ဆူးငှက်
စက်ဘီး လေရှိလား၊ စက်ဘီးပေါက်နေလား
————————————————–
ပညာရပ်ဟူသည်မှာ ထိုပညာရပ်ကို သင်ကြားသော်လည်း ထိုပညာရပ်အား အိတ်သွန်ဖာမှောက် မရနိုင်သော်မှ ထိုပညာရပ်နှင့် ဆက်နွယ်သော အမြော်အမြင် အကြံအဆ အတွေးအခေါ်များကလည်း ဘဝကို အကျိုးပြုစေပါသည်။ ကျွန်တော်သည် ဦးကြီးလှတင်နှင့် ကိုကျော်ဝင်းတို့ထံက ဓာတ်ပုံပညာကို အောင်မှတ်အဆင့်နှင့်ပင် မအောင်မြင်ခဲ့ပါ။ သို့သော် လှဂုဏ်ရည်တွင် မကြာလိုက်သော အချိန်အတွင်း ဆည်းပူးလိုက်ရသည်က ဓာတ်ပုံပညာထက် အမြော်အမြင် နှင့် အကြံအဆ အတွေးအခေါ်များဖြစ်သည်။
လှဂုဏ်ရည်တွင် ထိုစဉ်က စက်ဘီး ၃စီးရှိသည်။ ဟန်းဘား ယောက်ျားစီး စက်ဘီး ၂စီးနှင့် မိန်းမစီးစက်ဘီး ၁စီးဖြစ်သည်။ ညနေ အလုပ်ပြန်ချိန်က များသောအားဖြင့် အေးအေးဆေးဆေး နားနေပြီးမှ ပြန်သည်မို့ ၆နာရီက အစောဆုံးဖြစ်သည်။ တစ်ခါတရံ ည၈နာရီလောက် ရောက်သွားသည်။ အလုပ်ပြန်ချိန်ရောက်လျှင် ထိုစက်ဘီးများကို တာယာများမှာ လေရှိမရှိ စစ်ရသည်။ အကယ်၍ လေမရှိလျှင် လေထိုး။ အကယ်၍ စက်ဘီးပေါက်လျှင် ဖာထားရသည်။ ထိုစဉ်က ညဈေးတန်းတွင် စက်ဘီးဖာဆိုင်က ည၁၁နာရီ ဝန်းကျင် ညဈေးပိတ်ချိန်အထိ ရှိသည်။
အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က အရုဏ် ဆွမ်းကျွေး ဆွမ်းကပ်မျာက ဓာတ်ပုံရိုက်ရန် အရေးပေါ် လာခေါ်တတ်သည်။ ထို့ပြင် လှဂုဏ်ရည် ဓာတ်ပုံတိုက်နှင့် မျက်နှာချင်းဆိုင်မှာလည်း မန္တလေးက ယိုးဒယားဂတ်ဟု ခေါ်သော အမှတ်၈ရဲစခန်းရှိသည်။ ရဲစခန်းကလည်း ရာဇဝတ်မှုခင်းလို၊ ယာဉ်တိုက်မှုလို၊ မီးဘေးလို စသည်ဖြင့် ဖြစ်ပွားပါက မှတ်တမ်းဓာတ်ပုံရိုက်ရန် သန်းခေါင်သန်းလွှဲ ဖြစ်စေ အရေးပေါ် လာခေါ်တတ်သည်။ ဆွမ်းကပ်ကဖြစ်စေ၊ ဂတ်တဲကဖြစ်စေ အရေးပေါ်လာခေါ်ချိန်မှ စက်ဘီး လေလျှော့နေလို့ စက်ဘီးပေါက်နေလို့ဆိုကာ အချိန်ရွေ့လို့မရ။
လူ့အသိုင်းအဝန်းအတွင်း အနေအထိုင် အပြောအဆို အမူအကျင့်များအတွက်
———————————————————————————-
ထို့ပြင် 402 ခေါ် ကင်မရာသုံး မီးများအတွက် ဘက်ထရီများလည်း စစ်ဆေး အားသွင်းထားကာ ကင်မရာထဲမှာ ဖလင်ထည့် ထားရတာ (သို့မဟုတ်) ကင်မရာအိတ်ထဲ ဖလင်လိတ်ကို လုံလောက်စွာ ထည့်ထားရသည်။ ထိုစဉ်က အလှူ မင်္ဂလာဆောင် စသည့် ပွဲများတွင် ကိုကျော်ဝင်း နှင့် ကိုကျော်ဝင်းကြီးတို့ ဓာတ်ပုံရိုက်လျှင် အရေးပေါ်အတွက် ကင်မရာအပိုတစ်လုံးနှင့် အကူအဖြစ် လိုက်ရပါက ကင်မရာကို လက်ထဲရောက်သည်နှင့် အလွတ်မကိုင်ရ။ လွယ်ကြိုးကို ချက်ချင်းလွယ်ကာ ကင်မရာကို ရှေ့မှာပဲထားရသည်။ ဘေးစောင်းမလွယ်ရ။
အရေးပေါ် ကင်မရာ ချက်ချင်းတောင်းလျှင် မှန်ဘီလူး ကတ်ဖုံးကို အသင့် ဖွင့်ကာ ကင်မရာကို သေချာပေးရသည်။ မှန်ဘီလူး ကတ်ဖုံးကိုလည်း လက်တွင် ကိုင်မထားရဘဲ အင်္ကျီအိတ်ထဲ ထည့်ထားရသည်။ ထို့ပြင် ထိုသို့ ပွဲလမ်း ပရိသတ်များကြားတွင် နေနည်းထိုင်နည်း စားနည်း သောက်နည်းကအစ သင်ရ၏။ အဝတ်အစားသပ်ရပ်ဖို့ ဆရာတော်သံဃာတော်များရှေ့ သွားနည်းလာနည်း နေထိုင်ပုံ၊ ထမင်းစားသည်သော်မှ လက်ဖြင့်မစားဘဲ ဇွန်းခရင်းဖြင့် အဆာပြေရုံ သပ်ရပ်စွာ စားရပုံများအထိ ဂရုစိုက်ရသည်။ ထမင်းစာချိန်ကိုလည်း အလုပ်ပါးချိန် ဧည့်ရှင်းချိန်ကို ချိန်ဆကာ ခပ်သွက်သွက်စားရသည်။
အကယ်၍ အလှူများရိုက်ရလျှင် မနက် ၄နာရီ အရုဏ်ဆွမ်းမှသည် ဧည့်ခံအထိ ဆက်တိုက်မနားရဘဲ ရိုက်ရသောအခါ နေ့လယ် ဘိသိက်ခန်းရောက်လျှင် ပန်းပြီး မျက်လုံးက မှေးချင်လာသည်။ ဘိသိက်ခန်းကိုလည်း သမားစဉ်အစီအစဉ်ကို သိထားရသည်။ ထိုစဉ်က ဓာတ်ပုံဆိုတော့ အချိန်ပြည့် ရိုက်စရာမလို။ ကန်တော့ခန်းမှာပင် ဘုရားကန်တော့ခန်းနှင့် မိဘ ဆွေမျိုး ကန်တော့ခန်းတွေက အရေးကြီးသည်။ ထိုအထဲမှ ရှင်လောင်းများလျှင် များသည့်အလျှောက် အရေးပါသည့် ရှင်လောင်းလည်း မလွတ်ရအောင် လူလည်းစုံအောင် ရိုက်ပြီး ဘိသိက် ဆရာ၏ အပြောအဟော အဆို အပြောများတွင် များများရိုက်ရန်မလို၊ ထိုအချန်တွင် မသိမသာ ခိုး၍ မှေးနိုင်သည်။ ဘိသိက် က နာရီဝက်လောက် ပြောဟောဆိုပြီး ချည်မန်းကွင်းစွပ်တာ မင်္ဂလာထမင်းဟင်းခွံ့တာရောက်မှ ပြန်ရိုက်နိုင်သည်။
ထို့ပြင် ဘယ်ဘိသိက် ဆရာ ဆိုလျှင် ထိုအခန်းကို ဘယ်လောက် အချိန်ယူသလဲ ဆိုသည်ကအစ မှတ်ရ၏။ သို့မှသာ ကိုယ် မှေးရမည့် အချိန်ကို ကြိုတွက်ထားနိုင်သည်။ ထိုစဉ်က နာမည်ကြီးဘိသိက်ဆရာများမှာ ရွှေမန်းအောင်ကြည်၊ ရွှေမန်းညွန့်လှိုင်၊ မြို့တော်တင်မောင်၊ အေဝမ်းခင်မောင်၊ ခေတ်သစ်တင် စသူတို့ဖြစ်သည်။ ထို့ပြင် တရားဟော ရေစက်ချ ဆရာတော်များ၏ တရား အတို အရှည်များကိုလည်း လေ့လာမှတ်သားရသည်။ ပထမ သီလယူပြီး တရားဟောမည်။ ပြီးမှ ရေစက်ချမည်။ ရေစက်ချသည့်အခါ ဓာတ်ပုံက အရေးကြီးသည်။ ထိုအချိန် အဆင်သင့် ဖြစ်နေရမည်။ ကင်မရာထဲ ဖလင် ဘယ်နှကွက်ကျန်မလဲ၊ လောက်ငှ ဖူလုံနိုင်ရဲ့လား၊ မလောက်လျှင် ဖလင်အသစ် ထည့်ရမည် စသည်ဖြင့် မှတ်သားရသည်။
ထို အချက်အလက်များက ဓာတ်ပုံပညာထက် နောင်အချိန်တွင် လူ့အသိုင်းအဝန်းအတွင်း အနေအထိုင် အပြောအဆို အမူအကျင့်များအတွက် လေ့ကျင့်ခန်းများ ဖြစ်ခဲ့သည်။ အထူးသဖြင့် လူ့အသိုင်းအဝန်း၏ တန်ဖိုးအလိုက် ပြုမူနေထိုင်ရမှု အလေ့အကျင့်ကောင်းများ ဖြစ်ခဲ့သည်။ ဘယ်အရာမှ လက်လွတ်စပယ် မသုံးသပ်ဘဲ အရာရာ ချင့်ချိန်ပြီးမှ သုံးသပ် ဆုံးဖြတ်လာနိုင်သလို အကျိုးအပြစ်များထိ ကြိုတင်မှန်ဆနိုင်လာသည်။
ဘွဲ့နှင်းသဘင်နှင့် ဘွဲ့ဓာတ်ပုံ
————————————-
ဤသို့ဖြင့် လှဂုဏ်ရည်တွင် ဦးကြီးဦးလှတင်နှင့် ကိုကျော်ဝင်းတို့၏ အသင်အကြားအောက်တွင် နေထိုင်ရင်း ထိုစဉ်က မန္တလေးတက္ကသိုလ်၏ ဘွဲ့နှင်းဘဘင်များ၏ ဓာတ်ပုံရိုက်ကူးခွင့်ကို တင်ဒါစံနစ်ဖြင့် ခေါ်ယူသောအခါ ကိုကျော်ဝင်းက အခြားဓာတ်ပုံဆရာနှင့် အတူ တင်ဒါအောင်သည်။ ထို့ကြောင့် ထိုဘွဲ့နှင်းသဘင်တွင် ဘွဲ့နှင်းသဘင် ခန်းမအတွင်းတွင်ရော ကျောင်းဝင်းအတွင်း အောက်ဒိုး ဓာတ်ပုံများ ရိုက်ကူးနိုင်ရေး ကြိုတင် ပြင်ဆင်ရတော့သည်။ ထို့ပြင် အိမ်က စတူဒီယိုကိုလည်း တစ်ဦးချင်းဘွဲ့ပုံ၊ မိသားစု ဘွဲ့ပုံများ ရိုက်ကူးနိုင်ရန်လည်း မီးလုံးမီးမောင်းများ၊ နောက်ခံများ၊ ပရိဘောဂများ၊ ဘွဲ့ဝတ်စုံများနှင့် ဘာသာရပ်အလိုက် ပုခုံးအုပ် များအထိ တိုးချဲ့ ပြင်ဆင်ရသည်။
ထိုအခါ တစ်ဦးချင်းဘွဲ့ပုံများ ရိုက်ကူးရန် မီးအနေအထား စမ်းသပ်သောအခါ ကျွန်တော်က ဘွဲ့ဝတ်စုံ ဘွဲ့ခေါင်းဆောင်းဦးထုပ်များ ဆောင်းပြီး မော်ဒယ် ထိုင်ပေးရ၏။ ထိုပုံများကိုရိုက်ကူးပြီး ပုံကူးကြည့်ကာ မီးအလျော့အတင်း ပြင်ဆင်ရသည်။ ဤသို့ဖြင့် ထိုနှစ်ဘွဲ့နှင်းသဘင်က လှဂုဏ်ကိုကျော်ဝင်းနှင့် အဖွဲ့က ဓာတ်ပုံရိုက်ကူးခွင့်ရခဲ့ရာ ကျွန်တော်က ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကိုကျော်ဝင်းနောက်မှ ကင်မရာများအတွင်း ဖလင်ထည့်၊ ရှေ့ကရိုက်သည့် ကင်မရာက ဖလင်ကုန်လျှင် ယူပြီး ဖလင်သစ်ထည့်ထားသည့် ကင်မရာကိုပေး၊ ဖလင်ကုန်သည့် ကင်မရာထဲက ရိုက်ပြီး ဖလင်လိတ်ထုတ်ကာ နံပတ်မှတ်သိမ်း၊
ထိုကင်မရာထဲ ဖလင်လိတ်အသစ် ထပ်ထည့် အသင့်ကိုင်ထား၊ အားကုန်သည့် ဘက်ထရီ အားဖြည့်၊ အားပြည့်ပြီး ဘက်ထရီ နှင့် အမြန်လဲ စသည့် အလုပ်များကို တာဝန်ယူရသည်။ ဒီအလုပ်ကလည်း သွက်လက်မှု၊ အကင်းပါးမှုနှင့် အမှားအယွင်းမရှိစေရန် အရေးကြီးသည်။ ဖလင်ကုန်နေလို့၊ ဘက်ထရီအားကုန်နေလို့ ကင်မရာ ဖောက်သွားလို့ ဘွဲ့ပေးတာ ခဏရပ်ထားပေးပါဦး လုပ်လို့မရချေ။ ရဟာဆယ်နေ့ကတည်းက ဘွဲ့ယူသူ ခြေလှမ်း၊ တစ်ယောက်နှင့် တစ်ယောက်ကြား ကြာချိန် စသည်တို့ကို မှတ်သား တွက်ချက်ထားရသည်။
ထိုစဉ်ဘွဲ့နှင်းသဘင်အတွင်း ဓာတ်ပုံရိုက်ရသည်မှာ အလွန်ပင်ပန်းသလို အတွေ့အကြုံနှင့် ပညာလည်း လိုသည်။ ကင်မရာ စပိအပါချာ၊ ဘက်ထရီများ ပုံမှန်အဆင်သင့်၊ ဖလင်သစ် ထည့်၊ ဖလင်ဟောင်းထုတ် နံပတ်နှင့် သင်္ကေတမှတ် စသည်ဖြင့် အမှားအယွင်းမရှိအောင် ဆောင်ရွက်ရသည့် အပြင် ပုံမပျက်စေဘဲ ပုံကောင်းဖို့လည်း တာဝန်ယူရသည်။ တကယ်တော့ ဘွဲ့နှင်းသဘင် စင်မြင့်အောက်က ချွေးပျံကာ အမှားအယွင်းမရှိအောင် ကျွန်တော်က အလုပ်လုပ်နေရစဉ် စင်မြင့်ပေါ်တွင် ဝတ်ရုံတော်ဘွဲ့ကြိုးနှင့် ခံ့ညား ကျက်သရေရှိစွာ ဘွဲ့ယူနေကြသူများက ကျွန်တော့် သူငယ်ချင်းများ ဖြစ်ကြပါ၏။ ထိုနှစ် ၁၀ကြိမ်မြောက် ဘွဲ့နှင်းသဘင်က ကျွန်တော်တို့နှစ်၏ ဘွဲ့နှင်းသဘင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ ဘွဲ့နှင်းသဘင်လည်း မတက်ရောက်ဖူးပါ၊ အဝေးရောက်ဘွဲ့သာ ယူခဲ့ရပြီး ဘွဲ့ဝတ်စုံနှင့် ဓာတ်ပုံကိုပင် လှဂုဏ်ရည် စတူဒီယို ပြင်စဉ်စဉ် အစမ်းရိုက်ထားသော ဆံပင်ရှည် နှုတ်ခမ်းမွှေးနှင့် ဘွဲ့ဓာတ်ပုံသာ ရှိပါကြောင်း။
ဓာတ်ပုံဆရာ အကူအဖြစ် အတွေ့အကြုံများပြီ
————————————————
လှဂုဏ်ရည်က ဘွဲ့နှင်းသဘင်ကို မန္တလေးတက္ကသိုလ်တွင်သာမက မန္တလေးဆေးတက္ကသိုလ်တွင်လည်း ရိုက်ကူးရသည်။ ထို့ပြင် အထက်တန်းကျောင်းကြီးများ၏ နှစ်ပတ်လည် ဆုနှင်းသဘင် ပွဲများတွင်လည်း ရိုက်ရသည်။ ထို့ကြောင့် ဖလင်လိတ် အသစ်ထည့် အဟောင်းထုတ် နံပတ်မှတ် စသော အလုပ်နှင့် ဘက်ထရီများ အလျင်မီရေး ထောက်ပို့ ကိစ္စတွင် အတော် ကျွမ်းကျင်နေပါပြီ။ အလုပ်က ပုံမှန် ဖျတ်လပ်မှုတွင်သာမက အကင်းပါးဖို့လည်း လိုအပ်ပါသည်။ ပုံမှန်ရိုက်နေရင်း ဖလင်လိတ်က အထစ်အငေါ့ဖြစ်သွားသလား ဆိုသည်ကိုလည်း ရှေ့က ရိုက်သူကို အရိပ်အကဲကြည့်နေရသည်။
ထို့ပြင် ဖလင်လိတ်အသစ် ထည့်ရင်းလည်း ချိန်ထားသော စပိအပါချာတွေ ပြန်စစ်ပေးရသည်။ ထို့အတူ ဘက်ထရီကလည်း ပုံမှန်မီးပွင့်ရဲ့လား ဆိုတာ ဘေးက မျက်ခြည်ပြတ်မခံ ကြည့်ပေးရသည်။ ဤသို့ဖြင့် ဘွဲ့နှင်းသဘင်တွေ၊ ကျောင်းဆုပေးပွဲတွေ သာမက အလှူတွေ မင်္ဂလာဆောင်တွေပါ ကိုကျော်ဝင်း နောက်က လိုက်ရတော့ ကိုယ်တိုင်လည်း ကင်မရာကိုင်၍ ရိုက်ချင်လာသည်။ သို့သော် ရိုက်ကူးခွင့် မကြုံသေး။
ပုံကူးခန်း အတွေ့အကြုံတွေ
——————————–
ကင်မရာမကိုင်ရသေးသော်လည်း အမှောင်ခန်းအတွင်း ကိုကျော်ဝင်းကြီးနှင့် မှတ်ပုံတင် ပတ်စပို့ကူးတာ၊ ညပိုင်းတွင် ကိုကျော်ဝင်းနှင့် ပွဲရိုက်ပုံများ ကူးတာချဲ့တာတွေလည်း အတူပါဝင်ရတော့ ပုံကူးခြင်းကို အတော်အသင့် တီးမိခေါက်မိနေပါပြီ။ ကိုကျော်ဝင်းကလည်း အမေုှာင်ခန်းထဲမှာ ပုံကူးရင်း ဖလင်အထူအပါးအလိုက် မီးပေးသည့် အချိန်အဆ၊ သုံးစွဲသည့် ပုံကူးဆေး ပုံကူးသည့် အချိန်အတိုးအလျော့နှင့် အမှောင်ခန်း မီးနီတွင် ပုံအနေအထားကို ကြည့်တတ်အောင်လည်း ကူးရင်း သင်ပေးသည်။ ထိုမျှသာမက ပုံအဖြတ်အတောက်နှင့် အယူအဆများကိုလည်း ရှင်းပြသည်။ ထို့ပြင် ထိုစဉ်က လှဂုဏ်ရည်တွင် ပြိုင်ပွဲဝင် ဓာတ်ပုံများကိုလည်း ဖလင်ဆေးပေး ကူးချဲ့ပေးရသည်။ ထိုစဉ်ကာလကလည်း ပြည်တွင်းက လစဉ်ကျင်းပသည့် မြဝတီကဲ့သို့ ဓာတ်ပုံပြိုင်ပွဲများသာမက ပြည်ပပြိုင်ပွဲများလည်း ရှိသောကြောင့် ပြိုင်ပွဲဝင်ပုံများ ဆေးရကူးရသည်မှာ နေ့စဉ်နီးပါးရှိသည်။
တကယ်တော့ ဦးကြီးဦးလှတင် လက်ထက် ကတည်းက မန္တလေးက ဓားတန်းဦးသန့်ကဲ့သို့သော နာမည်ကျော် ဓာတ်ပုံဆရာကြီးများ၏ ဖလင်များ ဓာတ်ပုံများကို လှဂုဏ်ရည်ကပဲ ဆေးပေး ကူးပေးရသည်။ ထို့ကြောင့် နောက်ပိုင်း ဓာတ်ပုံဆရာများကလည်း လှဂုဏ်ရည်မှာပဲ ဆေးကြကူးကြသည်။ လှဂုဏ်ရည်က ဖလင်ဆေးနှင့် ဓာတ်ပုံကူးဆေးများတွင် ရှေးကတည်းက နာမည်ကျော်သည်။ ထိုဆေးများကိုလည်း ဆေးတစ်မျိုးချင်းအလိုက် ကိုယ်ပိုင်ဖော်မြူလာဖြင့် ကိုယ်တိုင်စပ်သည်။ ထို့ကြောင့် လှဂုဏ်ရည်က ဆေးသော ဖလင်နှင့် ကူးသောဓာတ်ပုံသည် သိသာစွာ အရည်အချင်းကောင်းသည်။ ထို့ကြောင့် ဓာတ်ပုံပဂေးကြီး ဦးသန့်ကပင် လက်မလွှတ်ခဲ့ပေ။
လှဂုဏ်ရည်နှင့် ဓာတ်ပုံဆရာများ
————————————–
ကျွန်တော် ပညာသင်သောအချိန်တွင် ပြိုင်ပွဲဝင် ဓာတ်ပုံများ ဖလင်ဆေး ကူးချဲ့ကြသည့် ဆရာကြီးများမှာ ဦးချစ်ဝိန်၊ ဦးစိန်မြင့်(မိတ္ထီလာ)၊ ငွေလှိုင်းမောင်မောင်လေး၊ မိုးကုတ်စိုးဌေး၊ သဘာဝမောင်သောင်း၊ ဆရာဇေမောင်သိန်း၊ စစ်ကိုင်းစိုးကြည်ဝင်း၊ ဦးကျော်မောင်(တွင်ခုံ) စသူတို့ဖြစ်သည်။ မနက်လင်းသည်နှင့် ဆရာဦးချစ်ဝိန်က စက်ဘီးလေးနှင့် ရောက်လာကာ မနေ့ညနေက သူအပ်ထားသော ဖလင်လိတ်များ ဆေးပြီး၍ အမှောင်ခန်းပေါက်မှာ ချိတ်ထားသည်ကို တစ်ကွက်ချင်း ကြည့်နေသည်။
သူ ဖလင်လိတ်ကြည့်နေပုံက ဖလင်ကိုမမြင်ဖူးသည့် အာဖရိက တောတွင်းသားတစ်ဦးက ဖလင်ကွက်များကို တအံ့တသြ သည်းကြီးမည်းကြီး ကြည့်နေပုံမျိုး ဖြစ်သည်။ မကြာမီ ဦးစိန်မြင့်(မိတ္ထီလာ) က အိတ်ကြီးလွယ်ကာ ရောက်လာသည်။ အစောဆုံးရောက်လာသည့် ထိုဆရာ၂ပါးက ခဏနေလျှင် ဓာတ်ပုံနှင့် ပတ်သက်ပြီး ငြင်းကြခုန်ကြတော့သည်။ ထိုဆရာ၂ပါးကား သူတို့ဘဝတွင် ဓာတ်ပုံကလွဲ၍ ဘာမှ မရှိကြပုံ စိတ်မဝင်စားကြပုံမျိုး ဖြစ်သည်။ ငွေလှိုင်းမောင်မောင်လေး ကတော့ ထိုစဉ်က လှဂုဏ်ရည်၏ အိမ်သားတစ်ယောက်လိုပါပဲ။ အိပ်ချိန်ကလွဲလျှင် လှဂုဏ်ရည်မှာ အမြဲရှိနေသည်။ သဘာဝမောင်သောင်း ကတော့ လှစ်လှစ်လှစ်လှစ်နှင့် ဝင်လိုက် ထွက်လိုက်။
ဒီပလိုပါ၏ လျှို့ဝှက်ချက်
——————————-
ထိုစဉ်ကာလ ကိုကျော်ဝင်းကလည်း မြဝတီအပါအဝင် ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေမှာ ဆုကြီးတွေ ချိတ်နေသည်။ အိမ်အလုပ်တစ်ဘက်နှင့် ပြိုင်ပွဲတွေလည်း လက်မလွှတ်ခဲ့ပေ။ ထိုသို့ လှဂုဏ်ရည်တွင် ဖလင်ဆေး၊ ပုံကူး အလုပ်များ မနားရသောအခါ ဖလင်ဆေး ပုံကူး ဒီပလိုပါဆေးများ၊ ပုံချုပ် ဟိုက်ပိုဆေးများ အလျင်မီအောင် စပ်ဖို့ ကိုကျော်ဝင်းက ကျွန်တော့်ကို ဆေးစပ်နည်းများ သင်ပေးသည်။ လှဂုဏ်ရည်၏ အရှေ့ဖက်အမှောင်ခန်းတွင် တံခါးပိတ်၍ ဆေးစပ်ရသည်။ ကိုကျော်ဝင်းက ကင်မကယ် တစ်မျိုးချင်းအလိုက် ဓာတုဗေဒ အခေါ်အဝေါ်နှင့် အာနိသင်များကို ရှင်းပြသည်။ ထို့နောက် ဆေးစပ်ပုံ အဆင့်ဆင့်ကို ဂရိမ်အချိန်အတွယ်နှင့် အသေးစိတ်သင်ပေးသည်။ ထို့ပြင် စပ်ရမည့် ရေအေး၊ ရေနွေး၏ အပူချိန်ဒီဂရီ၊ ဆေးတစ်မျိုးနှင့် တစ်မျိုးအကြား ဆေးစပ်ခွက်ကို ဆေးကြောရမည် ။ သို့မဟုတ် ဆေးကြောစရာမလိုဘဲ ဆက်တိုက် စပ်ရမည် ဆိုသည့် အဆင့်များလည်း သေချာမှတ်ရ၏။
တကယ်တော့ ထိုအဆင့်က တကယ့် လျှို့ဝှက်ချက်ဖြစ်သည်။ ထိုအဆင့်တွင် မှားယွင်းပါက ဒီပလိုပါသည် ရေကဲ့သို့ အကြည်မဖြစ်ဘဲ နို့ရောင်ဖြစ်သွားသည်။ ထိုနို့ရောင် ဒီပလိုပါကိုပဲ အခြား တိုက်များက သုံးကြ၏။ သို့သော် အကြည်ရောင်က ပို၍ ပုံထွက်ကောင်း၏။ လှဂုဏ်ရည်၏ ဒီပလိုပါက အကြည်ဖြစ်သည်။ ထို့ပြင် အခြားတိုက်များ မသိသည့် ဆေးတစ်မျိုးကိုလည်း သုံသည်။ ထိုသို့ လျှို့ဝှက်ချက်များကြောင့် ဒီပလိုပါဆေးဖျော်လျှင် သီးသန့်ထားသော ဖော်မြူလာကတ်ပြားလေးများနှင့် အခန်းတံခါးပိတ်ပြီး ဆေးစပ်ရ၏။ မပိတ်လို့လည်း မဖြစ်၊ လာနေကျ ဓာတ်ပုံဆရာများသာမက အနယ်နယ်က ဓာတ်ပုံသမားများကလည်း အတွင်းထိ ဥဒဟို ဝင်ထွက်ကာ လုပ်ငန်းသုံး ဖော်မြူလာများ အထိပင် စပ်စုကြ မသိမသာမှတ်သားကြသောကြောင့် ဖြစ်သည်။
ကပ်ကူးဓာတ်ပုံလေး တစ်ပုံ
——————————–
မှတ်မိပါသေးသည်။ တစ်နေ့သော ညနေစောင်းတွင် ဖြစ်သည်။ ကိုကျော်ဝင်းရော ကိုကျော်ဝင်းကြီးရော ဓာတ်ပုံရိုက်သွားနေကြသည်။ အိမ်မှာ ကျွန်တော်ပဲ ကျန်ရစ်သည်။ ဦးကြီးလှတင်က အိမ်ရှေ့တွင် ဧည့်သည် တစ်ယောက်နှင့် စကားပြောနေ၏။ ထိုဧည့်သည်က ဘောက်စ်ဝက်ဂွန်ကားလေးနှင့် လာကာ ဦးကြီးနှင့် စကားပြောနေတာ ကြာပြီ။ ခဏနေတော့ ဦးကြီးက လက်ထဲတွင် ဖလင်ချပ်လေး တစ်ချပ်ကိုင်ပြီး နောက်ခန်းသို့ ဝင်လာကာ ကျွန်တော့်ကို သူ့လက်ထဲက ဖလင်ချပ်လေးပေးပြီး “မောင်ကျော်ဆန်း၊ ဒါလေး ဒီဆိုက်အတိုင်း ပုံကူးလိုက်စမ်းပါ၊ ရှေ့မှာ စောင့်ယူလိမ့်မယ်” ဟု ပြောကာ အိမ်ရှေ့သို့ပြန်ထွက်သွား၏။
ကျွန်တော်က ဖလင်ချပ်လေး ယူပြီး အမှောင်ခန်းထဲ ဝင်သည်။ ဖလင်က ကတ်ဖလင်ဟုခေါ်သော လိုသလောက် ဖြတ်ကာ ရိုက်ရသည့် ဖလင်ဖြစ်သည်။ လူတစ်ယောက်၏ ကိုယ်တစ်ပိုင်း ဘေးတိုက်နှင့် မျက်နှာလှည့်နေပုံဖြစ်သည်။ ဖလင်နှင့် ဆိုက်တူ ကပ်ကူးပဲ ကူးရမှာမို့ ဒါလေးများဟု တွေးကာ ပုံကူးလိုက်သည်။ ထို့နောက် ပုံက တစ်ပုံတည်းမို့ ဟိုက်ပို ကို ချွတ်ရတာလည်းမကြာပါ။ ထို့နောက် ပုံကို အပူပေး အခြေက်ခံပြီး အိမ်ရှေ့က ဦးကြီးထံ သွားပေးလိုက်၏။ ဦးကြီးက စောစောက ဧည့်သည်နှင့် ရယ်ရယ်မောမော စကားပြောနေဆဲ ဖြစ်သည်။
မကြာပါ၊ ကျွန်တော်လည်း အိမ်နောက်ရောက် စာပွဲပေါ်က လက်ဖက်ခွက် နှိုက်နေစဉ် ဦးကြီးက စောစောက ဖလင်၊ ကျွန်တော်ကူးသော ဓါတ်ပုံနှင့် နောက်ထပ် ဓာတ်ပုံတစ်ပုံကိုင်ကာ နောက်သို့ ပြန်ဝင်လာသည်။ ထို့နောက် “ မောင်ကျော်ဆန်း လာဦး၊ ဒီမှာကြည့်။ ဟောဒီပုံဟောင်းက ဒီဖလင်ကိုပဲ ကူးထားတဲ့ ပုံ၊ သေချာကြည့်နော်၊ အခု မင်းကူးလိုက်တဲ့ ပုံနဲ့ ဘာကွာသလဲ၊ သေချာကြည့်၊ မင်းကူးပေးလိုက်တဲ့ ပုံက အဖြူနဲ့ အမည်း ပုံပေါ်တယ်ဆိုတဲ့ အဆင့်၊ ဒီပုံဟောင်းကိုကြည့်စမ်း ဒါက လွန်ခဲ့တဲ့ နှစ်၃၀လောက်က ငါကူးခဲ့တာ၊ ဆံပင်က မင်းပုံလို အနက်ပြစ်ခဲကြီးမဟုတ်ဘူး၊ မြင်လား သူ့နေရာနဲ့သူ အလင်းအမှောင်လေးနဲ့ ဆံချောင်းလေးတွေတောင်ပေါ်တယ်၊ မျက်နှာသားကြည့်ဦးမလား၊ နဖူးပေါ်က အရိပ်၊ ပါးပေါ်က အလင်းရောင်၊ မေးပေါ်က အလင်းအမှောင်၊ အင်္ကျီက အတွန့်လေးတွေ၊ မြင်လား၊ မင်းပုံလို ပြောင်ချောကြီးမဟုတ်ဘူး။ အေး.. မင်းပုံကို တခြားလူက အပ်တာဆိုရင်တော့ ပုံပေါ်သားပဲ ဆိုပြီး ကျေကျေနပ်နပ် ယူသွားမှာပဲ။
ဓာတ်ပုံဆရာကြီး ဓာတန်းဦးသန့် ပုံတဲ့
——————————————
အခု လာကူးခိုင်းတဲ့သူကတော့ မင်းပုံကို ကြည့်ပြီး စိတ်ပျက်လိမ့်မယ်။ အခု ပုံက ဘယ်သူ့ပုံလဲ သိလား၊ သူကိုယ်တိုင် သူ့ပုံကို လာအပ်ပြီး ပြန်ကူးခိုင်းတာ။ ရှေ့မှာ ထိုင်နေသူလေ၊ မင်းကြားဖူးမှာပေါ့ ဓားတန်းဦးသန့် ဆိုတာ၊ ဓာတ်ပုံမှာ သူ့ကို ညာလို့မရဘူးကွ၊ လာ ပြန်ကူးရမယ်၊ ငါပြမယ်” ဟု ဆိုကာ အမှောင်ခန်းထဲ ဝင်ပြီး ဖလင်ကို ထောင်ကြည့်ပြီး ဖလင်သားမှာ ဘယ်နေရာ အထူ ဘယ်နေရာအပါး၊ အခုဖလင်က အထူအပါး သိသာစွာမကွဲပဲ ပြေပြေလေးနှင့် တုန်းအနုအရင့် အဆင့်များကို ရှင်းပြပြီး ပုံဖော်ဆေးကို ဘာဆေးသုံးရမည်ဆိုသည်အထိ အသေးစိတ်ရှင်းပြသည်။ ထို့နောက် ဖလင်ကို ပုံကူးစက္ကူနှင့် ကပ်ပြီး မီးပေးသည့် အချိန်အဆနှင့် ပုံဖော်ဆေးတွင် ဆေးနှင့် စက္ကူသား ထိတွေ့စေမှု အချိန်အဆ များအထိ ရှင်းပြကာ ပုံကူးသည်။
ဦးကြီးက အမှောင်ခန်းက ထွက်ပြီး ဓာတ်ပုံလေးကို ရေစိမ်ကာ ကျွန်တော့်ကို ဟိုက်ပို ချွတ်ခိုင်းပြီး “ဓာတ်ပုံဆရာဆိုတာ ဓာတ်ပုံတစ်ပုံကို အကောင်းဆုံးဖြစ်အောင် ရိုက်နိုင် ဆေးနိုင် ကူးနိုင်မှ ဓာတ်ပုံဆရာ ခေါ်တာကွ၊ ဓာတ်ပုံက ပေးချင်သလို ပေးတာကိုပဲ ယူလိုက်ရရင် ဓာတ်ပုံဆရာမဟုတ်ဘူး ဓာတ်ပုံတပည့်ပဲ ဖြစ်သေးတာ၊ အခု မင်းက ဓာတ်ပုံဆရာ မဖြစ်သေးဘူး” ဟု ဆုံးမပါတော့သည်။
ဆူးငှက်
