မေ ၂၉၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းက တောင်ကုန်းတောင်တန်းတွေ ဝန်းရံထားတဲ့ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စုထဲက “ဗန်ငူးကျေးရွာ” ဟာ မြန်မာ – တရုတ် ကုန်သွယ်ရေး လမ်းမကြီးရဲ့ အနီးအနားမှာ ရှိပေမယ့် လက်ရှိအချိန်မှာတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်လုနီးပါး ဆက်သွယ်ရေး အခက်အခဲတွေကို အလူးအလဲ ခံစားနေရပါတယ်။
ဗန်ငူးကျေးရွာဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကတင် ပြင်းထန်တဲ့ မိုးသီးဒဏ်ကြောင့် အိမ်ခြေ ၂၀၀ နီးပါး အမိုးတွေ ပေါက်ပြဲပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရတဲ့အပြင် အဓိက အသက်သွေးကြောဖြစ်တဲ့ ဖုန်း၊ အင်တာနက်လိုင်းတွေ ခက်ခဲပြီး လျှပ်စစ်မီးတွေပါ မရှိတာဖြစ်ပါတယ်။
မတ်လကတည်းက ကျရောက်ခဲ့တဲ့ မိုးသီးဒဏ်ကြောင့် လက်ရှိအချိန်အထိ နေအိမ်ခေါင်မိုးတွေကို ပြန်မပြင်နိုင်သေးဘဲ ခက်ခဲစွာ ရုန်းကန်နေရတဲ့အခြေအနေကို ဒေသခံ အမျိုးသမီး တယောက်က အခုလို ပြောပြပါတယ်။
“မိုးသီး ကျလို့ နေအိမ်ခေါင်မိုးတွေ အကုန်ပေါက်ကုန်တယ်။ အခုထိ မလဲနိုင်သေးဘူး။ မိုးသီးဒဏ်ကြောင့် သွပ်တွေ ပေါက်ကုန်တော့ သက်ကယ်ပဲ ပြန်မိုးဖို့ သက်ကယ်တွေ ရိတ်ပြီး စုဆောင်းနေတယ်။ သက်ကယ်ကျတော့ မိုးသီးဒဏ် ခံနိုင်တယ်လေ။”
ဒီရင်ဖွင့်ချက်အရ ရွာသားတွေဟာ စီးပွားရေးကျပ်တည်းမှုနဲ့ ဆက်သွယ်ရေး ခက်ခဲပြီး အကူအညီမရတာကြောင့် ပေါက်ပြဲသွားတဲ့ သွပ်မိုးတွေကို အသစ်မလဲနိုင်ကြတော့ဘဲ ရှေးရိုးရာအတိုင်း သဘာဝသက်ကယ်မိုးခေါင်မိုးတွေအဖြစ် ပြန်ပြောင်းဖို့ တောထဲမှာ သက်ကယ်ရိတ်ပြီး ခက်ခဲစွာ စုဆောင်းနေကြရတယ်လို့ သူက ပြောပါတယ်။
တဖက်မှာလည်း ဗန်ငူးရွာရဲ့ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရွာခံတယောက်က အခုလို ရှင်းပြပါတယ်။
“ကျမတို့ရွာက ဖုန်းလိုင်းလည်း အဆင်မပြေဘူး။ အင်တာနက်လည်း လိုင်းမိတဲ့ နေရာ တောစပ်ဘက် သွားသုံးရတယ်။ ဒီရွာကို ဟိုး အရင်တုန်းက ဒေသ အာဏာပိုင်တွေ တမင်သပ်သပ် ဖုန်းလိုင်း မထားပေးတာလို့ ယူဆရတယ်။ ကောင်းခါးရွာနဲ့ အတော်နီးနေတာပဲ။ ကောင်းခါးရွာကျတော့ လျှပ်စစ်မီးရော ဖုန်း၊ အင်တာနက်လိုင်းတွေရော ကောင်းကောင်းရနေတာပဲ။” လို့ သူက ပြောပြပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဗန်ငူးရွာဟာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ကောင်းမွန်စွာရရှိနေတဲ့ ကောင်းခါးကျေးရွာနဲ့ အလွန်နီးကပ်စွာ တည်ရှနေပေမယ့်လည်း အခြေခံအဆောက်အအုံတွေ တမင်ချန်လှပ် ဖြတ်တောက်ခံထားရတယ်လို့ ယူဆရပြီး လက်ရှိမှာ ရွာတွင်းမှာ ဖုန်းပြောဖို့နဲ့ အင်တာနက် သုံးနိုင်ဖို့အတွက် လိုင်းမိမယ့် တောစပ်တွေ၊ တောင်ကုန်းတွေပေါ်အထိ ကိုယ်တိုင် သွားရောက် ရှာဖွေရတဲ့အထိ ဒုက္ခရောက်နေကြရတာလို့ ဆိုပါတယ်။
တကယ်တော့ ဗန်ငူးကျေးရွာဟာ ဖွံ့ဖြိုးရေး လမ်းစပွင့်ခါနီးမှ စစ်မီးဒဏ်ကြောင့် နောက်ပြန်ဆွဲခံလိုက်ရတဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ပတ်သက်ပြီး ဒေသခံနောက်တယောက်က အခုလို ရှင်းပြပါတယ်။
“အရင်တုန်းက ၁၀၂၇ စစ်ဆင်ရေး မဖြစ်ခင်တုန်းကတော့ အစိုးရက ဖုန်းလိုင်းတွေဆွဲဖို့၊ လမ်းတွေလုပ်ဖို့ အကုန်လုံး ရထားပြီးသား ဟုတ်တယ်။ တိုက်ပွဲ ဖြစ်သွားတော့ ဘာမှ လုပ်လို့ မရတော့တာ။” လို့သူက ပြောပါတယ်။
စစ်ဆင်ရေးကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေ အားလုံး ရပ်ဆိုင်းသွားခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေပါ ပျက်စီးပြတ်တောက်မှု ဒဏ်ကို ဒီနေ့အထိ ဒေသခံတွေ ခါးစည်းခံနေရတာ ဖြစ်ပါတယ်။
ဗန်ငူးရွာရဲ့ အဓိက လူမှုစီးပွားဘဝဟာ စိုက်ပျိုးရေးအပေါ်မှာပဲ မှီခိုနေရတာ ဖြစ်ပြီး တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ရေအရင်းအမြစ် ရှားပါးမှုဒဏ်ကိုလည်း ကြုံတွေ့နေရပါတယ်။
“စိုက်ပျိုးရေးကတော့ ရေမရှိတဲ့အတွက် လယ်တွေ လုပ်လို့ မရဘူး။ ယာခင်းပဲ လုပ်လို့ ရတယ်။ စပါးတွေလည်း တောင်ယာစပါးပဲ စိုက်လို့ရတယ်။ ပြောင်းစိုက်တယ်။ လဖက်ရှိတယ်။ လဖက်ကတော့ ရွက်သေးအမျိုးအစားပေါ့။ နှစ် ၁၀၀ နဲ့ အထက် သက်တမ်းရှိတဲ့ လဖက်က အစိမ်း တပိဿာ ကျပ် တစ်သောင်း ရတယ်။ သက်တမ်းနုသေးတဲ့ လဖက်တွေကျတော့ အစိမ်း တပိဿာ ၂၅၀၀ ကျပ်ပဲရတယ်။ ဘိုးဘေးတွေ စိုက်ထားတဲ့ နှစ်ရာချီသက်တမ်းရှိတဲ့ လဖက်တွေက သိပ်မများဘူး။” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ဆိုပါတယ်။
ရေမရတဲ့အတွက် စပါးကို ရေလွှတ်စိုက်ပျိုးနိုင်ခြင်း မရှိဘဲ မိုးရေကိုပဲ အားကိုးရတဲ့ တောင်ယာစပါးနဲ့ ပြောင်းဖူးကိုသာ အဓိက စိုက်ပျိုးကြရပါတယ်။ ဒါပေမယ့် ဗန်ငူးရွာမှာ ဘိုးဘွားပိုင် အမွေအနှစ်အဖြစ် ဂုဏ်ယူစရာ အဖိုးတန် လက်ဖက်ခြံအချို့ ရှိနေပါသေးတယ်။ ဘိုးဘေးတွေ လက်ထက်ကတည်းက စိုက်ပျိုးခဲ့တဲ့ သက်တမ်း နှစ် ၁၀၀ ကျော် အဖိုးတန် လက်ဖက်ပင်တွေဟာ လက်ရှိမှာ ကျပ်တစ်သောင်းအထိ ဈေးကောင်းရနေပေမယ့် အပင်အရေအတွက် နည်းပါးနေပြီး သက်တမ်းနုတဲ့ လက်ဖက်တွေကတော့ ၂,၅၀၀ ကျပ်ပဲ ရရှိပြီး ဈေးနှိမ်ခံနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဗန်ငူးကျေးရွာ နောက်ခံအခြေအနေကို ကြည့်မယ်ဆိုရင် စုစုပေါင်းအိမ်ခြေ ၁၀၀ ကျော်၊ ၂၀၀ ဝန်းကျင်ခန့် ရှိပြီး၊ ကချင် (ဂျင်းဖော) လူမျိုးနဲ့ ရှမ်းလူမျိုးစုတွေ အဓိက မှီတင်းနေထိုင်ကြတဲ့ ရွာတရွာ ဖြစ်ပါတယ်။ ဒေသခံအများစုဟာ ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာတို့ကို ကိုးကွယ်ကြပြီး အေးချမ်းစွာ နေထိုင်လိုကြသူတွေ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ဗန်ငူးရွာသားတွေဟာ ဘေးပတ်ပတ်လည်မှာ မြေမြှုပ်မိုင်း အန္တရာယ်တွေ၊ စစ်ရေးတင်းမာမှုတွေ ကြားကပဲ မိသားစုဝမ်းရေးအတွက် တောင်ယာခင်းတွေနဲ့ လက်ဖက်ခြံတွေကို စိုးရိမ်စိတ်တွေနဲ့ လုပ်ကိုင်စားသောက်နေကြရတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လက မိုးသီးဒဏ်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ပြန်လည်ထူထောင်ရေး အကူအညီတွေ လိုအပ်နေပေမယ့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီး မရှိသေးတာကြောင့် ပြင်ပက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ချက်ဆက်ဖို့ အလွန် ခက်ခဲနေပါတယ်။
ဒါကြောင့် ကွတ်ခိုင်မြို့နယ် ဗန်ငူးကျေးရွာက ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပြန်လည် နာလန်ထူနိုင်ဖို့နဲ့ ဘေးအန္တရာယ် ကြုံတွေ့ရချိန် အချိန်နဲ့တပြေးညီ အကူအညီ တောင်းခံနိုင်ဖို့အတွက် ဖုန်းလိုင်း၊ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကို ရရှိနိုင်ဖို့ ဒေသခံတွေက မျှော်လင့်တောင့်တနေကြရပါတယ်။
Photo: Shy V (VOM) တောအစပ်မှာ အင်တာနက်လာသုံးနေတဲ့ ဒေသခံများ
