ZY(VOM)
ဇန်နဝါရီ ၂၈၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုဇန်နဝါရီလ၊ နောက်ဆုံးပါတ်အတွင်း စက်သုံးဆီဈေးမြှင့်တက်ပြီး ဝယ်ယူရခက်ခဲလာမှုကြောင့် စက်လှေသမားတွေ အခက်အခဲ ကြုံတွေ့နေ ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အင်းလေးကန်အတွင်းမှာ ပြေးဆွဲနေတဲ့ စက်လှေသမားတွေဟာ ဒီဇယ်အင်ဂျင်တပ်စက်လှေတပ်ကို မောင်းနှင်ပြေးဆွဲနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ဒုတိယပါတ်အတွင်းက ဒေသတွင်းမှာ ဒီဇင်(ရိုးရိုး)တလီတာကို ၂၉၀၀ကျပ်ဝန်းကျင်၊ ပရီမီယံဒီဇယ်တလီတာကို ၃၅၀၀ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပြီး ဝယ်ယူရ အခက်အခဲမရှိသလောက်နည်းပါးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် မနေ့ဇန်နဝါရီလ ၂၇ရက်နဲ့ ဒီကနေ့မှာတော့ ဒီဇင်(ရိုးရိုး)တလီတာကို ၃၅၀၀ကျပ်ဝန်းကျင်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၄၃၀၀ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိလာနေပြီး ပုံးခွံတွေနဲ့ ဝယ်ယူကြရတဲ့ စက်လှေသမားတွေကို စက်သုံးဆီဆိုင်အချို့က ရောင်းချမပေးတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“အရင်ကတော့ ပုံးဝါတွေနဲ့ ညောင်ရွှေက ဆီပန်စ့်တွေပေါ်မှာ သွားဝယ်တာ အဆင်ပြေတယ်။ ဒီလိုပဲ အမြဲတမ်း ဝယ်လာတာ။ အခုက တချို့ပန်စ့်တွေက ပုံးတွေနဲ့ဆို ရောင်းမပေးတော့ဘူး။ ကား၊ ဆိုင်ကယ်တွေပဲ ရောင်းပေးတာဆိုပြီး ပြောလာတယ်။ အဲဒီတော့ ရွှေညောင်၊ တောင်လေးလုံးအထိ သွားဝယ်နေရတယ်”လို့ ဒေသခံစက်လှေသမားတယောက်က VOMကို ပြောပါတယ်။
စက်လှေခ စျေးနှုန်းတွေအနေနဲ့ ညောင်ရွှေကစီးပါက ၈၀၀၀၀ကျပ်ကနေ တသိန်းကျော်၊ မိုင်းသောက်ကနေ စီးမယ်ဆိုပါက ၅၀၀၀၀ကျပ်ဝန်းကျင်၊ နန်းပန် လှေဆိပ်ကနေ စီးပါက ၄၀၀၀၀ကျပ်ကနေ ၈၀၀၀၀ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေပြီး စက်သုံးဆီဈေးမြင့်တက်လာပေမယ့် စက်လှေခ ဈေးတက်လို့ အဆင်မပြေတဲ့ အခြေအနေဖြစ်နေတာကြောင့် တွက်ချေမကိုက်ဖြစ်နေရတယ်လို့ စက်လှေသမားတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ကြေးစားကုန်းကျောင်း၊ အင်းလယ်ဗိုလ်တဲ၊ မိုင်းသောက်တံတား၊ ယက္ကန်းငွေထည် ၊ အင်းပေါခုန်ကျေးရွာရှိ လက်ဆောင် ပစ္စည်းဆိုင်မတို့ကို လာရောက်လည်ပတ်သူ များပြားနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local