နောက်ပိုင်း ဇာတ်ထုပ်

 

 

 

ဆူးငှက်

ကျွန်တော့်အဖေက ဇာတ်ဆိုလျှင်လည်း ရှေ့ပိုင်းက အော်ပရာတွေ၊ ပြဇာတ်တွေ နှစ်ပါးသွားတွေ ကြိုက်တာမဟုတ်။ နှစ်ပါးသွား အပြီး မင်းသား မင်းသမီး စခန်းချသည်မှ နောက်ပိုင်းဇာတ်ထုပ်ကိုပဲ ကြည့်သည်။ နှစ်ပါးသွားအပြီး စခန်းချသည်က နာရီပြန် ၃ချက်တီးလောက်မှ ဖြစ်မှာပေါ့။ ထိုစဉ်က ဇာတ်ကြီးများသည် နောက်ပိုင်း ဇာတ်ထုပ်ကို သမားစဉ်အပြည့် ခမ်းခမ်းနားနား ကကြလို့ ၃နာရီလောက် စခန်းချကာ မနက်မိုးလင်းထိ နောက်ပိုင်းဇာတ်ထုပ် ကို ကပြလေ့ရှိသည်။

 

ထု့ိကြောင့် အဖေက အိမ်ရှိ သံပတ်ပေးနာရီလေးကို နာရီပြန်၂ချက်ထိုးတွင် သံပတ်ပေးထားပြီး ကျွန်တော့်ကို စောစော အိပ်ရာဝင်ခိုင်းသည်။ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေချိန်တွင် နာရီနှိုးစက် ခေါင်းလောင်းသံက ဆူဆူညံမြည် သောအခါ မထချင်ထချင်ထပြီး မျက်နှာသစ်ကာ အဖေကခေါင်းပေါင်းပေါင်းပြီး ၄နှစ်သားကျွန်တော်နှင့် သားအဖ နှစ်ယောက် ဇာတ်သံကြားရာ သုတ်သုတ်သုတ်နှင့် သွားကြတော့၏။

 

ဤသို့ဖြင့် ဇာတ်ပွဲရှိသော မလွန်ဖြစ်စေ၊ ထုံးဘူးတန်းဖြစ်စေ၊ လက်ရွေးကြီးဖြစ်စေ၊ ကြက်သွန်တန်းဖြစ်စေ ရောက်တော့ ဇာတ်က စခန်းချအပြီး ဘုရင်နန်းထိုင်ကာ ဇာတ်အပျိုးမို့ မင်းစင်တွေနောက်နား သံဃာစင်ဘေးတိုးကာ ကျွန်တော့်ကို လူလွတ်သော မင်းစင်ပေါ်တင်ပြီး အဖေက ဘေးက ရပ်ကာ ပွဲအပြီး မိုးလင်းမှ ပြန်သည်။ ပြန်ရင်းနှင့် ဇာတ်ထုပ်အကြောင်း မင်းသားအကြောင်း မင်းသမီးအကြောင်းတွေ ပြောသည်။ မင်းသမီးက အလောင်းပိုက်ကောင်းတယ် ဟူသော စကားမျိုးကျ ကျွန်တော်က နားမလည်လို့ မေးတော့ အဖေက သေချာရှင်းပြသည်။

 

အဖေက ရုံဇာတ်ကြီးတွေထက် ဘလာဇာတ်တွေကို ပိုကြည့်သည်။ ရုံဇာတ်ကြီးတွေ ကြည့်ဖို့ စရိတ်စက က နည်းတာမဟုတ်။ ထို့ကြောင့် အင်မတန်ကြည့်ချင်သော ရုံဇာတ်ဆိုလျှင် ကုလားထိုင်ဝယ်ကြည့်သည်။ အများအားဖြင့် အဖေက နောက်ပိုင်းဇာတ်ပဲ ကြည့်တာမို့ ရုံဇာတ်ကြီးတွေ ရုံအဖွင့်မှာပဲ သားအဖနှစ်ယောက် အလကား ဝင်ကြည့်ကြတာပေါ့။ ဘလာဇာတ်မှာ ကျွန်တော်မမွေးခင်အချိန်က ရွှေမန်းကျော်တင်ပဲ ကြည့်တာတဲ့။ ရွှေမန်းကျော်တင် ဆိုတာက ရွှေမန်းတင်မောင်နှင့် ခေတ်ပြိုင်ဖြစ်သည်။ ရွှေမန်းတင်မောင်နှင့်အတူ ငယ်စဉ်ကတည်းက မင်းသမီး မြခြေကျင်းမငွေမြိုင်ထံ သဘင်ပညာသင်ဖက် ဖြစ်သည်။ မငွေမြိုင်က သူ့တပည့် မင်းသားများကို ရွှေမန်းအမည်နှင့် မင်းသားများအဖြစ် စင်တင်ပေးခဲ့သည်။ အဖေနှင့် အတူ အဖေတို့ ရွာကလည်း အစွဲနှင့် ရွာက ပွဲလမ်းမှန်သမျှ ဇာတ်ဆိုလျှင် ရွှေမန်းကျော်တင်မှလွဲ၍ အခြားဇာတ်မငှားခဲ့။ နောက်တော့ ရွှေမန်းကျော်တင်က ကိုယ့်ဇာတ်အပေါ် အာရုံမစိုက်ဘဲ အသောက်အစား လောင်းကစား ဖက်လာလို့ ပွဲငှားတွေ မျက်နှာပျက်ရတာ အကြိမ်ကြိမ်တဲ့။

 

တစ်နှစ်မှာတော့ ရွာဘုန်းကြီးပျံအတွက် ပွဲစီစဉ်ကြသောအခါ အဖေတို့က ထိုအချိန်တွင် မန္တလေးမှာ နာမည်ရနေသော မင်းသားတစ်လက်ကို မျက်စေ့ကျနေသည်။ မင်းသားက မွန်ကျော်အောင်တဲ့။ ရုပ်ရည် အသံ ပညာ ပြောစရာမရှိ။ အလုပ်ကြိုးစားသည်။ မင်းသမီး ချစ်စနိုးစန်းစန်းကလည်း လိုက်ဖက်ညီကာ ပညာပြည့်သည်။ ထို့ကြောင့် ရွာဘုန်းကြီးပျံတွင် မွန်ကျော်အောင် ဇာတ်ကိုငှားလိုက်၏။ ထိုပွဲပြီးကတည်းက ရွာကလည်း မွန်ကျော်အောင် ချစ်စနိုး စန်းစန်း ဖြစ်သွားတော့သည်။ မွန်ကျော်အောင်က ရွှေမန်းကျော်အောင်အဖြစ် ရုံဇာတ်ကြီးဖြစ်မှ မတတ်သာလို့ လက်လွှတ်လိုက်ကြသည်။

 

 

 

 

 

အဖေက ပွဲဝါသနာပါသည့်နည်းတူ အငြိမ့်ထောင် ဇာတ်ထောင်တွေနှင့်လည်း ပွဲငှားပေးရဖန်များတော့ ရင်းနှီးလာသည်။ ထို့ကြောင့် သဘင်ရာသီအစ နယုန် ဝါဆို ရောက်လျှင် အဖေ့ထံ အငြိမ့်ထောင် ဇာတ်ထောင်များက သည်နှစ် သဘင်ရာသီအတွက် အငြိမ့်သစ်၊ ဇာတ်သစ် ပိုစတာတွေ လာပေးထားကြသည်။ ဇာတ်ဆရာ ဦးကျော်ဇော နှင့် သား လူရွှင်တော်ရွှေဖား တည်ထောင်သော ဟူသည့် ဇာတ်ပိုစတာ၊ လူရွှင်တော် ဦးသြဘာ နှင့် သား ကြယ်တပွင့် စံဟိန်း တည်ထောင်သော အငြိမ့်သစ်ပိုစတာ၊ ဦးအောင်စိန်လေး ဒေါ်အဝေယာကြည် တည်ထောင်သော အငြိမ့်သစ် ပိုစတာ တွေက နှစ်တိုင်းရောက်လာကာ အဘက အိမ်ကလေး၏ ပြတင်းပေါက်အပေါ်က နံရံမှာ အဖွဲ့ဟောင်း ပိုစတာတွေ ဖြုတ် အဖွဲ့သစ် ပိုစတာတွေကပ်ရတာ နှစ်တိုင်းဖြစ်သည်။ တစ်နှစ်မှာတော့ အိမ်ကလေးနံရံမှာ ဇာတ်အဖွဲ့သစ် ပိုစတာတစ်စောင် ရောက်လာသည်။ မြို့တော်ဝင်းမြိုင် ဇာတ်တဲ့။

 

ဒီလိုနှင့် မြို့တော်ဝင်းမြိုင်က အဖေကြိုက်သော မင်းသား၊ အဖေကြိုက်သော ဇာတ်အဖွဲ့ဖြစ်ကာ အဖေ့ရွာ ပွဲလမ်း မှန်သမျှလည်း မြို့တော်ဝင်းမြိုင် ပင်တိုင် ဖြစ်သွားတော့သည်။ မြို့တော်ဝင်းမြိုင်ကို အဖေက ပထမဆုံး အကဲခတ်သည့် ပွဲကို ကျွန်တော် မှတ်မိသေးသည်။ ဆောင်းတွင်းကြီးမှာပါပဲ။ ကိုလုံးတကာဘုရားပွဲမှာ မြို့တော်ဝင်းမြိုင် ဇာတ် ပါသတဲ့။ နာမည်ကျော် စိန်လှမြိုင်ဇာတ်နှင့် အပြိုင်တဲ့။ ထုံးစံအတိုင်း သားအဖနှစ်ယောက် နာရီ နှိုးစက်ပေးကာ မနက် ၃နာရီ စခန်းချအမှီ ကိုးလုံးတကာပွဲ သွားကြသည်။ ထိုညက မြို့တော်ဝင်းမြိုင်က လမ်းအရှေ့ဘက်၊ ဘုရားအရှေ့မုခ်နှင့် မျက်နှာချင်းဆိုင်။ စိန်လှမြိုင်က လမ်းအနောက်ဘက်၊ ဘုရားတောင်ဘက်မှာ။

 

အဖေက မြို့တော်ဝင်းမြိုင်ဇာတ် မင်းစင်နောက်နားက တိုးပြီး ဘေးက မင်းစင်ပေါ် ကျွန်တော့်ကို တင်ပေးသည်။ ထိုမင်းစင်က အလွတ်မဟုတ်၊ စောင်ခြုံကြီးတွေနှင့် ယောက်ျားသားကြီးတွေ ပွဲထဲ နစ်မွန်းနေကြသည်။ မြို့တော်ဝင်းမြိုင် က နောက်ပိုင်းဇာတ်ကို ကွမ်းဆော် ဟူသည့် ဇာတ်ကို ကသည်။ ထိုညက မိုးစင်စင်လင်းပြီး ဘုရားပွဲက ဆွမ်းကြီးလောင်းမှပဲ ဇာတ်က သိမ်းသည်။ မြို့တော်ဝင်းမြိုင်ကို ပရိသတ်က ကြိုက်ကြချည့်။ အဖေကလည်း သူမျှော်လင့်သော မင်းသား စိတ်ကြိုက်တွေ့တော့ အပြန်မှာ ဦးတာရဲဈေးတောင်ပေါက်အနီးက လက်ဖက်ရည်ဆိုင်ဝင်ပြီး ပဲနံပြားနှင့် ကော်ဖီတစ်ခွက်စီသောက်ကာ ဇာတ်အကြောင်း တစ်လမ်းလုံး ပြောလာတော့သည်။ သည်ပွဲပြီးတော့ အဖေ နှင့် သူ့ရွာကို မြို့တော်ဝင်းမြိုင် က ဖမ်းစားလိုက်ပြန်ပါပကော။ ဖမ်းစားလိုက်ပုံများ နောက်တော့ မင်းသားမိဘများက ကိုယ်ပိုင် ဇာတ်ထောင်တော့ တောင်သမန်တိုက်ထဲက အဖေတို့ ကိုးကွယ်သည့်ကျောင်းမှာပဲ ဇာတ်တိုက်ကြသည်။ ကျောင်းထိုင် ဆရာတော်ကလည်း ကွမ်းညှပ်ကြီးနှင့် ကွမ်းသီးစိတ်တွေ ညှပ်ရင်း ဇာတ်တိုက်နေတာ ကြည့်ကာ တပြုံးပြုံး။ နောက်တော့ မြို့တော်ဝင်းမြိုင်ဇာတ်က ဓာတ်နန်းရပ်ထဲ ရောက်သွားသည်။

 

ကျွန်တော် ပြန်စဉ်းစားလိုက်တော့ အဖေက အငြိမ့်ဆိုလည်း ဧယဉ်ကျူးမင်းသမီး၊ ဇာတ် ဆိုလည်း နောက်ပိုင်း ဇာတ်ထုပ်မှ ကြိုက်တာဆိုတော့ အလွမ်းရသ ကို ပိုခံစား နှစ်သက်လို့ဖြစ်မည်။ သဘင်ပညာရပ်က အဆို အငို အလွမ်းကို နှစ်သက်လို့ ဖြစ်မည်။ တကယ်တော့ အလွမ်းဆိုသည်ကလည်း လူသားတွေကို စွဲလမ်းစေသည့် ရသတစ်မျိုးပဲလေ။ ကိုင်း.. နောက်ပိုင်းဇာတ်ထုပ်မှာ လွမ်းလိုက်ကြစမ်း ကောင်းကောင်း။

 

ဆူးငှက်

 

#voiceofmyanmar #VOM # ဆူးငှက် #နောက်ပိုင်းဇာတ်ထုပ်

Related posts

Leave a Comment

VOM News

FREE
VIEW