မေ ၂၉ – ၂၀၂၆
SS (VOM)
မနေ့ မေ ၂၈ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန်မြို့၊ ရန်ကုန်မြစ်အတွင်း စက်တပ်လှေတစီး တိမ်းမှောက်ပြီး သုံးယောက် ပျောက်ဆုံးနေတယ်လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီ စက်လှေဟာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကူးတို့ဆိပ်ကနေ ဒလမြို့ မှော်စက်ရပ်ကွက် ကူးတို့ဆိပ်ကိုကူးတဲ့ စက်တပ်လှေဖြစ်ပြီး လှေပေါ်မှာ စက်လှေမောင်းသူအပြင် ခရီးသည် ၁၁ ယောက် လိုက်ပါလာတာလို့ သူက ပြောပါတယ်။
“စက်လှေမှောက်တာက ရေတက်လာတဲ့အချိန်မှာ ရေလှိုင်းတွေ ကြီးလာတယ်၊ မိုးတွေရွာ၊ လေတိုက်တဲ့အချိန်မှာ ဝဲကလည်း ရှိတဲ့အခါကျတော့ လှေထွက်တဲ့အချိန်မှာ ဝဲရိုက်ပြီး မတော်တဆဖြစ်တဲ့ ကိစ္စပါ။ ကားကူးဇက်က တိုက်မိတာမဟုတ်ပါဘူး။ အဲဒီအချိန်က ကားကူးတဲ့ ဇက်ကလည်း ပိတ်သွားပြီလေ။ တိုက်မိတာတော့ မရှိပါဘူး” လို့ သူက ပြောပါတယ်။
အဲဒီ အခင်းဖြစ်ပွားရာ နေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (၁၉၁) နဲ့ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ဝင်ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ကိုးယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ သုံးယောက်ကတော့ အခင်းဖြစ်ပြီး တနာရီဝန်းကျင် ကြာတဲ့အထိ ရှာမတွေ့ခဲ့ဘူးလို့ သူက ပြောပါတယ်။
“အချိန်က တနာရီလောက် ကြာသွားပြီဆိုတော့ ရှာလို့ တွေ့နိုင်မှာမဟုတ်တော့ဘူး ပြောကြတယ်။ မိုးကလည်း ချုပ်နေပြီ၊ မိုးလည်း ရွာနေတာဆိုတော့ ရှာဖွေကယ်ဆယ်ရေး လုပ်တာကို ရပ်လိုက်ကြတာ။ ဒီနေ့မှာ ရှာဖွေရေး ဆက်လုပ်ဖို့ဆိုတာကလည်း ပျောက်ဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေရယ်၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေနဲ့ပြောပြီး လုပ်မှပဲရမယ်” လို့ သူက ပြောပါတယ်။
ပျောက်ဆုံးနေသူ သုံးယောက်ဟာ လူကြီး တယောက်နဲ့ ကလေး နှစ်ယောက် ဖြစ်တယ်လို့ အကြမ်းဖျင်းအားဖြင့် သိရပေမယ့် နာမည်၊ အသက်အရွယ်နဲ့ ကျား၊ မ အတိအကျ ခွဲခြားပြီး မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့နဲ့ ဒလမြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ – ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတား ဖွင့်လှစ်ပြီးတာဟာ သုံးလကျော်ကာလ ကြာမြင့်လာပြီဖြစ်ပေမယ့် ခရီးသွားပြည်သူ အများစုဟာ တံတားပေါ်ကနေ ကားနဲ့ သွားလာတာထက် လိုရာခရီးကို အချိန်တိုအတွင်း အမြန်ဆုံး ရောက်ရှိနိုင်တဲ့ စက်တပ်လှေတွေကိုသာ စီးနင်းနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
“ကားနဲ့ကကျတော့ အဆင့်ဆင့်သွားနေရတာမျိုးပေါ့။ ကူးတို့ဆိပ်တွေက တနေရာနဲ့ တနေရာ ဆိပ်ချင်းကမတူဘူးလေ။ မှော်စက်ဆိပ်ရှိတယ်၊ ကမာကသွယ်ဆိပ်ရှိတယ်။ ဒီဘက်ဆို ပန်းဆိုးတန်းရှိမယ်၊ ပန်းဆိုးတန်းတောင်မှ မတူဘူး၊ ဟိုဘက်ခြမ်း၊ ဒီဘက်အခြမ်း ရှိတာဆိုတော့ ကမ်းကပ်တဲ့နေရာချင်း မတူဘူး။ နောက်ပြီး ဗိုလ်တထောင်မှာလည်းရှိတယ်၊ ဆိပ်ကမ်းတွေကတော့ အမျိုးစုံပဲ။ ဝါးတန်းလမ်း (ကီလီ) မှာဆိုရင်လည်း အများကြီးပဲလေ။ တနေရာတည်း မဟုတ်ဘူး။ ဆိပ်ကြီးခနောင်တိုဘက် သွားတာတွေလည်း ရှိတယ်။ ကြည့်မြင်တိုင် တဖက်ကမ်းမှာဆိုလည်း အလတ်ချောင်းဘက်တို့ဘာတို့ အဲဒီဘက် သွားတာတွေရှိတယ်။ ဒလတံတား ကူးတဲ့နေရာကနေပြီးတော့မှ အဲဒီနေရာတွေကို တိုက်ရိုက် ရောက်သွားတာမျိုးတော့ မရှိဘူးပေါ့။ အဲဒါကြောင့် သမ္ဗန်တွေနဲ့ပဲ အများဆုံး သွားလာနေကြတာ” လို့ လင်းလက် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
သမ္ဗန်စီးနင်းသူ အများစုဟာ အခြေခံလူတန်းစားတွေဖြစ်ကြပြီး အခုလို မိုးရာသီကာလမှာ လှိုင်းဒဏ်၊ လေဒဏ်နဲ့ အသက်ကယ်အင်္ကျီ မလုံလောက်မှုတွေကြောင့် အသက်အန္တရာယ် စိန်ခေါ်မှုတွေနဲ့ နေ့စဉ် ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
“ခရီးသွားပြည်သူတွေအနေနဲ့ ဘယ်ကနေပဲသွားသွား၊ အဓိက ကတော့ safety ဖြစ်ဖို့က အသက်ကယ်အင်္ကျီတွေ ဝတ်ထားရမယ်။ ရာသီဥတုအခြေအနေကို ကြည့်ရမယ်။ ကြေညာထားတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ မုန်တိုင်းတွေ ရှိနေတယ်ဆိုရင်လည်း သမ္ဗန်တွေက ကမ်းမခွာသင့်ဘူး။ သဘာဝဘေးအခြေအနေ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို အပြည့်အဝ လိုက်နာရမယ်။ ပြည်သူတွေလည်း လိုက်နာပေးပါ၊ သမ္ဗန်မောင်းတဲ့သူတွေလည်း လိုက်နာပေးပါ။ အဲဒါမှလည်း သမ္ဗန်မှောက်တာ၊ ခဏခဏ လူသေမှုဖြစ်တာတွေကနေ ကင်းဝေးပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
မြစ်ကြောင်းအန္တရာယ်၊ ရာသီဥတုဆိုးရွားမှုနဲ့ ပေါ့ဆမှုတွေကြောင့် သမ္ဗန်မှောက်မှုတွေ ဖြစ်ပွားလေ့ရှိတာမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း လှိုင်မြစ်၊ ကြည့်မြင်တိုင် ဗားကရာဆိပ်ကမ်းကနေ လူ ၁၇ ယောက် လိုက်ပါ၊ ထွက်ခွာလာတဲ့ သမ္ဗန်တစီး၊ တွဲသင်္ဘောကိုတိုက်မိပြီး တိမ်းမှောက်ခဲ့တာမှာ ကိုးယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျောင်းသား သုံးယောက် အပါအဝင် ရှစ်ယောက် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ၂၀၂၂ ခုနှစ်၊ ဇွန်လကလည်း ရန်ကုန်မြစ် စဉ့်အိုးတန်းဆိပ်ကမ်းမှ ဒလကို ခုတ်မောင်းလာတဲ့ စက်သမ္ဗန်တစီး အင်ဂျင်စက်ရပ်ပြီး ရေစီးနဲ့မျောပါကာ တွဲသင်္ဘောကိုတိုက်မိ၊ နစ်မြုပ်ခဲ့တာကြောင့် လိုက်ပါလာတဲ့ ခရီးသည် ၁၂ ယောက်အနက် ရှစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး လေးယောက် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ဇန်နဝါရီလက ရန်ကုန်မြစ် မော်တင်ဆိပ်ကမ်းကနေ ဒလကို ခုတ်မောင်းလာတဲ့ သမ္ဗန်တစ်စီး၊ ရှေ့ကလာတဲ့ သမ္ဗန်ကို ရှောင်တိမ်းရင်း ဇက်ရေယာဉ်အောက်ကို ဝင်ရောက်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၁၁ ယောက်အနက် ၁၀ ယောက် အသက်ရှင်ခဲ့ကာ တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ (ပုံဟောင်း)
