အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ သုံးသောင်းတိုးမယ်ဆိုတာ ကောလာဟလ သာဖြစ်

ဖေဖော်ဝါရီ ၈ – ၂၀၂၄
SN (VOM)

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေရဲ့ ပင်စင်လစာ တိုးမြှင့်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ (Information Team) က သိရပါတယ်။

လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်လစာကို ကျပ် သုံးသောင်းတိတိ တိုးမြှင့်ပေးမယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအတွက် လစာ တိုးမြှင့်ပေးဖို့နဲ့ စပ်လျဉ်းပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားမှု မရှိသေးဘူးလို့ သိရပါတယ်။

“ပင်စင်စားတွေ ပင်စင်တိုးတယ်ဆိုလို့ ဝမ်းသာနေကြတာ။ ပင်စင်စား သက်ကြီးတွေက ပင်စင်ပဲ အားကိုးပြီး ဘဝရပ်တည်နေကြတာပါ။ ခေတ်ကာလ အစစအရာရာ စျေးနှုန်းတွေတက်နေတာလေ။ အခု ပင်စင် တသိန်းသုံးသောင်း ရတယ်။ သုံးသောင်းတိုးမယ်ဆိုတော့ သားသမီးထောက်ပံ့မှုတွေနဲ့ ရပ်တည်နေကြသူတွေ အခိုက်အတန့် အဆင်ပြေသွားပြီဆိုပြီး ဝမ်းသာနေကြတာလေ။ အခု မဟုတ်တော့ဘူးဆိုတော့ ခဲလေသမျှသဲရေကျပေါ့” လို့ နေပြည်တော်က အငြိမ်းစား ဝန်ထမ်းတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံက ပင်စင်စား အစိုးရဝန်ထမ်းတချို့ဟာ “အငြိမ်းစား” ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြပေမယ့်လည်း သားသမီး ကျောထောက်နောက်ခံ မရှိတဲ့၊ စီးပွားရေးလုပ်ငန်းတွေကို မလုပ်ကိုင်တတ်တဲ့ အငြိမ်းစား ဝန်ထမ်းတွေကတော့ အခက်အခဲများစွာနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပြီး ပင်စင်လစာတခုတည်းနဲ့ အသက်ရှင် ရပ်တည်ဖို့ မလွယ်ကူကြပါဘူး။

“ကုန်ဈေးနှုန်းတွေက သိတဲ့အတိုင်း အကုန်လုံး နှစ်ဆ၊ သုံးဆ တက်နေတာဆိုတော့ ပင်စင်လစာလေးများတိုးရင် ဆိုပြီး မျှော်လင့်မိတာပေါ့။ ကိုယ်တွေ ပင်စင်စားတွေမှာက ဒါပဲ မျှော်လင့်ချက် ရှိတော့တာလေ။ မတိုးဘူးဆိုတော့လည်း စိတ်မကောင်းဖြစ်ရတယ်” လို့ ရန်ကုန်မြို့က အငြိမ်းစားဝန်ထမ်းတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်းတွေအတွက် အရင်က ပင်စင်လစာ အဆင့်ဆင့် တိုးမြှင့်လာခဲ့တာမှာ ၁၉၈၉ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ စတင်ကာ ပင်စင်လစာပေါ် ထပ်ဆောင်းခွင့်ပြုတဲ့ ယာယီ ဆောင်းငွေနဲ့ အပိုထောက်ပံ့ကြေးတို့ကိုပေါင်းပြီး ပင်စင်လစာအဖြစ် သတ်မှတ် ခွင့်ပြုခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲ့ဒီ့လိုပဲ ၁၉၉၃ ခုနှစ်၊ ဧပြီ ၁ နေ့မှာလည်း အငြိမ်းစားတွေ ထုတ်ယူလျက်ရှိတဲ့ ပင်စင်လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တိုးမြှင့်ခွင့်ပြုခဲ့ပြီး ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှာတော့ မိသားစုပင်စင် ခံစားလျက်ရှိတဲ့ ဇနီး/ခင်ပွန်းတို့အတွက် ပင်စင်လစာကို အငြိမ်းစားရရှိခဲ့တဲ့ ပင်စင်လစာ ၁/၂ နှုန်းမှ ၃/၄ နှုန်းကို တိုးမြှင့် ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၀၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်နေ့မှာလည်း ပင်စင်လစာကို နှစ်ဆ တိုးမြှင့် ခွင့်ပြုခဲ့သလို ၂၀၁၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှာလည်း ပင်စင်လစာကို ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင် ခွင့်ပြုခဲ့တဲ့ ဝန်ထမ်းလစာနှုန်းနဲ့ ပြင်ဆင်တွက်ချက်ပြီး တိုးမြှင့် ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာလည်း အငြိမ်းစားတွေရဲ့ ပင်စင်လစာပေါ်မှာ ကျပ် နှစ်သောင်းကို အခြေခံကာ လုပ်သက်နှစ်အလိုက် ထပ်ဆောင်း ပင်စင်လစာငွေတွေကို စတင်တိုးမြှင့် ခွင့်ပြုခဲ့တဲ့အပြင် ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာလည်း ပင်စင်လစာအပေါ်မှာ ကျပ် နှစ်သောင်းကို အခြေခံပြီး လုပ်သက်နှစ်အလိုက် ထပ်ဆောင်း ပင်စင်လစာငွေတွေ တိုးမြှင့် ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာလည်း ပင်စင်လစာကို လက်ရှိ လစာအပြင် ထပ်မံတိုးမြှင့် သတ်မှတ်တဲ့ ကျပ် လေးသောင်းခွဲကို အခြေခံပြီး လုပ်သက်နှစ်အလိုက် ထပ်ဆောင်း ပင်စင်လစာငွေအဖြစ် တိုးမြှင့် ခွင့်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာလည်း ပင်စင်လစာကို ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာ စတင်ခွင့်ပြုတဲ့ ဝန်ထမ်းလစာနှုန်းနဲ့ ပြင်ဆင်တွက်ချက်ကာ တိုးမြှင့် ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပင်စင်စား ကိုးသိန်းကျော်ရှိပြီး လစဉ် ၂၁ ရက်မှ လကုန်အထိ ပင်စင်ငွေထုတ်ယူခွင့် ပြုထားကာ ပင်စင်စားအများစုမှာ လစဉ်ထုတ်ယူခြင်းထက် အနည်းဆုံး နှစ်လတကြိမ်စုကာ ထုတ်ယူလေ့ရှိကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ပင်စင်လစာတွေကို မြန်မာ့စီးပွားရေးဘဏ်မှာ လွယ်ကူသက်သာစွာ ထုတ်ယူနိုင်ဖို့ e-Pension Card တွေပြုလုပ်ပြီး ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကာ Myanmar Mobile Money၊ Wave Money စတဲ့ မိုဘိုင်းလ်ဝန်‌ဆောင်မှုတွေကို အသုံးပြုပြီး ထုတ်ယူနိုင်ဖို့အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW