ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုန်ပစ္စည်းတွေအပေါ် မနက်ဖြန်ကစပြီး အခွန်ကောက်ခံတော့မယ်လို့ ကြေညာလိုက်ပါတယ်။
မက္ကဆီကိုနဲ့ ကနေဒါတို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး ဒီကိစ္စကိုတားဆီးဖို့ နှောင့်နှေးဖို့ သုံးနိုင်ငံစလုံးက ဘာမှလုပ်လို့မရဘူးလို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဒီနိုင်ငံတွေအပေါ် စည်းကြပ်ခွန်တွေကောက်မယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်များစွာကပင် ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားခဲ့တာဖြစ်ပြီး အမေရိကန်နယ်စပ်မှ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဖန်တနိုင်းမူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို အဲဒီနိုင်ငံတွေက ကိုင်တွယ်ဖြေရှင်းချိန်ထိ အရေးယူပိတ်ဆို့မှုတွေ ထားမယ်လို့ ပြောပါတယ်။
ဒီလိုအခွန်ကောက်မှုကြောင့် စားသုံးသူတွေ စရိတ်စက ပိုမိုပေးဆောင်ရမှာကို နားလည်ပြီး ရေတိုကာလမှာတော့ အဆင်မပြေမှုတွေ ဖြစ်နိုင်တယ်လို့ ထရန့်ကဆိုပါတယ်။ အခုလိုသွင်းကုန်တွေအပေါ် အခွန်တိုးကောက်ပြီး လက်တုံ့ပြန်တာဟာ ကမ္ဘာတဝန်းရှိ စီးပွားရေး လုပ်ငန်းတွေအပေါ် အနှောက်အယှက်ဖြစ်နိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သတိပေးထားပါတယ်။
အမေရိကန်ရဲ့ အခုလို အခွန်ကောက်ဖို့ စီစဉ်နေတဲ့အဆင့်မှာ ဒီသုံးနိုင်ငံစလုံး ဘာအခွင့်အရေးမှ ရှိလာမှာမဟုတ်ဘူးလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဒေါ်နယ်ထရန့်က အိမ်ဖြူတော်မှာ ဖြေကြားခဲ့ပါတယ်။
ဒေါ်နယ်ထရန့်ဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာလည်း တရုတ်ကုပစ္စည်းတွေအပေါ် အခွန်တွေ ကောက်ခံခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်အစိုးရသစ်နဲ့ တည်ငြိမ်ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားကြောင်း ထရန့်ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:Reuters
Photo:Reuters