ကွတ်ခိုင်မြို့ထဲ အစိုးရ ဌာနဆိုင်ရာတွေ ဝင်ရောက်လာတာမရှိ​သေး

မေ ၂၉၊ ၂၀၂၆။
NN(VOM)
ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ထဲကို အစိုးရဌာနဆိုင်ရာ အဖွဲ့တွေ ဝင်ရောက်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီမနက် (မေ ၂၉) အထိတော့ ဝင်ရောက်လာတာမျိုး မတွေ့ရဘူးလို့ မြို့ခံတွေထံကနေ သိရပါတယ်။
အစိုးရဌာနဆိုင်ရာတွေဖြစ်တဲ့လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး ဌာန ဝန်ထမ်းတွေ ပြန်ဝင်ရောက်လာပြီး ကွတ်ခိုင် ဗျူဟာကုန်းမှာ နေထိုင်နေ ကြတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။
“ကိုးကန့်က ကွတ်ခိုင်ကိုသိမ်းပြီးကတည်းက ဒီလို ကောလဟလ သတင်း တွေ ထွက်နေတာကြာပြီ။ ဗျူဟာကုန်းမှာက စစ်ရှောင်တွေပဲရှိတာ။ ဒီမနက် အထိ ဘယ်ဌာနဆိုင်ရာမှ ဝင်လာတာမျိုး မရှိပါဘူး။ မြို့ထဲမှာလည်း ပုံမှန်ပါပဲ” လို့ ကွတ်ခိုင်မြို့ခံ တယောက်က ပြောပါတယ်။
MNDAA တာဝန်ရှိသူ အချို့ကလည်း အစိုးရဌာနဆိုင်ရာတွေ ကွတ်ခိုင်မြို့ကို ဝင်ရောက်လာတာ မရှိဘူးလို့ သတင်းဌာနအချို့ကို ဖြေကြားထားပါတယ်။
ကွတ်ခိုင်မြို့ထဲမှာတော့ MNDAA တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပုံမှန် အတိုင်းရှိနေတယ်လို့ ကွတ်ခိုင်မြို့ခံတွေထံကနေ သိရပါတယ်။
“သူတို့ရုံးအလုပ် သူတို့လုပ်နေကြတာပဲ။ ကျောင်းတွေ ဖွင့်ဖို့လည်း လုပ်နေ ကြတယ်။ ဘာဝန်ထမ်းမှ ဝင်လာတာမျိုးမတွေ့ပါဘူး” လို့ ကွတ်ခိုင်မြို့ခံ နောက်တယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ ကွတ်ခိုင်မြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် မတ်လ အတွင်းမှာတော့ ကွတ်ခိုင်မြို့ထဲ CCTV တပ်တဲ့ ကိစ္စနဲ့ပတ် သက် ပြီး TNLA နဲ့ MNDAA တို့ ပဋိပက္ခဖြစ်ပြီး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
TNLA ဘက်က ကွတ်ခိုင်မြို့ကနေ ဖယ်ပေးလိုက်ရပြီး လက်ရှိမှာ ကွတ်ခိုင်မြို့ ကို MNDAA ဘက်က အုပ်ချုပ်နေတာဖြစ်ပါတယ်။
ကွတ်ခိုင်အပါအဝင် ရှမ်းမြောက်ဒေသ အစိုးရ လက်လွှတ်ခဲ့ရတဲ့ သိန္နီ၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ စတဲ့ မြို့တွေက အစိုးရဝန်ထမ်းတွေကိုတော့ လားရှိုး၊ တောင်ကြီး စတဲ့ မြို့တွေက ဌာနဆိုင်ရာ ရုံးတွေမှာ တွဲထားတယ်လို့ အစိုးရဌာနဆိုင်ရာနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပုံ the kokang

Related posts

Leave a Comment

VOM News

FREE
VIEW