ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို လေလံတင်ရောင်းချဖို့ တရားရုံးဆုံးဖြတ်

 

ဇန်နဝါရီ ၂၅ – ၂၀၂၄

SN (VOM)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံအမှတ် (၅၄) ကို လေလံတင် ထုခွဲရောင်းချဖို့ ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ အမိန့်ချလိုက်တယ်လို့ အဲ့ဒီ့တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

နေအိမ်လေလံတန်ဖိုးအနေနဲ့ ကျပ်သိန်းပေါင်း သုံးသန်း တသိန်းငါးသောင်း (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) နဲ့ စတင်မှာဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်မှာ လေလံဖွင့်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ လေလံတင်ပွဲကိုလည်း အဲ့ဒီ့နေအိမ်ရှေ့မှာပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို အမိန့်ချလိုက်တာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာဆက်လုပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄/၅၆) နေအိမ်ဟာ ၁ ဒသမ ၉၂၃ ဧက အကျယ်အဝန်းရှိပြီး အဲ့ဒီ့ နေအိမ်နဲ့ ခြံကို ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးက အမွေခွဲဖို့ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က အထူးအယူခံတက်ပြီး တောင်းဆိုခဲ့မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုအနိုင်ပေးခဲ့ပြီးနောက် အခုလို နောက်ဆက်တွဲအမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမွေကိစ္စနဲ့ ပတ်သက်လို့ ဦးအောင်ဆန်းဦးအနေနဲ့ ၂၀၀၁ ခုနှစ်ကတည်းက အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားရုံးက နှစ်ထပ်အိမ်ပါတဲ့အခြမ်းကို ဒေါ်အောင်ဆန်းစုကြည် ယူဖို့နဲ့ ကျန်တဲ့တခြမ်းကို ဦးအောင်ဆန်းဦးယူဖို့ အမိန့်ချခဲ့ဖူးတယ်လို့ သိရပါတယ်။

အဲ့ဒီ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဦးအောင်ဆန်းဦးက ကျေနပ်မှုမရှိခဲ့တဲ့အတွက် နေအိမ်ကိုရောင်းချပြီး ရရှိလာတဲ့ငွေကို တဝက်စီခွဲဝေယူဖို့ ထပ်မံလျှောက်ထား တောင်းဆိုခဲ့တာကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုလက်ခံပြီးနောက် လေလံတင်ရောင်းချဖို့ ဒီကနေ့မှာ ပြန်လည် အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်အထိ ကနဦး ကျခံနေရကာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာတော့ အမှု ငါးမှုအတွက် နစက က ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်သက်သာခွင့်အဖြစ် လျှော့ချပေးခဲ့ပြီး လက်ရှိမှာတော့ နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချထားမှု သုံးနှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နေအိမ်ကိုပါ လေလံတင်ရောင်းချဖို့ အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW