ရွှေကုက္ကိုလ်က လုပ်ငန်းတွေကို အပြီးထွက်ခွာခိုင်းထားပေမယ့် အလုပ်ခေါ်ယူမှုတွေ ဆက်ရှိနေ

စက်တင်ဘာ ၆ – ၂၀၂၄
KG(VOM)
ကရင်ပြည်နယ်၊မြဝတီခရိုင်အတွင်းမှာတည်ရှိတဲ့ ရွှေကုက္ကိုလ်ကလုပ်ငန်းတွေအားလုံးကို အခုစက်တင်ဘာလ အတွင်းမှာ အပြီးထွက်ခွာခိုင်းပေမယ့် ဒီထဲက လုပ်ငန်းအချို့ကတော့ ယနေ့အထိတိုင်အလုပ်ခေါ်ယူမှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတကာကဖိအားပေးမှုနဲ့ နိုင်ငံတော်၏ရဲ့ တောင်းဆိုမှုကြောင့် လက်ရှိလုပ်ဆောင်နေသောဒေသဆိုင်ရာဖွံ့ ဖြိုးရေးလုပ်ငန်းတွေကိုအကန့်အသတ်မရှိရပ်ဆိုင်းသွားမှာဖြစ်ပြီးရွှေကုက္ကိုလ် နဲ့ရထိုက်အပါအဝင် မြို့အတွင်းရှိ လုပ်ငန်းရှင်တွေနဲ့ဝန်ထမ်းများအားလုံးသည် အခုစက်တင်ဘာလ ၂၀ ရက်နေ့တွင်အပြီးတိုင်ပြောင်းရွှေ့ပေးဖို့ကို မြန်မာနိုင်ငံ၊ကရင်ပြည်နယ် ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံးက မကြာသေးခင် ထုတ်ပြန်ကြေညာ ထားတာဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင် အကျုံးဝင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း လူမှုကွန်ရက်နဲ့ နီးစပ်ရာတွေကတဆင့် အလုပ်ခေါ်ယူမှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ဆီမှာအလုပ်လျှောက်တာနဲ့ English စကား ပြောတတ်လားဆိုတာကိုဖုန်းနဲ့အင်တာဗျူးတယ်။ အဲဒီအင်တာဗျူး ပေးတဲ့ကားနဲ့ စရိတ်ငြိမ်းအခမဲ့မြဝတီဘက်ကို လာရတာပေါ့၊သူတို့ပေးတဲ့လစာကလည်း အတော်လေးမက်လောက်စရာဆိုတော့ တချို့တွေလည်းသွားကြတယ်။ တချို့ကုမ္ပဏီတွေကလစာကိုမြန်မာငွေနဲ့ပေးတဲ့ဟာရှိသလို ထိုင်းဘတ်ငွေနဲ့ပေးတဲ့ကုမ္ပဏီလည်းရှိပါတယ်။ တလောကပဲကျွန်တော်အသိတယောက်ကမြ၀တီမှာ အလုပ်လာလုပ်မလားဆိုပြီးလှမ်းခေါ်ပါတယ်။ သူပြောတဲ့လစာကအတော်လေးကောင်းတယ်။အဲဒီလိုအွန်လိုင်းကလုပ်ရတဲ့ကျားဖြန့်လိုလုပ်ငန်းတွေပဲထင်ပါတယ်”လို့ မကြာသေးခင်ရက်ပိုင်းက အလုပ်ကမ်းလှမ်းခံရသူတယောက်က ဆိုပါတယ်။
အဲဒီကရင်ပြည်နယ်၊မြဝတီခရိုင်နဲ့ ရွှေကုက္ကိုလ်မြို့အတွင်း ဒါဇင်နဲ့ချီတည်ရှိတဲ့ တရုတ်ဂိုဏ်းရဲ့ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် မြန်မာဘက်ကလက်နက်ကိုင်အဖွဲ့အချို့လည်းပါ၀င်ပတ်သက်မှုတွေရှိနေတယ်လို့ နိုင်ငံတကာမူဝါဒဆိုင်ရာလေ့လာရေး၊ သုတေသနလုပ်ငန်း၊ သင်တန်းနဲ့ သုံးသပ်ချက်ဆောင်းပါးများပြုစု ဆောင်ရွက်နေတဲ့ အမေရိကန်အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ United States Institue of Peace (USIP)အဖွဲ့က ရေးသားဖော်ပြထားပါတယ်။
“အရင်ထဲကရွှေကုက္ကိုလ်မြို့ဘက်တွေကိုသွားချင်တိုင်းသွားမရဘူး။အဲဒီနေရာကိုတော်ရုံလူဝင်၊ထွက်သွားလာဖို့ဆိုတာကလည်းမလွယ်ကူပါဘူး။လက်နက်ကိုင်အစောင့် အရှောက်လုံခြုံရေးတွေတအားပေါတယ်။မြ၀တီဘက်ကသွားရင်သူတို့မြို့မရောက်ခင်မှာဂိတ်တဂိတ်ရှိတယ်။ အဲဒီမှာစာရင်းပေးရတယ်။ဘယ်သူ့ကိုလာပို့တယ်ဆိုတာကို လေ။ အပြန်လည်းအဲဒီလိုပဲ ဘယ်သူကိုလာကြိုပါတယ်ဆိုပြီးရွှေကုက္ကိုလ်အဝင်ကသက်ဆိုင်ရာကိုသတင်းပို့ရတယ်။ ရွှေကုက္ကိုလ်ကမြ၀တီကနေဆိုသိပ်မဝေးဘူး။ ဆိုင်ကယ်နဲ့ဆိုမိနစ် ၂၀ လောက်သွားရင်ရောက်ပါတယ်”လို့ မြ၀တီမြို့ ဒေသခံတယောက်က ပြောပြပါတယ်။
ရွှေကုက္ကိုလ် ကရင်ပြည်နယ်၊မြဝတီမြို့ရဲ့ မြောက်ဘက်မှာတည်ရှိပြီး မြန်မာဘက်ကချစ်လင်းမြိုင် ကုမ္မဏီနဲ့ ရထိုက်နိုင်ငံတကာဦးပိုင်ကုမ္ပဏီ(Yatai International Holdings Group)တို့ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်မှာ စတင်တည်ဆောက်ထားတဲ့ နိုင်ငံတကာအဆင့်မီမြို့သစ်စီမံကိန်းတစ်ခုဖြစ်တယ်လို့ သတင်းဌာနကြီးတွေက ရေးသားဖော်ပြထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
Photo – CJ
ပုံစာ – မြ၀တီခရိုင်အတွင်းမှာရှိတဲ့ ရွှေကုက္ကိုလ်မြို့အား တွေ့ မြင်ရစဥ်။

Related posts

Leave a Comment

VOM News

FREE
VIEW