နမခ ထိန်းချုပ် ဧရိယာအတွင်း ၂၀၂၃ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး ဥပဒေအရ ၊ လူပေါင်း ၃၀၀ ကျော်ဖမ်းခံရပြီး သေဒဏ် အပါအဝင် အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရ

 

ဇန်နဝါရီ ၊ ၁ ၊ ၂၀၂၄

SP (VOM)

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထိန်းချုပ် နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက လူပေါင်း ၃၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၂၃ အတွင်း စစ်အုပ်ချုပ်ရေး (Martial Law) ဥပဒေ အရ ဖမ်းဆီးပြီး သေဒဏ် အပါအဝင် အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေး အမိန့်ချခဲ့တယ်လို့ ဥပဒေအကျိုး ဆောင် ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကိုင်းတိုင်းမှာ ၊ အင်းတော် ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ ကောလင်း ၊ ကန့်ဘလူ ၊ တန့်ဆည် ၊ ရေဦး ၊ ခင်ဦး ၊ ရွှေဘို ၊ ယင်းမာပင် ၊ ပုလဲ ၊ မြောင် ၊ အရာတော် စတဲ့မြို့နယ်တွေအပြင် မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြိုင် ၊ ပေါက် နဲ့ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါ ၊ ထီးလင်း ၊ ဆောမြို့နယ်များ အပါအဝင် ချင်းပြည်နယ်တွေက မြို့နယ်တွေပါ စစ်အုပ်ချုပ်ရေး Martial Law အမိန့်တွေ စတင်ထုတ်ပြန်ခဲ့ပါတယ်။

“အဲ့ဒီ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ နယ်တွေမှာ ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၊ ပြီးခဲ့တဲ့ ၁၀ လအတွင်း (Martial Law) အရ လူပေါင်း ၃၃၃ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တွေနဲ့ အပြစ်ပေး အရေးယူတာတွေ ရှိတယ် ၊ အနိမ့်ဆုံး အပြစ်ဒဏ်က အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်ကနေ ၇ နှစ် ၊ ၁၀ နှစ်တွေဖြစ်တယ် ၊ အဲ့ဒီ အနိမ့်ဆုံး ပြစ်ဒဏ်ကျခံရတဲ့သူ လူတရာကျော်ရှိတယ် ၊ နောက်ပြီး ထောင်တသက် လွတ်ရက်မရှိ အပါအဝင် တသက်တကျွန်း ပြစ်ဒဏ်တွေ နဲ့ကျခံရသူက ၂၀၀ ကျော်ရှိတယ် ၊ အခုထိ သေဒဏ်ချခံရတာက အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တယောက်ရှိတယ် ” လို့ စစ်ကိုင်းတိုင်း အခြေစိုက် တရားလွှတ်တော် ရှေ့နေ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင် / ကျဥ်းတွေထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) အရ စစ်ခုံရုံးနဲ့ စစ်ဆေးခဲ့ပြီးနောက် သေဒဏ် အမိန့် စီရင်ချက် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီ သေဒဏ်ချခံရတဲ့သူရဲ့ မိသားစုဝင် တယောက်က ” ရွာမှာက အများနည်းတူ လိုက်မလုပ်ဘူးဆိုရင် မိသားစုလိုက် အသက်အန္တရာယ်ရှိတယ် ၊ အဲ့ဒါကြောင့် မိသားစု ဘဝရပ်တည်ရေးအတွက် မဖြစ်မနေ အများနည်းတူ လိုက်လုပ်ရတယ် ၊ အဖမ်းခံရတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က) အရ အရေးယူ အပြစ်ပေးခံရတယ် ၊ အရေးယူ အပြစ်ပေးခံရတဲ့ ဥပဒေ ပုဒ်မ အမျိုးအစားချင်း အတူတူ နယ်ဘက်တရားရုံးတွေထက် စစ်အုပ်ချုပ်ရေးနယ်မြေတွေက ပြစ်ဒဏ်ပိုများတယ် ၊ အဲ့ဒီ ပုဒ်မတွေက စစ်အုပ်ချုပ်ရေး နယ်မြေမဟုတ်တဲ့ မြို့နယ်တွေက နယ်ဘက်တရားရုံးတွေဆို ထောင်ဒဏ် ၄ နှစ်တို့ ၊ ၇ နှစ်တို့၊ အလွန်ဆုံး ၁၀ နှစ်ပဲကျတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) ကြေညာ သတ်မှတ်ခံရတဲ့ မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်ကလည်း

” အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တွေအရ အရေးယူခံရသူအများစုဟာ မြို့ခံ ၊ နယ်ခံ ၊ ဒေသခံတွေ မဟုတ်ကြဘူး ၊ တခြား ဒေသ တခြားမြို့နယ်တွေဘက်က လာလုပ်ကြသူတွေများတယ် ၊ အဲ့ဒါကြောင့် နယ်ခံတွေပါ နစ်နာရတယ် ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တွေအရ အရေးယူခံရရင် ခံရတဲ့သူအဖို့ အကျဥ်းသား အခွင့်အရေးတွေပါ ဆုံးရှုံးနိုင်တဲ့ အဖြစ်မျိုး ဖြစ်သွားနိုင်တယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး မြို့နယ် ၁၃ ခု ထုတ်ပြန်ထားပေမယ့် ၊ အဲ့ဒီ ၁၃ မြို့နယ်ထဲက ကောလင်းမြို့နယ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲကစလို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW