ဘီးလင်းနယ်မှာ ဒီရက်ပိုင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ လူသုံးဦးသေဆုံး ၊ လူ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ


မေ ၊ ၁၉ ၊ ၂၀၂၄
TT (VOM)

မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း မကြာခဏ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံးသူတွေရှိပြီး ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ကျုံအိတ်တံတား မိုင်းချိုးခံရပြီးနောက်ပိုင်း လေးငါးရက် ဆက်တိုက် ရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီရွာတွေကတော့ ရွှေရောင်ပြ ၊ အဝန်းကျေးရွာ ၊ ဝီယော်နဲ့ ဒေါက်ရပ်ဘက်တွေဖြစ်တယ် ၊ ငါးရက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူသုံးယောက် သေဆုံးတယ် ၊ ဆယ့်ငါးယောက်ကျော် ဒဏ်ရာရထားတယ် ၊ နောက်ပြီး လူနေအိမ် နှစ်ဆယ်ကျော်နဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးကုန်တယ် ၊ အဲ့ဒီရွာတွေမှာ လူမနေရဲတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရသူ လူ သုံးထောင်ကျော်လောက်ရှိမယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဝန်းကျေးရွာနေ ဒေသခံတယောက်က ” ကျုံအိတ်တံတား နောက်တကြိမ် မိုင်းခွဲခံရပြီး နောက်ပိုင်း အဲ့ဒီ နေရာဝန်းကျင် ရွာတွေဘက်မှာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုတွေရှိတယ် ၊ အပြန်အလှန်ပစ်ကြတာဆိုတော့ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးဆိုတာ မသိရဘူး ၊ အဲ့ဒါကြောင့် ရွာပေါင်း ရှစ်ရွာက ဒေသခံတွေဟာ အနီးနား တောတွေထဲမှာ တိမ်းရှောင်နေရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ယာယီတိုက်ပွဲရှောင် လူ သုံးထောင်ကျော်ထဲမှာ ကိုယ်ဝန်ဆောင် မိခင်နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တာကြောင့် ဆေးနဲ့ ဆေးပစ္စည်းတွေအပြင် အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW