ဖေဖော်ဝါရီ ၃ -၂၀၂၅
GG (VOM)
မင်းဘူး၊မန်းရွှေစက်တော်ဘုရားပွဲကို မနေ့ကဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ဘုရားဖူးခရီးသွားဧည့်သည်ဝင်ရောက်မှု လျော့နည်းနေသလို တည်းခိုဆောင်နဲ့ စျေးဆိုင်ခန်းတွေလည်း ထက်ဝက်လောက်လျော့ကျခဲ့တယ် လို့ဒေသခံတွေဆီက သိရပါတယ်။
ဒီနှစ်ရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ညအိပ်တည်းခိုနိုင်တဲ့ တည်းခိုခန်း နဲ့ စျေးဆိုင်ခန်းပေါင်း ၁၄၀၀ ကျော်ဆောက်လုပ်ဖို့လျာထားပေမယ့်လည်း မြေပြင်မှာ တည်းခိုခန်းဆောင် ၃၀၀ ကျော်နဲ့ စျေးဆိုင်ခန်းပေါင်း ၃၅၀ ဝန်းကျင်သာ တည်ဆောက်နိုင်ခဲ့တယ်လို့သိရပါတယ်။
နှစ်စဥ် ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲရက်နဲ့ပွဲတော်ကာလတလျှောက်မှာဆိုရင် ဘုရားဖူးခရီးသွားဧည့်သည်အများအပြားဝင်ရောက်ပြီးစည်ကားမှုရှိသလို တည်းခိုဆောင်ဆိုရင်လည်း ၆၀၀ လောက်တည်ဆောက်လေ့ရှိပြီး စျေးဆိုင်ခန်းပေါင်း ၈၀၀ မှ ၁၀၀၀ ကြားတည်ဆောက်လေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။
” မနေ့ကဖွင့်ပွဲရက်မှာတောင်လူသိပ်မရှိဘူး။ အဝေးကားတွေ လာတာတွေရှိတယ်။ မများဘူး။ခရီးသွားသိပ်မရှိဘူး။နောက်တခုကခုနှစ် တည်းခိုခန်းငှားရမ်းလုပ်သူလည်း နည်းတယ်။စျေးဆိုင်တွေလည်းနည်းတယ်။တချို့ကလည်း ခုဖြစ်နေတဲ့မတည့်ငြိမ်တဲ့အခြေအနေတွေကြောင့် အခန်းမငှားရဲကြဘူး။ဒါကြောင့်ခုနှစ် ဆိုင်ခန်းရောတည်းခိုခန်းရော တဝက်လောက်လျော့တော့ကြည့်ရတာတောင် မလှဘူး။ဘယ်လိုပြောရမလဲ ခရီးသွားမယ့်သူတွေကလည်းအခြေအနေစောင့်ကြည့်နေတဲ့သဘောရှိတာပေါ့။” လို့မင်းဘူးဒေသခံကပြောပါတယ်။
ရွှေစက်တော် ဘုရားအနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာအချို့မှာ PDF တွေနဲ့နစက တပ်စခန်းတွေအကြား တိုက်ပွဲတွေဖြစ်ပွားခြင်း၊ ရွှေစက်တော်ဘုရားပွဲကိုသွားလာခြင်းမလုပ်ကြဖို့ PDF တွေက သတိပေးနေတဲ့အခြေအနေတွေကြောင့် ခရီးသွားပြည်သူတွေက လုံခြုံရေးစိတ်မချရတဲ့အတွက် ရွှေစက်တော်ကို ခရီးသွားဝင်ရောက်မှုနည်းပါးနေတာဖြစ်တယ်လို့သိရပါတယ်။
ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ကတော့ ခုချိန်ထိရွှေစက်တော်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း ၊နယ်ဝေးဘုရားဖူးတွေလည်းရှိကြောင်း၊ ကောလဟာလသတင်းတွေကို မယုံကြည်ကြဖို့ ပြောဆိုပါတယ်။
ယခုကျင်းပနေတဲ့ ရွှေစက်တော်ဘုရားပွဲကာလတလျှောက်မှာလည်း သက်ဆိုင်ရာ နယ်မြေအာဏာပိုင်တွေက ရွှေစက်တော်ပတ်ဝန်းကျင်တဝိုက်မှာ လုံခြုံရေးအပြည့်အဝချထားကြောင်း ၊ အရင်နှစ်တွေကထက်လည်း လုံခြုံရေးအင်အားတိုးမြှင့်ချထားတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။
“ရွှေစက်တော်ဘုရားမုခ်ဦးအထိတိုက်ပွဲဖြစ်တာမရှိသေးဘူး။ ဘုရားဖူးတွေလည်းရှိနေတယ်။ ကျွန်တော်တို့ကလိုင်းပေါ်တောင်အမြဲတမ်းကြည့်မနေနိုင်ဘူး။ လုံခြုံရေးတွေလည်းအရင်နှစ်ကထက်တိုးမြှင့်ချထားတယ်။ ကျွန်တော်တို့ဂေါပကအဖွဲ့တွေလည်းရှိနေတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ရွှေစက်တော်နဲ့က မနီးပါဘူး။ ဘုရားပွဲကာလမှာ ညလုံးပေါက်လည်ပတ်ခွင့်လည်းပြုထားပါတယ်။ ” လို့ဂေါပကအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကပင် ရွှေစက်တော်ဘုရားအနီးက လက်ပတောရွာရဲစခန်းကို နယ်မြေခံ PDF တပ်တွေက ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုဖြစ်ပွားပြီး လုံခြုံရေးတပ်တွေဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
မင်းဘူးခရိုင် PDF ကရွှေစက်တော်ဘုရားအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အခြေအနေရှိတာကြောင့် မန်းရွှေစက်တော်ဘုရားပွဲကို လာရောက်ဖူးမျှော်ခြင်းမပြုကြဖို့ သတိပေးထားပါတယ်။
ပြည်တွင်းဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ရွှေစက်တော်ဘုရားပွဲတော် ခရီးစဥ်ပက်ကေ့တွေရောင်းချနေကြသလို ကားစင်းလုံးငှားဝန်ဆောင်မှုတွေလည်းပေးနေကြကာ လတ်တလော ရွှေစက်တော်ဘုရားပွဲစတင်ကျင်းပတဲ့ကာလမှာတော့ ခရီးသွားဧည့်သည်ဝင်ရောက်မှုနည်းနေသေးတယ်လို့ ဆိုပါတယ်။
ရွှေစက်တော်ဘုရားပွဲကိုတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၇၅ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
Photo – မကွေးတိုင်းအစိုးရ