ရွှေ၊ ကားနဲ့ ဆိုင်ကယ်တွေ အွန်လိုင်းမှာ ရောင်းချရင် အရေးယူမယ်

အောက်တိုဘာ ၈ – ၂၀၂၆
SN (VOM)
ရွှေနဲ့ ရွှေပါဝင်တဲ့ ပစ္စည်းတွေ၊ ကားနဲ့ ဆိုင်ကယ်တွေ အွန်လိုင်းမှာ ရောင်းချမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တားမြစ်ထားပြီး လိုက်နာခြင်းမရှိပါက အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကာ တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။
ဈေးကွက် တည်ငြိမ်ရေးနဲ့ စားသုံးသူတွေ နစ်နာမှာ မရှိစေရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အွန်လိုင်းကတဆင့် ဈေးရောင်းချခွင့် လိုင်စင်တွေကို သက်တမ်းတိုးမပေးတာလို့ သိရပါတယ်။
“အွန်လိုင်းမှာ ပစ္စည်းတွေ ကြော်ငြာလို့ ရတယ်။ ဒါပေမယ့် live လွှင့်ပြီး ဈေးရောင်းတာမျိုးကို ခွင့်မပြုဘူးလို့ ပြောထားတာပါ။ ဒီထုတ်ပြန်ချက်ကို ပယ်ဖျက်တဲ့ နောက်ထပ် ကြေညာချက် မထွက်မချင်း ဒါက အတည်ပဲလို့ ပြောထားတယ်” လို့ စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရွှေနဲ့ပတ်သက်လို့ ရွှေ၊ ရွှေကြမ်း လက်ဝတ်ရတနာ၊ ရွှေ၊ ရွှေကြမ်းနဲ့ ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းတွေနဲ့ အသုံးအဆောင်တွေ ရောင်းဝယ်တဲ့လုပ်ငန်းကို အွန်လိုင်းကနေ ရောင်းချမှုအတွက် Online Sales မှတ်ပုံတင်လက်မှတ် ခွင့်ပြုပေးတာ မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် ကျောက်မျက် (သီးသန့်) ရောင်းချတဲ့သူတွေအနေနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလိုင်စင်နဲ့အတူ ရွှေ၊ ရွှေကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းချတာမရှိကြောင်း ဝန်ခံကတိပြုပါက မှတ်ပုံတင် ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။
“လိုင်စင်သက်တမ်း တိုးမပေးတော့ဘူးဆိုပြီး ပြောထားတာ သုံး၊ လေးလလောက်တော့ ရှိပါပြီ။ တနှစ်ပြည့်ချိန်ကစပြီး သက်တမ်း ထပ်မတိုးပေးတော့တာ။ ကျွန်တော်တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ခေါ်ပြောတယ်။ ဒီစာ ထွက်ထားတယ်၊ အွန်လိုင်းမှာ ရောင်းလို့မရဘူး ဆိုတဲ့အကြောင်း၊ ခေါ်ပြီး အသိပေးထားတာတော့ ရှိပါတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ဒါအပြင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်တွေကိုလည်း အွန်လိုင်းမှတဆင့် ရောင်းချခြင်းကိုပါ တားမြစ်ထားပြီး ယာဉ်အပိုပစ္စည်းတွေ ရောင်းချဖို့အတွက် မှတ်ပုံတင် ပြုလုပ်ရာမှာ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တွေအတွက် လျှောက်ထားခြင်း မဟုတ်ကြောင်း ဝန်ခံကတိနဲ့ တင်ပြရမှာဖြစ်သလို ဌာနက ထပ်မံတောင်းခံတဲ့ အချက်အလက်၊ ထောက်ခံချက်တွေကိုလည်း တင်ပြနိုင်ရမယ်လို့ စီးပွား/ကူးသန်း ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းကတဆင့် ရောင်းချတဲ့ လုပ်ငန်းတွေအတွက် မှတ်ပုံတင်ခွင့်ပြု ထုတ်ပေးတာတွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စတင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး စားသောက်ကုန်နဲ့ အလှကုန်ပစ္စည်းတွေ၊ ယာဉ်အပိုပစ္စည်းတွေ၊ FDA မှ အတည်ပြုပေးတဲ့ ဆေးဝါး၊ ကုသရေးသုံးပစ္စည်းနဲ့ ဖြည့်စွက်စာတွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ၊ ရုပ်သံနဲ့ ကြော်ငြာဝန်ဆောင်မှုတွေ၊ ကျောက်မျက်သီးသန့် ရောင်းချခြင်းတွေကို သတ်မှတ်ချက်တွေနဲ့အညီ ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ မိမိရောင်းချလိုတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေအတွက် သက်ဆိုင်ရာလိုင်စင်၊ ခွင့်ပြုချက်တွေကိုလည်း ပြည့်စုံစွာ ရယူထားရမှာဖြစ်ပြီး လျှောက်ထားရာမှာ လုပ်ငန်းအမျိုးအစားကို မှန်ကန်စွာရွေးချယ်ကာ လိုအပ်တဲ့ ထောက်ခံချက်၊ ဝန်ခံကတိနဲ့ စာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်မှာဖြစ်ပြီး မှတ်ပုံတင် ရရှိပြီးတဲ့နောက်မှာလည်း တင်ပြထားတဲ့ အချက်အလက်နဲ့ အမှန်တကယ်လုပ်ကိုင်မှု ကိုက်ညီနေဖို့ တာဝန်ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW