ဗန္ဓုလတံတားအဆင်း ယာဥ်တိုက်မှု အမျိုးသမီး နှစ်ယောက်သေ​ပြီး ကားသမားထွက်ပြေး

ဇန်နဝါရီ ၂၀ – ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ၊ ဗန္ဓုလတံတားအဆင်းမှာ ဇန်နဝါရီ ၁၉ရက်နေ့ညပိုင်းက အမျိုးသမီးနှစ်ယောက် ကားတိုက်ခံရပြီးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
မနေ့က ည၆ နာရီကျော်လောက်မှာ ကားတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးနှစ်ယောက် ကိုဝင်တိုက်ခဲ့တဲ့ကားသမားကတော့ ကားမောင်းပြီးထွက်ပြေးသွားကြောင်း၊ တိုက်ခံရတဲ့အမျိုးသမီးနှစ်ယောက်ရဲ့မိသားစုဝင်တွေနဲ့လည်းအဆက်သွယ်မရသေးဘူးလို့သိရပါတယ်။

“ဒေါပုံဘက်ခြမ်းအဆင်းမှာဖြစ်တာပါ။လမ်းဖြတ်ကူးတာကိုတိုက်သွားတဲ့ပုံပါ။အဝေးကတော့ဖြစ်ပုံမရဘူး။ဒါပေမယ့်ခုချိန်ထိသူတို့နဲ့ပတ်သက်လို့ဘာမှစုံစမ်းလို့မရသေးဘူး။မနေ့က ၆ နာရီ၂၀လောက်ကတိုက်တာ။လက်ရှိယာဥ်ထိန်းရဲ့သုံးသပ်ချက်အရတော့တိုက်သွားတဲ့ကားကိုတော့ခန့်မှန်းထားတယ်။တိုက်သွားတဲ့ကားရဲ့ကျန်ခဲ့တဲ့ပစ္စည်းအပိုင်းအစကိုကြည့်ပြီးခန့်မှန်းတာပေါ့။ယာဥ်တိုက်မှုဖြစ်ချိန်မီးကလည်းပြတ်နေတော့CCTV ကလည်းကြည့်မရဘူးဖြစ်နေတယ်။” လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်ကပြောပါတယ်။
လက်ရှိမှာ တာဝန်ရှိသူတွေကတော့ လူသေစေ တဲ့အထိ တိုက်ပြီးမောင်းပြေးသွားတဲ့ ကားကိုစုံစမ်းရှာဖွေနေကြောင်း၊ သေဆုံးအမျိုးသမီးတွေက အသက် ၂၀ ဝန်းကျင်နဲ့၂၇ ဝန်းကျင်လောက်တွေဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ ရန်ကုန်ဆေးရုံ ကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲမှာ Light Truck ယာဥ်တစီး အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်ကိုဝင်ရောက်တိုက်မိပြီး အမျိုးသားငါးယောက်၊ အမျိုးသမီးငါးယောက်နဲ့ ကလေး နှစ်ယောက်တို့ ထိခိုက် ဒဏ်ရရှိခဲ့တယ်လို့သိရပါတယ်။
နှစ်သစ်ကူးညကလည်း ရန်ကုန် တိုင်း ၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာနှင်းဆီအိမ်ရာအရှေ့၊ ရတနာလမ်းပေါ်မှာ ယာဥ် နှစ်စီးတိုက်မိပြီး လေးယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
Photo -သစ္စာမဏ္ဍိုင်

Related posts

Leave a Comment

VOM News

FREE
VIEW