ငန်း ၊ တံဆိပ်ရိုက်လုပ်ငန်း ၊ ပုဂ္ဂလိက ဆေးရုံ စတဲ့ လုပ်ငန်းတွေအပြင် နေအိမ်အဆောက်ဦးပေါင်း ၃၀၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #စစ်ကိုင်း