Ms(VOM)
ဇန်နဝါရီ ၂၆-၂၀၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ရေမြေတောတောင် သဘာဝ ရှုခင်းများ ကြည့်ရှုခံစားနိုင်ရန်အတွက် ခရီးသည် (၁၅)ဦး လိုက်ပါစီးနင်းနိုင်တဲ့ Tour Train (RGC) ရထားစင်းလုံးငှား ခရီးစဉ်ကို ယခုလကစတင်ကာမြန်မာ့မီးရထား ကပြေးဆွဲပေးနေကြောင်းသိရပါတယ်။
အဆိုပါ Tour Train (RGC) ရထားစင်းလုံးငှား ခရီးစဉ် ကို ဇန်နဝါရီ ၂၄ ရက် ကစတင်ပြေးဆွဲတာဖြစ်ပြီးခရီးစဉ်အဖြစ် အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်) ခရီးစဉ်များကို ပြေးဆွဲပေးနေတာလို့ဆိုပါတယ်။
” အရင်က တော့ ဂုတ်ထိပ်တံတားနဲ့ကလောဘူတာအနီးပတ်ဝန်းကျင်အထိတွေကို ရထားပြေးပေးနေတာရှိပေမယ့်။အခုလိုသီးသန့်စင်းလုံးငှားခရီးကတော့ခုမှစတာပါ။နိုင်ငံခြားသားခရီးသွားလာသူတွေကိုရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းက ရေမြေတောတောင်သဘာဝရှုခင်းတွေ၊ ဒေသန္တရဗဟုသုတ တွေရရှိစေဖို့ရည်ရွယ်ပြေးဆွဲပေးတာလည်းဖြစ်ပါတယ်”လို့ မြန်မာ့မီးရထားကတာဝန်ရှိသူကတယောက်ကပြောပါတယ်။
ယင်း Tour Train (RGC) ရထားစင်းလုံးငှားခရီးစဉ်တခုအတွက်ကို (အသွား-အပြန်) ကျပ် ၁၂၀၀၀၀ နှုန်းဖြင့် စိတ်ပါဝင်စားတဲ့ မည်သူမဆို ငှားရမ်းစီးနင်းနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
နောက်ထပ် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အထင်ကရမီးရထားခရီးစဉ်တွေဖြစ်တဲ့ ရန်ကုန်-မန္တလေး လမ်းပိုင်းထဲမှာပါဝင်တဲ့ သာစည်-ရွှေညောင်-တောင်ကြီးမီးရထားလမ်းပိုင်း ကိုလည်းလာမယ့် ဇန်နဝါရီ၂၈ရက် မှာဖွင့်လှစ် ပြေးဆွဲပေးသွားမယ်လို့အသိပေးထားပါတယ်။
အဆိုပါ သာစည်-ရွှေညောင်-တောင်ကြီးမီးရထားလမ်းပိုင်းက ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ရာဂီစူပါတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ် ရေကြီး ရေလျှံမှုကြောင့် ရထားလမ်းတာပေါင်များ၊ တံတားများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ရထားပြေးဆွဲခြင်းကိုယနေ့အထိ ရပ်နားခဲ့နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တော့ သာစည်-ရွှေညောင်လမ်းပိုင်းများပြန်လည်ပြုပြင်ထားပြီးဖြစ်လို့ ဇန်နဝါရီ၂၈ရက်မှာ လမ်းပိုင်းများအားလုံးဖွင့်ကာယခင်က ပြေးဆွဲပေးခဲ့သော အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင် လူစီးရထားကို ဇန်နဝါရီ ၃၁ ရက်(သောကြာနေ့)တွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန် ရွှေညောင်- သာစည် လူစီးရထားကို ဖေဖော်ဝါရီ ၃ ရက်(တနင်္လာနေ့) တွင်လည်းကောင်း ပြန်လည်ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။
အဲ့ဒီ့ အမှတ် (၁၄၁)အဆန် သာစည်-ရွှေညောင်ရထားကို သောကြာ နေ့နဲ့ အမှတ်(၁၄၂)အစုန် ရွှေညောင်-သာစည် ရထားကို တနင်္လာနေ့များတွင်အပတ်စဉ် ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခမှာ ရိုးရိုးတန်း ငွေကျပ် ၉၀၀၀ နှုန်နဲ့အထက်တန်း လက်မှတ်ခမှာ ငွေကျပ် ၁၂၀၀၀ နှုန်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။
Photo- Cj