မီဇိုရမ်ပြည်နယ်မှာ မြန်မာလေးယောက်ကို လူသတ်အလောင်းဖျောက်မှုနဲ့ ဖမ်းဆီးထား

 

ဇန်နဝါရီ ၊ ၂၉ ၊ ၂၀၂၄

SP ( VOM)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသား လေးယောက်ကို လူသတ်ပြီး အလောင်းဖျောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဇန်နဝါရီ ၂၆ ရက်က အဲ့ဒီ မြန်မာနိုင်ငံသား လေးယောက်ကို မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒီကနေ့မှာ ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှာ နေထိုင်တဲ့ မြန်မာတယောက်က ” ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်က မီဇိုရမ်ပြည်နယ် ရှာဟာမြို့၊ ECM ရပ်ကွက်မှာနေထိုင်တဲ့ အိန္ဒိယနိုင်ငံသား သုံးဘီး တက္ကစီယာဉ်မောင်း လုပ်ကိုင်သူ KL Zoasa အသက် ၂၃ နှစ်ဆိုသူ အသတ်ခံရပြီး ၊ အလောင်းကို ဖျောက်ဖျက်ခံရတယ် ၊ အဲ့ဒီ သုံးဘီးတက္ကစီကို ( အခင်း ဖြစ်ပွားတဲ့ နေ့) က မြန်မာနိုင်ငံသား လေးယောက်က ရှာဟာမြို့ကနေ လောင်တလိုင်မြို့ကို ငှားသွားတယ် ၊ အဲ့ဒီနောက် တက္ကစီသုံးဘီးယာဉ်နဲ့ ယာဉ်မောင်းပျောက်ဆုံးနေတယ်ဆိုပြီး ကျန်ရစ်တဲ့ သုံးဘီးတက္ကစီသမားရဲ့ မိသားစုက လောင်တလိုင် ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းတယ် ၊ အဲ့ဒီနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတဲ့အခါ နောက်တနေ့ ၂၅ ရက်မှာ သုံးဘီးတက္ကစီသမားရဲ့ အလောင်းကို မြို့ပြင်ပတနေရာမှာ တွေ့ရှိရပြီး ဒဏ်ရာတွေ တွေ့ရတယ် ၊ အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ တက္ကစီငှားသွားတဲ့ မြန်မာနိုင်ငံသား လေးယောက်ကို ရဲကဖမ်းဆီးလိုက်တာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ မှုခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး လောင်တလိုင် ရဲစခန်းက ” ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူ မြန်မာနိုင်ငံသား လေးယောက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က ဖမ်းဆီးရမိပြီး စစ်ဆေးနေတယ် ၊ စစ်ဆေးပေါက်ချက်အရ သူတို့ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ် ပလက်ဝမြို့နယ် ၊ ရကန်ကျေးရွာ‌သား ကိုဟာဦးကာဦး၊ ကိုထန်းပွီးအား၊ ကိုမာနဆဲ့ နဲ့ ကိုလီဝင်းတို့ဖြစ်တယ် ၊ သူတို့ လေးယောက်က ရှာဟာမြို့ကနေ လောင်တလိုင်မြို့ကို မိန်းမခိုးယူဖို့ သုံးဘီးတက္ကစီ ငှားသွားတယ် ၊ အဲ့ဒီနောက် တက္ကစီခ ရူပီငွေ ၄၀၀ မပေးနိုင်လို့ တက္ကစီသမားကို သတ်လိုက်တာဖြစ်တယ် ” လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၁၂ ရက်လည်း မြန်မာ – အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်းတွယ်လ် (Lawngtlai) ခရိုင် ၊ ဆိုက်ဟားမြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ၂ ဦးဆီကနေ AK 47 သေနတ်ကျည်ဆံ အတောင့်ရေ ၁၈၀၀ ကျော် ဖမ်းမိတယ်လို့ သိရပါတယ်။

၂၀၂၃ အောက် တိုဘာ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ ၊ လဲန်းပွီးလေဆိပ်မှာ အိုင်ဇောလ်ကနေ နယူးဒေလီကို ပျံသန်းမယ့် လေယာဉ်ကြောင်းခရီးစဉ်မှာ လေယာဉ်စီးခရီးသည် မြန်မာနိုင်ငံသား တစ်ဦးဆီက ရူပီးငွေ သိန်း ၃၁၀၀ ကျော် ၊ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ( စိတ်ကြွဆေးပြား) တွေ ဖမ်းမိတယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးပေါင်စကျိန် ဆိုသူက ပြောပါတယ်။

မြန်မာ – အိန္ဒိယ နယ်စပ်ဒေမှာ မြန်မာနိုင်ငံသားတွေဆီက မကြာခဏ ဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာနဲ့ လက်နက်ခဲယမ်း မှောင်ခိုလုပ်ငန်းတွေ ဖမ်းဆီးရမိတာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

မီဇိုရမ်မှာနေထိုင်ပြီး မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတယောက်က ” မီဇိုရမ် – မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်တဲ့ မှုခင်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၂ မှာ လက်နက်မှု ၉ မှု ၊ မူးယစ်ဆေးဝါး ၁၃ မှုနဲ့ မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှု ၂ ကြိမ်ဖြစ်တယ် ၊ ၂၀၂၃ မှာ မူးယစ်မှု ၆ ကြိမ် ၊ လက်နက်မှု ၄ ကြိမ် ၊ တရားမဝင် ကုန်သွယ်မှု ၇ ကြိမ်နဲ့ ခိုးမှု ၃ ကြိမ်ဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလကစလို့ ချင်းပြည်နယ်ထဲမှာ တာဝန်ထမ်းဆောင်တဲ့ ရဲ ၊ မီးသတ်အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ ဒေသခံ ပြည်သူ ၂ သောင်းကျော်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ထဲမှာ သွားရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ထဲမှာ နေရာအနှံ့နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေ အေးချမ်း တည်ငြိမ်မှုမရှိတဲ့အတွက် နယ်စပ်ဒေသမှာ အိန္ဒိယဘက်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW