ကိုယ်ဝန်ရှိနေတဲ့ မိန်းကလေးငယ်တယောက်ကို ရည်းစားက သတ်ပြီး အလောင်းဖျောက်မှု ပေါင်မြို့နယ်မှာ ဖြစ်ပွား



အောက်တိုဘာ ၁၁ – ၂၀၂၄
SS (VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိန်းကလေးငယ်တယောက် အသတ်ခံရပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အဲဒီ မိန်းကလေးဟာ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး ငါးရက်ကြာ ပျောက်ဆုံးနေရာမှ မနေ့ အောက်တိုဘာ ၁၀ ရက်မှာ ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပျောက်နေတာကတော့ အောက်တိုဘာ ၅ ရက်နေ့ကတည်းကပေါ့။ အဲဒီနေ့ ညနေပိုင်းက သူ့အဘွားကို ရေတံခွန် သွားလည်မယ်လို့ ခွင့်တောင်းပြီး အိမ်ကထွက်သွားကတည်းက ပြန်မလာဘဲ ပျောက်နေတာ။ ပြန်တွေ့တော့ အလောင်းကတော့ ပုပ်ပွနေပြီ။ ဝမ်းဗိုက်မှာ ဓားဒဏ်ရာတချက် တွေ့တယ်။ သူဝတ်ထားတဲ့ နားကပ်လည်း မရှိတော့ဘူး။ နောက်ပြီး ခန္ဓာကိုယ်မှာလည်း အဝတ်အစားတွေ ကျွတ်နေတာမျိုးတွေ့ရတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။

သူမရဲ့ရုပ်အလောင်းကို မနေ့ အောက်တိုဘာလ ၁၀ ရက်၊ မနက်ပိုင်းက ဇင်းကျိုက်မြို့၊ ပန်းကုန်းကျေးရွာ၊ စိတ္တသုခလမ်း (အောက်ပိုင်း) တောစပ်ရဲ့ ဝါးရုံတောအနီးမှာ ပြန်လည် တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့ အဲဒီ မိန်းကလေးကို လူငယ်တယောက်က ဆိုင်ကယ်နဲ့ တင်ဆောင်သွားတာကို ဒေသခံတွေက တွေ့ရှိထားတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ မိန်းက‌လေးငယ်ရဲ့ ရည်းစားဖြစ်သူ အမှတ် (၅) နယ်မြေ၊ ဆားဖိုစုရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် ထွန်းထွန်းဝင်း ဆိုသူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သံသယတရားခံအဖြစ် စွပ်စွဲခံထားရသူ ထွန်းထွန်းဝင်း ဆိုသူကို စစ်ဆေးရာမှာ သေဆုံးသူမိန်းကလေးမှာ ကိုယ်ဝန်ရှိနေတာကြောင့် တာဝန်ယူဖို့ ပြောဆိုတဲ့အတွက် အသင့်ပါလာတဲ့ဓားနဲ့ ထိုးသတ်ခဲ့ကာ သူမ ဝတ်ဆင်ထားတဲ့ နားကပ်ကို ဖြုတ်ယူခဲ့ပြီး သက်သေခံ ဓားနဲ့ မိန်းကလေးရဲ့ ထဘီကို အမှိုက်ပုံမှာ စွန့်ပစ်ခဲ့ကြောင်းဝန်ခံ ထွက်ဆိုထားတယ်လို့ သိရပါတယ်။

ဒါအပြင် အခင်းဖြစ်ပွားချိန် အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ကိုလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပြီး လက်ရှိမှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဇင်းကျိုက်နယ်မြေရဲစခန်းက (ပ) ၇၁/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၀၂၊ အမှုကြီးအမှတ်စဉ် (၅/၂၀၂၄) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW