အွန်လိုင်းဈေးရောင်းသူတွေ ဝယ်သူက ဈေးနှုန်းမေးတဲ့အခါ CB (Chat Box) လာလို့ ပြောရင် အရေးယူမယ်

အောက်တိုဘာ ၂ – ၂၀၂၃
SN (VOM)
မှတ်ပုံတင်ထားပြီးတဲ့ အွန်လိုင်းဈေးရောင်းသူတွေအနေနဲ့ ဝယ်သူက ဈေးနှုန်းမေးတဲ့အခါ CB (Chat Box) လာလို့ ပြောရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ဒီကနေ့ အောက်တိုဘာ ၂ ရက်မှာပြုလုပ်တဲ့ အွန်လိုင်းစနစ်နှင့် ရောင်းချသူများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပြီး CB ကိုလာရောက်ဖို့ ပြောခြင်းဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါက လတ်တလောမှာကိုက မြန်မာနိုင်ငံရဲ့ အွန်လိုင်း trend မှာကိုက ဖြစ်နေတာ။ ဥပမာ ကုန်စည်တခုခုကို ဈေးမေးတော့မယ်ဆိုရင် CB လာ၊ Chat Box ကိုလာနဲ့၊ အဲ့ဒါ ဘာဖြစ်လို့မှန်းကို ကျွန်တော်မသိဘူး။ ကျွန်တော်ဝယ်မှာလည်း ဒီထုတ်ကုန်ပဲ၊ တခြားသူဝယ်မှာလည်း ဒီထုတ်ကုန်ပဲ။ အဲ့ဒါကို CB လာလို့ ပြောတော့ ကျွန်တော်တို့က ဘာယူဆလဲဆိုတော့ ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ ရည်ရွယ်ချက်တခုခုရှိမယ်လို့တော့ ယူဆတယ်။ ဆိုလိုချင်တာက ကျွန်တော်သည် ဒီအကောင့်တခုနဲ့ အွန်လိုင်းကနေဈေးရောင်းသူကို ရင်းနှီးလို့ သူဆီမှာပဲ အားပေးတယ်ဆိုပါစို့။ ကျွန်တော့်ကိုမြင်ရင် ဒါ ဝယ်နေကျအစ်ကိုကြီးပဲ၊ ဈေးလျှော့ပေးလိုက်ဦးမယ်။ ၁ သိန်းတန်ပစ္စည်းကို ကျွန်တော်က ၈ သောင်းနဲ့ရမယ်။ သူနဲ့ မရင်းနှီးတဲ့သူကျတော့ ၁ သိန်း ၂ သောင်းနဲ့ သူရောင်းမယ်၊ ဒါဆို အဆင်မပြေဘူး။ ဒါသည် market ethic နဲ့မညီဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့က စဉ်းစားတာပေါ့။ ဘာလို့ မြန်မာပြည်ရဲ့ market trends မှာ ဒီ CB လာ ဆိုတဲ့ ယဉ်ကျေးမှုကြီး ထွန်းကားနေသလဲတော့မသိဘူး။ ဒါက နောက်ပိုင်းကျရင်တော့ အဆင်မပြေတော့ပါဘူး။ CB လာ ဆိုရင်တော့ မှတ်ပုံတင်လက်မှတ်ပါ တာဝန်ရှိမှု တားမြစ်ချက်နဲ့ အကျုံးဝင်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် market နဲ့ပတ်သက်ပြီးတော့ ဈေးနှုန်းကိုလည်း ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ပြပြီးရောင်းပေးကြဖို့ပြောချင်ပါတယ်။ မှတ်ပုံတင်ထားပြီးမှ CB လာ ဆိုရင် စားသုံးသူကာကွယ်ရေး ဥပဒေအရရော၊ တားမြစ်ချက်အရရော အကျုံးဝင်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆို CB လာ လို့တော့ မရတော့ပါဘူး လို့ သူက ပြောပါတယ်။
လက်ရှိမှာ စီးပွား/ကူးသန်း ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ နဲ့ အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းတွေ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့် ထုတ်ပြန်ထားပြီး အဲ့ဒီ့ ထုတ်ပြန်ချက်မှာ မှတ်ပုံတင်လက်မှတ်ရရှိသူရဲ့ တာဝန်ဟာ ရောင်းချတဲ့ ကုန်စည် (ဒါမှမဟုတ်) ဝန်ဆောင်မှုနဲ့စပ်လျဉ်းပြီး တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးရမှာဖြစ်သလို အရောင်းပြေစာကိုလည်း ပေးအပ်ရမှာဖြစ်ပြီး ရိုးရှင်းမှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ အာမခံချက်တွေကိုပါ ပေးအပ်ရမယ်လို့ ဖော်ပြ ပါရှိပါတယ်။
ဒါ့အပြင် ရောင်းချတဲ့ ကုန်စည် (ဒါမှမဟုတ်) ဝန်ဆောင်မှုအတွက် ကျသင့်တန်ဖိုးနဲ့ညီမျှတဲ့ အရည်အသွေးပြည့်မီစေဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိရမှာဖြစ်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချမယ့် ကုန်စည် (ဒါမှမဟုတ်) ဝန်ဆောင်မှုအမျိုးအစား စာရင်းမှာ ပါဝင်ခြင်းမရှိတဲ့ ကုန်စည် (ဒါမှမဟုတ်) ဝန်ဆောင်မှုတရပ်ရပ် ရောင်းချခြင်းကို ရှောင်ကျဉ်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းမှတဆင့် နိုင်ငံရေးကို ရည်ရွယ်ပြီးသော်လည်းကောင်း၊ အများပြည်သူရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီးသော်လည်းကောင်း လှုံ့ဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အားပေးမှုနဲ့ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခြင်းကိုလည်း ရှောင်ကျဉ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အွန်လိုင်းကတဆင့် ဈေးရောင်းချသူတွေအနေနဲ့ မိမိတို့ရဲ့ ကုန်စည်တွေကို ပွင့်လင်းမြင်သာမှုရှိစွာ ရောင်းချရမှာဖြစ်သလို အစားအသောက် (ဒါမှမဟုတ်) ဆေးဝါး (ဒါမှမဟုတ်) ဆေးပစ္စည်း (ဒါမှမဟုတ်) အလှကုန်ပစ္စည်းနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို တိကျစွာ လိုက်နာ ဆောင်ရွက်ရမယ်လို့လည်း စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါရှိပါတယ်။
Photo: UMFCCI

Related posts

Leave a Comment

VOM News

FREE
VIEW