ကော့ကရိတ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဌာနဆိုင်ရာရုံးတွေ မီးလောင်၊ မြဝတီ အာရှလမ်းမကြီး ပိတ်ထား

 

ဒီဇင်ဘာ ၊ ၁ ၊ ၂၀၂၃

SP ( VOM)

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့မှာ ဒီမနက် အစောပိုင်းက စလို့ နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေး အာရှကားလမ်း ပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့ခံ တယောက်က ” ညကတည်းက ပစ်ခတ်သံတွေကြားရတယ် ၊ အဲ့ဒါအပြင် လက်နက်ကြီး ပေါက်ကွဲသံတွေလည်း ကြားရတယ် ၊ ဒီမနက်ပိုင်းမှာတော့ ခင်နိမ်းမူ၊ သပြေကုန်း၊ မြို့တော်ဦး၊ ချောင်းတောင်၊ မြို့လယ် စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ် ၊ လေကြောင်းကနေလည်း ပစ်ခတ်တာတွေရှိတယ် ၊ အသေအပျောက်တော့ မသိရသေးဘူး ၊ လောလောဆယ်ကြားရတာက ဖန်းခါးကုန်း ရပ်ကွက်ဘက်မှာ အမျိုးသမီး တယောက်သေပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ကနဦး သိရတယ် ၊ နောက်ပြီး မြို့ပေါ် ငါးနေရာလောက် မီးလောင်မှုတွေဖြစ်တယ် ၊ ဌာနဆိုင်ရာရုံးတွေလို့ ကြားရတယ် ၊ ဘယ်ဌာနတွေပါသွားသလဲဆိုတာ မသိရသေးဘူး ၊ မြို့ခံတွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်စပြီး နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေတယ် ၊ တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်းရယ်လို့ မရှိတော့ အရေအတွက် မသိရသေးဘူး ” လို့ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ် ထိတွေ့တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့ကရိတ်မြို့ဝင်နဲ့ မြဝတီ သင်္ဃန်းညီနောင်ကြား အာရှလမ်းပိုင်းလည်း ဒီမနက် ပိတ်ထားတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့နားမှာ ပိတ်မိနေတဲ့ ကားသမားတယောက်က ” အဆင်းကားတွေထက် အတက်ကားများတယ် ၊ ခရီးသည်တင်ကားတွေဆို လူအပြည့်ပါတယ် ၊ တန်းဆောင်တိုင်ကာလမှာ နေရပ်ပြန်လာသူတွေက လုပ်ငန်းခွင် ပြန်ဝင်ရမှာမို့ မြဝတီဘက် ပြန်လာနေသူတွေများတယ် ၊ အခု အာရှလမ်းပိတ်ထားတာကြောင့် ကားတွေ ပိတ်မိနေတဲ့ အထဲမှာ ခရီးသည်တွေက စားသောက်ဖို့ ခက်ခဲနေတယ် ၊ ဒီကနေ့ နေ့လယ်မှာတော့ တိုက်ပွဲဖြစ်သံတွေ မကြားရတော့ဘူး ၊ ဒီညနေ လမ်းပြန်ဖွင့်ပေးမယ်လို့ ထင်တယ် ၊ အဆင်းကားတွေကတော့ ထွက်လာတယ်ကြားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကစလို့ ကောကရိတ်မြို့မှာ နစက လုံခြုံရေး အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်လို့ သိရပြီး အခုအကြိမ်နဲ့ဆိုရင် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ထက်မနည်း ဖြစ်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW