အောက်တိုဘာ ၈ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်းအတွင်းက ဒီပဲယင်းမြို့နယ်နဲ့ မြောင်နဲ့ ချောင်းဦးမြို့နယ်ကြားမှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်မှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာမှာ ဒီကနေ့ နေ့လယ် ၁ နာရီ၊ ၁၈ မိနစ် ဝန်းကျင်က စက်တပ်လေထီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“လေးယောက်လုံး နေရာမှာတင် ပွဲချင်းပြီး သေတယ်။ နေအိမ်လည်း ပျက်စီးသွားတယ်။ ဒီဘက်မှာက ဒရုန်းတွေ မကြာခဏ ဝဲနေတာ။ အားလုံး လေကြောင်းအန္တရာယ်နဲ့ ပတ်သက်လို့ အမြဲ နားစွင့်ထားဖို့လိုပါတယ်။ စက်တပ်လေထီးအသံ၊ လေယာဉ်သံတွေကြားတာနဲ့ ပုန်းခိုကျင်းတွေထဲ ဂရုတစိုက် အမြန်ရှောင်တိမ်းကြစေချင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မြောင်နဲ့ ချောင်းဦးမြို့နယ်အစပ်၊ ပန်းလှကျေးရွာရှိ ဘုန်းကြီးကျောင်းမှာလည်း ဒီကနေ့ နေ့လယ် ၁ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ခဲ့ပြီး နှစ်ယောက် ဒဏ်ရာရကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မုံရွာမြို့နယ်အနီး၊ ပျံကျအနောက်ရွာ ဘုန်းကြီးကျောင်းမှာလည်း မနေ့ အောက်တိုဘာ ၇ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် ဒဏ်ရာရကာ ကျောင်းဆောင်တချို့ ပျက်စီးခဲ့သလို အဲဒီမြို့အနီးမှာပဲ အောက်တိုဘာ ၄ ရက်နေ့ကလည်း ဘူးထောင်းကန်နဲ့ ထနောင်းဝန်းကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းအန္တရာယ်က နေ့စဉ်လို ဖြစ်နေပြီ။ နေ့တိုင်း ရင်တထိတ်ထိတ်နဲ့ နေနေရတယ်။ လေယာဉ်သံတွေ၊ ပေါက်ကွဲသံတွေကြားရင် နေစရာမရှိအောင် ကြောက်ရတာ။ နေရာပေါင်းစုံ ဖြစ်နေတော့ ဘယ်နေရာရှောင်လို့ ရှောင်ရမှန်းတောင် မသိတော့ဘူး” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ဒေသတွင်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ လေကြောင်းရန် စိုးရိမ်ရမှုကြောင့် ဒေသခံတွေဟာ ၎င်းတို့ရဲ့ နေအိမ်တွေနဲ့ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ကာ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာလည်း တနေ့ထက်တနေ့ တိုးလာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေ စာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ ပျက်စီး ဆုံးရှုံးရရုံသာမက ပြည်သူတွေရဲ့ စားဝတ်နေရေးဟာလည်း အကျပ်တည်းဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေလည်း ပျက်စီးမှုရှိနေပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာမှုကြောင့်လည်း စစ်ဘေးရှောင်စခန်းတွေမှာ အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါး မလုံလောက်မှု ပြဿနာတွေကို ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
Photo – CJ
