အမေရိကန်မှာ အထောက်အထားမဲ့ နေထိုင်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၈-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံတဝန်းမှာ တရားမဝင်အထောက်အထားမဲ့ နေထိုင်သူတွေကို ဖြိုခွင်းမှုအဖြစ် ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့တဲ့နေ့မှာ တရက်တည်း လူ ၁၀၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနတာဝန်သူတွေက ပြောပါတယ်။
ချီကာဂို၊ နယူးဝါ့ခ်နဲ့ မိုင်ယာမီအပါအဝင် မြို့အများအပြားမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အထောက်အထားမဲ့တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ်လို့ သမ္မတသစ် ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲကာလမှကတည်းက ကတိပြုခဲ့တာပါ။
ဒီထဲမှာ ပြစ်မှုအမျိုးမျိုး ကျူးလွန်ခဲ့တဲ့ အထောက်အထားမဲ့တွေပါဝင်ပြီး ကြသပတေးနေ့မှာ ၅၃၈ ယောက်၊ သောကြာနေ့မှာ ၅၃၉ ယောက်၊ စနေနေ့မှာ ၂၈၆ ယောက်နဲ့ တနင်္ဂနွေနေ့မှာတော့ ၉၅၆ ယောက်ထိ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမယ့် သူတို့ထဲက ဘယ်နှစ်ယောက်ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ စီရင်မလဲဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားတာမရှိပါဘူး။ ထရန့်ကတော့ အထောက်အထားမဲ့တွေကို နေ့စဉ် ၁၂၀၀ ကနေ ၁၅၀၀ ထိဖမ်းဆီးဖို့ ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။
န ယ်စပ်လုံခြုံရေးကို ပိုကောင်းအောင်လုပ်ဖို့လိုပြီး ရာဇဝတ်ကောင်တွေကိုလည်း ဖယ်ရှားဖို့လိုတယ်လို့ အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အထောက်အထားမဲ့တွေ ဖမ်းဆီးမှုကို အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ကော်လိုရာဒို၊ လူဝီစီယားနား၊ နယူးယောက်နဲ့ ဝါရှင်တန်တို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။
ဒေါ်နယ်ထရန့်ဟာ သမ္မတဖြစ်လာပြီးနောက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာစနစ်ကို ပြန်လည်ပြင်ဆင်ဖို့ ညွှန်ကြားချက် ၂၁ ချက်ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတဟောင်းဂျိုးဘိုင်ဒင် လက်ထက်မှာတော့ အထောက်အထားမဲ့ ၂၁၁ ယောက်ကို နေ့တိုင်း ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW