ဆူးငှက်
“တော်ပြီကွာ…၊ အငြိမ့်ကရတာပင်ပန်းလှတယ်၊ စိတ် နာပြီ…”
“အငြိမ့်မကရင် ဘာလုပ်စားမတုန်း…”
“မုန့်ရောင်းစားမယ်…”
“ဘာမုန့်တုံး…”
“အရပ်ကတို့ ဖမ်းလိုက်စမ်းပါ၊ ဖမ်းလိုက်စမ်းပါ… ဆို တဲ့မုန့်”
“ဟ… ဘာမုန့်တုံးကွ”
“မုန့်လေပွေလေ…”
“သြော်… ဒီလိုလား။ ငါလည်း ပွဲမကတော့ဘူး”
“မင်းက ဘာလုပ်စားမှာလဲ”
“ငါလည်း မုန့်ရောင်းစားမှာပေါ့…”
“ဘာမုန့်လဲကွယ်…”
“ကိုင်း… ရွာစားရေ ရှမ်းဆိုင်းလေး…”
(အငြမ့်တီးဝိုင်းမှ ရှမ်းအိုးစည်တီးလုံးတီးစေ)
“မင်းဟာက…ရှမ်းအိုးစည်နဲ့ကတာကိုး… ဘာမုန့်တုံး ကွဲ့”
“မုန့်သိုင်းခြုံလေ…”တဲ့။
ငယ်ငယ်က ကြည့်ဖူးတဲ့အငြိမ့်ပြက်လုံးပါ။ အခုလို ဘုရားပွဲတော်၊ ကထိန်ပွဲတော် ရာသီရောက်ရင်တွေ့တဲ့ အငြိမ့်ပွဲ ခင်းမှာ ပရိသတ်ထဲတိုးပြီး ဖိနပ်ဖင်ခုထိုင်ကာ အငြိမ့်ကြည့်ရတဲ့ အရသာဟာ ပြန်လှန်တွေးကြည့်တော့ အလွန်လွမ်းဆွတ်စရာ ကောင်းလှပါတယ်။ လူပြက်က တောင်ရှည်ပုဆိုးကို ဖနောင့်နဲ့ ခတ်ကာ မ,တဲ့ပြီး ခါးတောင်းကျိုက်၊ ပုဝါစကို ခေါင်းပေါင်းရှမ်း ပေါင်း ပေါင်းပြီး ဆိုင်းက အိုးစည်သံနဲ့ လက်၂ဖက်ဝေ့ကာဝေ့ကာ ရှမ်းသိုင်း အကကပြီး ‘မုန့်သိုင်းခြုံလေ’လို့ပြောတော့ မျက်ရည် ထွက်အောင် ရယ်ခဲ့ရတာကိုး…။ ဒါပေမယ့်… ‘မောင်ရယ်…၊ မောင်ရယ်… မိန်းမကိုသနားပါဦး၊ လေးဆယ့်ငါးရက်မပြည့်သေး လို့ပါ ဆိုတဲ့မုန့်လေ…’လို့ အပြော… ကျန်လူပြက်တွေက ‘ဆနွင်း မကင်း…’လို့ ဖောက်လိုက်တာမျိုးတော့ ကလေးမို့ နားမလည် သေးဘူးပေါ့။ ဒါနဲ့ မရယ်မိဘူး။ နောက်မှ လူကြီးတွေ ပြန်မေးရတာ ကိုး…။ ကဲ… ထားပါတော့…။
ပွဲဈေးတန်းတွေမှာ အငြိမ့်ကြည့်ရတာ အရသာရှိတဲ့ အပြင် ဘုရားပွဲကအပြန်မှာ ပွဲဈေးတန်းက ‘မုန့်သိုင်းခြုံ’စားရတာ လည်း သိပ်အရသာရှိတယ်။ အငြိမ့်ကြည့်ပြီး အားရလို့ဖြစ်စေ၊ အိပ်ချင်လို့ဖြစ်စေ…၊ ပွဲခင်းက ပြန်အထွက်မှာ အခြားဈေးဆိုင်တွေ သိမ်းပေမယ့် ကွမ်းယာဆိုင်နဲ့အတူ မသိမ်းသေးတဲ့မုန့်ဆိုင်တွေထဲ မှာ မုန့်သိုင်းခြုံသည် ပါတယ်။ ပေပါခွံမီးဖိုကြီးတွေပေါ် သံပြားပက် လက် ဒယ်တွေ တင်ပြီး ဆီပါးပါးမှာ ကြက်ဥနဲ့ဖောက်ထားတဲ့ မုန့် နှစ်ကို အလောတော် အထူနဲ့အရွယ်အစားရအောင် ကျက်စေပါတယ်။ ပြီးရင်အလယ်မှာ သကြား၊ အုန်းသီး၊ တစ်ခါတစ်ရံ သီဟို စေ့၊ သပျစ်စေ့တွေထည့် ထာပနာပြီး စောစောက ကျက်နေတဲ့ မုန့် နှစ်အကာနဲ့ လှလှပပပြန်အုပ်လိုက်တာပါ။
အဲဒီမုန့်လေးကို သံပြားယောက်မလေးနှင့် အထက် အောက်လှန်ကာလှန်ကာ သံဒယ်ပက်လက်လေးပေါ် အပူပေးတာ ပါ။ သံဒယ်ကို ယောက်မနဲ့ခေါက်ပြီးလည်း ဈေးဝယ်ကို ခေါ်တတ်ပါ သေးတယ်။ ကြက်ဥနဲ့ မုန့်နှစ်ရဲ့ အဆိမ့်ဓာတ်၊ အုန်းသီးနဲ့ သကြား ရဲ့အချိုဓာတ်၊ သီဟိုစေ့ သပျစ်စေ့တို့ရဲ့ အဆိမ့် အချဉ်ဓာတ်တွေနဲ့ ပူပူနွေးနွေး စားကောင်းတဲ့ မုန့်တစ်မျိုးပါ။ မန္တလေးဘုရားပွဲဈေးတွေ မှာပဲ ရတတ်တဲ့ မုန့်တစ်မျိုးပေါ့… ။ ကြားရက်တွေမှာ အမြဲရတတ် တာကတော့ မန္တလေးအောင်တော်မူဘုရားရှေ့က မုန့်ဈေး ပန်း ဈေး မှာတော့ ၁၂ ရာသီ ရတတ်ပါရဲ့… ။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #မုန့်သိုင်းခြုံ