ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၇-၂၀၂၃
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသရှိ အဓိကဆေးရုံကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနှင်းတိုက်ခိုက်နေပြီး ဆေးရုံမှာ အောက်ဆီဂျင်နဲ့ရေပြတ်တောက်နေကာ လူနာတွေဟာ ရေဆာတာကြောင့် အော်ဟစ်နေကြကြောင်း ဆေးရုံအကြီးအကဲက ပြောပါတယ်။
လူနာ ၆၅၀ ကျော်၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၅၀၀ နဲ့ စစ်ရှောင် ၅၀၀၀ ကျော်ခိုလှုံနေတဲ့ အယ်လ်ရှီဖာဆေးရုံရဲ့အခြေအနေဟာ လွန်စွာဝမ်းနည်းဖွယ်ကောင်းကြောင်း ဆေးရုံညွှန်ကြားရေးမှူးဖြစ်သူ မိုဟာမက် အဘူဆယ်လ်မီယာက ပြောပါတယ်။
အစ္စရေးတင့်ကားတွေဟာ ဆေးရုံကို ဝိုင်းရံထားပြီး မောင်းသူမဲ့လေယာဉ်တွေက ဆေးရုံပေါ်ဝဲပျံနေကာ အစ္စရေးစစ်သားတွေဟာ ဆေးရုံအောက်မှာရှိတဲ့ ဟားမတ်စ်တွေခိုအောင်းရာ မြေအောက်ဥမင်တွေကို ဒုတိယမြောက်နေ့အဖြစ် ရှာဖွေနေပါတယ်။
အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင်(အိုင်စီယူ) မှာရှိနေတဲ့ လူနာ ၇၀ ရာခိုင်နှုန်းနီးပါးဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားကြောင်း ဆရာဝန်တွေပြောကြားမှုကို ကိုးကားပြီး အေဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။
ဆေးရုံတွင်းနဲ့ အပြင်မှာပါ သေဆုံးမှုတွေမြင့်တက်လာတာကြောင့် အလောင်းတွေကို ဆက်တိုက်မြုပ်နှံနေရတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ လောင်စာပြတ်တောက်မှုကြောင့် မွေးကင်းစကလေးငယ်တွေအပါအဝင် လူနာ ၃၄ ဦးသေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Ref:BBC/NHK
Photo:Getty Images