ကွက်လပ်ဖြည့်နေတဲ့ မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်း

 

ဇန်နဝါရီ – ၁၉- ၂၀၂၄

SA(VOM)

မန္တလေးခရိုင်အတွင်းမှာရှိတဲ့ စာပေလောကရဲ့ ရင်ဘတ်တူညီနောင်တွေအတွက် စိတ်ဓာတ်အရနဲ့ ကိုယ်ကာယရေးရာအတွက် ခွန်အားဖြစ်စေဖို့ လိုနေတဲ့ကွက်လပ်တွေ ဖြည့်ဖို့အတွက် ရည်ရွယ်ပြီး မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်းကို စာရေးဆရာတွေက ၂၀၀၅ ခုနှစ်ကနေ တည် ထောင်လာခဲ့တာ အခုဆိုရင် ၁၉ နှစ် ကျော် ၂၀ဝန်းကျင် ရှိပြီဖြစ်ပါတယ်။

ကွက်လပ်ဖြည့်နေတဲ့ မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်း

ဘဝတူ၊ အလွှာတူ ဖြတ်သန်းမှုသာမက ယုံကြည်ချက်၊ ခံယူချက်၊ ခံစားမှုပါတူညီတဲ့ စာရေးဆရာ၊ သတင်းစာ ဆရာ၊ ကာတွန်းဆရာ၊ သတင်းထောက်နဲ့ ကဗျာဆရာ တို့ရဲ့အခက်အခဲတွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအစီအစဥ်ကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ခန်းမမှာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ကစတင်ပြီး ထူထောင်ခဲ့တယ်လို့ သိရပါတယ်။

ကွက်လပ်ဖြည့်နေတဲ့ မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်း

အဲ့ဒီအခမ်းနားကို တက်ရောက်လာကြတဲ့ စာနယ်ဇင်းဆရာတွေရဲ့ သဘောတူညီ ထောက်ခံချက်နဲ့အညီ ဆရာနတ်မောက်ထွန်းရှိန်၊ ဆရာ ကိုရိုးကွန့်၊ ဆရာ ညိုထွန်းလူ၊ ဆရာ မောင်သင်းပန်၊ ဆရာ ဒေါက်တာအောင်မြင့်၊ ဆရာ ရွှေဉာဏ်ဇော်နဲ့ ဆရာဗိုလ်မောင်တို့ကို ဦးဆောင်မယ့်ပုဂ္ဂိုလ်တွေအဖြစ် ရွေးချယ်တင်မြောက်ခဲ့တယ်လို့သိရပါတယ်။

မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်းနဲ့ပတ်သတ်ပြီး အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေတဲ့ ဆရာနောင်(ရူပ) ကို အသင်းရေရှည်တည်တံ့ဖို့ ဘာတွေဆောင် ရွက်ထားလဲ ဘာတွေလုပ်ဆောင်နေသလဲဆိုတာကို VOM က မေးမြန်းတဲ့အခါ

“အသင်းမှာ ချမှတ်ထားတဲ့ မူ၊စည်းကမ်း၊ ဘောင် အတိုင်း သွားရတဲ့အတွက် ယိုစိမ့်မှုတွေ မလိုအပ်တဲ့ကုန်ကျစားရိတ်တွေ မရှိဘူးပေါ့။ ရရှိတဲ့ ရန်ပုံငွေအားလုံးကို စနစ်တကျသုံးစွဲတယ်။ သတ်မှတ်ထားတဲ့အသင်းဝင်တွေ နေထိုင်မကောင်းလို့ ဆေးရုံတက်ရရင် တဦးကို ၅၀၀၀၀ ကျပ် ကူညီတယ်။ ကွယ်လွန်တဲ့အခါ ၅၀၀၀၀ ကျပ်ကူညီတယ်။ သူတို့ရဲ့ နေအိမ်တွေ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရင် ၅၀၀၀၀ ကျပ်ကူညီတယ်။ စနစ်တကျလုပ်ဆောင်တဲ့အတွက်ကြောင့်မို့ အသင်းမှာ ငွေကြေးလစ်ဟာမှုမရှိဘူး။ အဲ့ဒီအတွက်ကြောင့် မားမားမတ်မတ်ရပ်တည်နိုင်တယ်” လို့ ပြောပါတယ်။

စာပေလောကကိုချစ်တဲ့ စာရေးဆရာတွေက သူတို့စာအုပ်မိတ်ဆက်ပွဲ၊ စာနယ် ဇင်းမိတ်ဆက်ပွဲတွေ ကရရှိတဲ့ငွေကြေးတွေကို အသင်းမှာ လှူဒါန်းကြသလို မျှော်လင့်ချက်မပါဘဲ စာပေလောကကိုချစ်တဲ့ နှောင်ကြိုးမဲ့အလှူရှင်းတွေက လှူဒါန်းတဲ့ငွေကြေးတွေကို အသင်းရေရှည်တည်တံ့နိုင်ဖို့အတွက် စနစ်တကျ လုပ်ဆောင်နေတယ်လို့လည်း ဆရာနောင်(ရူပ) က ပြောပါတယ်။

မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအစီအစဥ် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေတဲ့ စာရေးဆရာ ဆရာဆူးငှက်က

” ဒီလိုအဖွဲ့အစည်းရှိနေတာ အားကိုးစရာလေးဖြစ်နေတယ်။ အဲ့တော့ ဒီလိုအဖွဲ့အစည်းလေးကို စတင်ထူထောင်ဖို့ ကြံစည်ခဲ့တဲ့သူတွေ၊ တည်ထောင်ခဲ့ကြတဲ့သူတွေ၊ ကိုယ်ဖိ ရင်ဖိ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့သူတွေအားလုံးက ကျေးဇူးတင်စရာ အင်မတန်ကောင်းပါတယ်” လို့ပြောပါတယ်။

အသင်းစတင်ထူထောင်ခါစက သတ်မှတ်ထားတဲ့ မူအရ Print media မှာ သတင်းရေးသားဖော်ပြချက်ပါရှိရင် ကူညီရေးအစီအစဥ်မှာ အကျုံးဝင်ပြီး ကူညီခဲ့ပေမယ့်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာတော့ စည်းကမ်းချက် ၈ ချက် ချမှတ်ခဲ့တယ်လို့သိရပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကတော့ တရားဝင်ပုံနှိပ်ထားတဲ့ စာနယ်ဇင်းမှာ ဖော်ပြထားတဲ့ ကာတွန်း ၂၀ ပုံ၊ ကဗျာ ၁၅ ပုဒ်၊ ဝတ္ထုတို၊ ဆောင်းပါး၊ စာညွန့်၊ အက်ဆေးနဲ့ ဘာသာပြန် ၁၀ ပုဒ်၊ သတင်း အပုဒ် ၅၀ နဲ့ လုံးချင်းစာအုပ်တအုပ် ရေးထားသူဖြစ်ရမယ်လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအစီအစဥ်နဲ့ ပတ်သတ်ပြီးတော့ VOM သတင်းဌာန တည်ထောင်သူ အယ်ဒီတာချုပ် ကိုနေလင်းက

” မန္တလေးရဲ့ ချစ်စရာဓလေ့ပါ အချင်းချင်းရိုင်းပင်းကူညီတော့ နာမကျန်းဖြစ်သူအတွက် အားဆေးတခွက်ဖြစ်တယ်။ ဒီလိုအသင်းမျိုး စာပေအသိုင်းအဝိုင်းမှာ များများရှိသင့်တယ်။ ဘာလို့လဲဆိုတော့ သတင်းသမား စာပေသမား ကဗျာသမားတွေဟာ ခက်ခက်ခဲခဲရုန်းကန်းရင်း ဝါသနာကို သေမှစွန့်လွှတ်မယ့်သူတွေမို့ အသင်းရဲ့ အကူအညီဟာ အရမ်းတန်ဖိုးရှိတယ်လို့ ပြောချင်ပါတယ်။” လို့ သဘောထားမှတ်ချက်ပေးပါတယ်။

အရင်က မန္တလေးခရိုင်အတွင်းမှာရှိတဲ့ စာပေပညာရှင်တွေကိုသာ အဓိကထားပြီးထောက်ပံ့ပေးခဲ့ပေမယ့် အဖွဲ့ဝင်တဦးရဲ့တင်ပြချက်ကြောင့် စဥ့်ကိုင်၊ မြစ်ငယ်၊ တံတားဦး၊ အင်းဝ တို့မှာ နေထိုင်တဲ့ စာပေပညာရှင်တွေနဲ့ စာနယ်ဇင်းဆရာတွေကိုပါ ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအစီအစဥ်ရေရှည်တည်တံနိုင်အောင် ကူညီထောက်ပံ့ချင်ပါက လက်ရှိ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့ စာရေးဆရာ ဆရာဆူးငှက်နဲ့ အတွင်းရေးမှူး ဆရာနောင်(ရူပ) တို့ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်တယ်လို့သိရပါတယ်။

ဓါတ်ပုံ နောင်(ရူပ)

ပုံစာ (၁) ဆရာလူထုသစ်လွင်က မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်းကို အလှူငွေ ဆယ်သိန်း လှူတန်းနေပုံ

ပုံစာ (၂) မန္တလေးစာပေပညာရှင်များ လူမှုကူညီရေး ဘဏ္ဍာရေးမှူး ဦးထွန်းဦးမှ စာရေးဆရာ တဦး ဆေးရုံတက်စဥ် ထောက်ပံ့ငွေပေးအပ်နေပုံ

ပုံစာ (၃) မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအသင်းရဲ့ ၂၀၂၃ စာရင်းရှင်းတမ်း

 

Related posts

Leave a Comment

VOM News

FREE
VIEW