ခန္တီးရေကြီးမှု သေဆုံးသူ သုံးယောက်အထိ ရှိလာ၊ မြို့ပေါင်း ၁၆ မြို့မှာ မြစ်ရေမြင့်တက်မှု မိုး/ဇလ သတိပေး

 

ဇူလိုင် ၁၂ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ရေကြီးမှုကြောင့် သေဆုံးသူ သုံးယောက်အထိ ရှိလာနေပြီး မြို့ပေါင်း ၁၆ မြို့မှာ မြစ်ရေမြင့်တက်မှု ဂရုပြုဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

ခန္တီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကစပြီး ရေကြီးနစ်မြုပ်နေတာဟာ တပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး ရေကြီးမှုကြောင့် အခုရက်ပိုင်းအတွင်း ကလေးငယ်တယောက် အပါအဝင် သေဆုံးသူ သုံးယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“တယောက်ကတော့ ကလေးမြုပ်တာ။ ကလေးရေနစ်နေတော့ အဖေကလိုက်ကယ်ရင်းနဲ့ အဖေကိုပဲ ပြန်ရလိုက်တယ်။ ကလေးကတော့ ရေနစ်သေသွားတယ်။ နောက် အမျိုးသားတယောက်ကတော့ လှေကားပေါ်ကနေ ခြေချော်ကျရင်းနဲ့ ရေနစ်သေဆုံးသွားတာ။ နောက်ထပ် အမျိုးသားတယောက်ကတော့ အောင်သာကျေးရွာကလို့ သိရတယ်။ ကျွန်တော်တို့လည်း အဲဒီဘက်နဲ့ အလှမ်းဝေးတော့ သွားလို့မရသေးလို့ အခြေအနေ သေချာမသိရသေးဘူး” လို့ သူက ပြောပါတယ်။

ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၃၆၀ စင်တီမီတာ ရှိတာဖြစ်ပြီး အဲဒီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကျော်လွန်ကာ ၁၆၅၀ စင်တီမီတာအထိ မြင့်တက်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“လက်ရှိမှာတော့ မြစ်ရေက ၁၅၀ စင်တီမီတာလောက် ပြန်ကျသွားတယ်။ ၁၅၀၀ စင်တီမီတာကို ရောက်တာပေါ့။ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိနေတုန်းပါ။ စိုးရိမ်ရေမှတ်အောက် ရောက်ရှိဖို့က ၅ ပေ‌ ကျော်လောက် လိုနေသေးတယ်” လို့ သူက ပြောပါတယ်။

ရေကြီးမှု နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျောနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေလည်း ရှိနေပြီး အရင်နှစ်ကထက် ဖြစ်ပွားနှုန်း ပိုမိုများပြားကာ လက်ရှိမှာတော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေအနေနဲ့ ကျန်းမာရေးအသိပညာပေးမှုတွေ၊ လိုက်လံ ဆေးကုသပေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်သလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေဆဲဖြစ်တာကြောင့် တခြားသော ကျေးရွာတွေဘက်က အသေအပျောက် ရှိ၊ မရှိ အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၁၁ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့် (၁၇၅ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေပြီး နောက်တရက်အတွင်း ၂ ပေခန့် ကျဆင်းလာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ မန္တလေး၊ မြစ်ငယ် စတဲ့ မြို့ပေါင်း ၁၆ မြို့မှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ မိုး/ဇလက အကြံပြုထားပါတယ်။

စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသတွေမှာ မိုးခေါင်နေပြီး ပုံမှန်အားဖြင့် မိုးဖွဲဖွဲသာ ရွာလေ့ရှိပေမယ့် ချင်းတွင်းနဲ့ ဧရာဝတီမြစ်ဖျားပိုင်းတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ဆိုးဆိုးရွားရွားရေကြီးတာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အခုလို အောက်ပိုင်းဒေသတွေအထိ ရေကြီး၊ ရေလျှံတာတွေ ဆက်တိုက် ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ခန္တီး #ချင်းတွင်းမြစ်ရေ #မြင့်တက်မှု #သုံးယောက် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW