နိုဝင်ဘာ ၊ ၈ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့ကို မနေ့ နိုဝင်ဘာ ၇ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်လိုက်ပြီး ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေ အားလုံးနီးပါး ရပ်တန့်သွားပြီဖြစ်တယ်လို့ အွန်လိုင်းမီဒီယာ အတော်များများမှာ ရေးနေကြပါတယ်။ သို့ပေမယ့် အတည်ပြုချက်ခိုင်မာတာတော့ မတွေ့ရပါဘူး ။ VOM အနေနဲ့ စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်ကိုမေးကြည့်တော့
” မနက်က အထိတော့ ပင်လည်ဘူးနားမှာ တိုက်နေကြတယ်ဆိုတာ သိရတယ် ၊ မြို့ကျသွားတယ် လို့တော့မကြားရသေးဘူး ” လို့ ပြောပါတယ်။
“ပင်လည်ဘူးမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ တကြိမ် ၊ ၂၀၂၂ မှာ နောက်တကြိမ် တိုက်ခိုက်ခံရတယ် ၊ အဲ့ဒီကတည်းက မြို့ခံလူတွေ သုံးပုံ ၊ နှစ်ပုံလောက် နေရပ်စွန့်ခွာ ပြောင်းရွှေ့သွားကြတယ် ၊ ၂၀၂၂ တိုက်ခိုက်ခံရတုန်းက မြို့နယ် ထွေ/ အုပ်ရုံး မီးလောင်ပြီး ထွေ/ အုပ်ဝန်ထမ်း သုံးလေးယောက်သေတယ် ၊ အဲ့ဒီ တိုက်ပွဲပြီးတော့ ရဲစခန်းနားက လူနေအိမ်တွေ ဖျက်ဆီးခံရတယ် ၊ မနေ့ နိုဝင်ဘာ ၇ ရက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မြို့ပေါ်ကို တက်လာပြီး မြို့ရဲ့ ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်ထားလိုက်ပြီးလို့ ကြားရတယ် ၊ နိုဝင်ဘာ ၃ ရက်စလို့ မြို့နယ် ဌာနဆိုင်ရာရုံးတွေ အလုပ်မလုပ်တော့ဘူး ၊ တချို့ဆို ရုံးတွေ စွန့်ခွာကုန်တယ် ” လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ပင်လည်ဘူးမြို့ခံ တယောက်က ပြောပါတယ်။
ဒါ့အပြင် ပင်လည်ဘူး ဒေသခံတယောက် က ” လွန်ခဲ့တဲ့ နှစ် နှစ်လောက်ကစပြီး ၊ ပင်လည်ဘူး – ဖောင်းပြင် – ဟုမ္မလင်း ကားလမ်းပေါ်က ဝါးဖြူတောင်ပေါ်မှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ နေကြတယ် ၊ မြို့နဲ့ သိပ်မဝေးဘူး ၊ အခု မြို့ထဲကို ဝင်ရောက် ထိန်းချုပ်ဖို့ကြိုးစားတာ အဲ့ဒီ အဖွဲ့တွေ ဖြစ်နိုင်တယ် ၊ အခုထိတော့ မြို့နဲ့ အဆက်သွယ် မရသေးဘူး၊ ဖုန်းလိုင်းတွေ ဖြတ်ထားတာ နှစ် နှစ်ကျော်ရှိနေပြီ ၊ မုံရွာ ၊မန္တလေး ၊ ပင်လည်ဘူး လိုင်ကားတွေလည်း ပိတ်ထားတယ် ” လို့ ပြောပါတယ်။
ပင်လည်ဘူးသိမ်းလို့ရပြီဆိုတာ NUG ဘက်ကလည်း မကြေငြာသေးသလို နစကဘက်ကလည်း ဒီကိစ္စဘာမှထုတ်ပြန်တာမရှိသေးပါဘူး။ VOM ကလက်လှမ်းမီသမျှ ဆက်သွယ်တော့လည်း သိမ်းပိုက်ခံရတာ အတည်ပြုပေးသူမရှိဘဲ ကောလာဟလကိုသာ အခြေခံပြောသူအများစုဖြစ်တာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး မြို့ကြီးတွေတိုက်ခံရပြီးနောက်၊ ရှမ်းပြည်မြောက်ပိုင်းက ချင်းရွှေဟော် ၊ ဖောင်းဆိုင် ၊ ကြူကုတ် ၊ သိန္ဒီ ၊ နမ့်ခမ်း ၊ မုံးကိုး စတဲ့မြို့တွေနဲ့ စစ်ကိုင်းတိုင်းထဲက ကောလင်း ၊ ခါမ်းပါတ်၊ စတဲ့မြို့တွေလည်း ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ တော်လှန်ရေးအင်အားစုတွေ ရေးသားချက်အရ သိရပါတယ်။
Telegram Link: https://t.me/VOMNEWS2023/3381