တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၃ – ၂၀၂၅
SN (VOM)
ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေး အနည်းငယ် ဆက်ကျနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ပြီးခဲ့တဲ့တပတ်ကထက် အနည်းငယ် ကျဆင်းနေတာကို တွေ့ရပါတယ်။
စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီဈေးတွေ ဆက်တက်နေပြီး ဒီဇယ်ဈေးတွေပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေကျနေပြီး တခြားကုန်စည် အများစုကတော့ အတက်ဘက်မှာ ရှိနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကစပြီး ၆၄ သိန်းကျော်ဝန်းကျင်ကို ပြန်လည် ကျဆင်းလာခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီတပတ်မှာလည်း အဲဒီ ဈေးတန်းမှာပဲ ဆက်ရှိနေပါတယ်။
တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဇန်နဝါရီ ၂၈ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်သုံးသိန်း ခုနစ်သောင်းဈေးဖြစ်ပြီး အမြင့်ဆုံးဈေးကတော့ ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ၆၅ သိန်းဝန်းကျင်ဈေး ဖြစ်ပါတယ်။
“ရွှေဈေးက ကမ္ဘာ့ဈေးတက်နေပေမယ့် ဒေါ်လာဈေး နည်းနည်းပြန်ကျနေတော့ လက်ရှိ ၆၄ သိန်းကျော် ဈေးတန်းမှာပဲ အတက်အကျ အနည်းငယ်နဲ့ ရှိနေတယ်။ ဒေါ်လာဈေး ထပ်တက်လာရင်တော့ လက်ရှိ ကမ္ဘာ့ဈေးအတက်နဲ့ဆို ရွှေဈေးက ခုန်တက်လာနိုင်တယ်။ အခြေအနေကတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက် (တနင်္လာနေ့) က တအောင်စ ၂၆၉၈ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၂၆၅၅ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ၄၃ ဒေါ်လာ ကျဆင်းလာပါတယ်။ ဖေဖော်ဝါရီ ၁ ရက် (စနေနေ့) မှာတော့ စံချိန်တင် အမြင့်ဆုံးဈေး တအောင်စ ၂၇၉၈ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့တာကို တွေ့ရပါတယ်။
ဒီတပတ် နိုင်ငံခြားငွေကြေး ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးက ၄၅၀၀ ကျော်ဝန်းကျင်ကို အနည်းငယ်ကျဆင်း ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ တပတ်ကတော့ ၄၆၀၀ ကျော်ဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက် (FX Mkt Online Trading Platform) ကနေ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ထုတ်ရောင်းပေးခဲ့ပြီး ၃၁ ရက်နေ့မှာတော့ ထိုင်းဘတ် ငါးသန်းကို ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၂၀ ထုတ်ရောင်းပေးမယ်လို့ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သလို ဇန်နဝါရီ ၃၁ ရက်နေ့မှာလည်း သွင်းကုန်လုပ်ငန်းရှင်တွေအတွက် တရုတ်ယွမ်ငွေတွေ ရောင်းချပေးမယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။
လက်ရှိမှာတော့ အမေရိကန်ဒေါ်လာဈေးဟာ ၄၅၅၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပြီး အနည်းငယ် ထပ်မံ ကျဆင်းလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့၊ မနက်ပိုင်းကတော့ တပတ်အတွင်း အမြင့်ဆုံးဈေး ၄၅၈၀ ကျပ်ဝန်းကျင်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီလိုပဲ တခြားသော ငွေလဲဈေးနှုန်းတွေလည်း ကျဆင်းလျက်ရှိတာမှာ စင်္ကာပူဒေါ်လာဈေးကတော့ လက်ရှိမှာ ၃၃၆၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၃၄ ဝန်းကျင်၊ တရုတ်ယွမ် ၆၂၅ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၂ ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။
ဒီတပတ် စက်သုံးဆီဈေးကွက်မှာတော့ ဓာတ်ဆီဈေးတွေ ဆက်တက်လာတာ တွေ့ရပါတယ်။ ဒီဇယ်ဈေးကတော့ ပြန်ကျနေပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၈၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၆၀ ကျပ်၊ ဒီဇယ် တလီတာ ၂၈၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၄၈၅ ကျပ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၃၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၀၀ ကျပ်၊ ဒီဇယ် တလီတာ ၂၈၆၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၅၂၅ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၅၀ ကျပ်၊ ၉၅ ကတော့ တလီတာ ၆၀ ကျပ် မြင့်တက်လာပါတယ်။ ဒီဇယ်ဈေးတွေကတော့ ရိုးရိုးဒီဇယ် တလီတာ ၄၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၀ ကျပ်နဲ့ ဈေးကျဆင်းနေတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း ဓာတ်ဆီဈေးတွေ မြင့်တက်နေပြီး ဒီဇယ်ဈေးတွေ ကျဆင်းနေပါတယ်။
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စိမ်းဈေးတွေ ကျဆင်းနေပါတယ်။ အသားဈေးတွေကတော့ အတက်ဘက်ကို သွားနေဆဲပါ။
စားဆီဈေးကွက်ထဲမှာတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ ၇၂၄၅ ကျပ် ဖြစ်ပြီး ၁၀ ကျပ်လောက်သာ ထပ်မံ ကျဆင်းလာတာကို တွေ့ရပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းသုံးထောင်ဝန်းကျင်ဖြစ်ပြီး အမြင့်ဈေးမှာသာ ဆက်ရှိနေပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကလည်း ၇၆၀၀ ကျပ်ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပါတယ်။
အဲဒီလိုပဲ ဆန်ဈေးနှုန်းတွေဟာလည်း အမြင့်ဈေးမှာ ဆက်ရှိနေဆဲဖြစ်ပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ပုသိမ်ဆင်းသုခ တအိတ် ရှစ်သောင်းနှစ်ထောင်ကျပ်၊ ရွှေဝါထွန်း (အဟောင်း) တအိတ် ကိုးသောင်းနှစ်ထောင်ကျပ်ဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ ရွှေဘိုဧရာမင်း (အဟောင်း) တအိတ် တသိန်းလေးသောင်းသုံးထောင်ကျပ်၊ ရွှေဘိုဘေးကြား (အဟောင်း) တအိတ် တသိန်းခုနစ်သောင်းကျပ် ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ကြက်ဥ၊ ဘဲဥကတော့ အမြင့်ဈေးမှာ ဆက်ရှိနေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၄၅၀ ကနေ ၅၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် ၅၅၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ ရှိနေပါတယ်။
ဈေးကွက်ထဲမှာ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးတွေ အနည်းငယ် ပြန်ကျနေပါတယ်။ အာလူး တပိဿာ ကျပ် ၈၀၀၀ ကနေ ၉၀၀၀ ဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ကြက်သွန်နီကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် ၃၅၀၀ ကနေ ၄၅၀၀ အထိ ရှိနေပါတယ်။ ကြက်သွန်ဖြူကလည်း အမျိုးအစားအလိုက် တပိဿာ ကျပ် တသောင်းရှစ်ထောင်ကနေ ကျပ် နှစ်သောင်းဝန်းကျင်ဈေး ရှိနေပါတယ်။
ကုန်စိမ်းဈေးကွက်မှာ ကုန်စည်အများစု ဈေးပြန်ကျနေပါတယ်။ ဂေါ်ဖီထုပ် တထုပ် ၂၀၀၀ – ၂၅၀၀ ကျပ်ဈေးမှာ ရှိနေပါတယ်။ ပန်းဂေါ်ဖီတွေလည်း ဈေးဆက်ကျနေပြီး ၁၀၀၀ ဈေး ဖြစ်လာပါတယ်။ ပန်းဂေါ်ဖီ အစိမ်းကတော့ တပွင့်ကို ကျပ် ၅၀၀ – ၁၀၀၀ ဈေး ရှိနေပါတယ်။
တရုတ်ကန်စွန်းရွက် တစည်း ၇၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၅၀၀ ကျပ်ဈေးမှာပဲ ရှိနေပါတယ်။ ခရမ်းချဉ်သီးကတော့ အမြင့်ဈေးမှာ ဆက်ရှိနေပြီး တပိဿာ ကျပ် ၆၀၀၀ ဝန်းကျင် ဖြစ်ပေါ်နေပါတယ်။
ရပ်ကွက်ဈေးတွေမှာ တချို့ ငါး၊ ပုစွန်ဈေးတွေ အကျဘက်မှာ ဆက်ရှိနေပြီး တချို့ကတော့ ဈေးတက်နေပါတယ်။ ငါးမြစ်ချင်း တပိဿာ ကျပ် တသောင်းသုံးထောင်ဈေးအတိုင်း မပြောင်းမလဲ ရှိနေပါတယ်။ ငါးကြင်းကတော့ တပိဿာ တသောင်းရှစ်ထောင်ဝန်းကျင်နဲ့ ဈေးထပ်တက်လာပါတယ်။ အဲဒီလိုပဲ ပုစွန်ဈေးတွေကလည်း အမျိုးအစားအလိုက် တပိဿာ ကျပ် သုံးသောင်းကနေ ခြောက်သောင်းဝန်းကျင်အထိ ရှိနေပါတယ်။
အသားဈေးကွက်မှာတော့ ကြက်သား‌က အမြင့်ဈေးအတိုင်း ဆက်ရှိနေပြီး ဝက်သားကတော့ ဈေးပြန်ကျနေပါတယ်။ ကြက်သား တပိဿာ ကျပ် တသောင်းရှစ်ထောင်ဈေး ဖြစ်ပါတယ်။ ဝက်သားကတော့ တပိဿာ ကျပ် သုံးသောင်းငါးထောင်ဈေးမှာ ရှိနေပါတယ်။
အမဲသားနဲ့ ဆိတ်သား ဈေးကွက်မှာတော့ အမဲသားဈေးက တပိဿာ ကျပ် နှစ်သောင်းခုနစ်ထောင်နဲ့ အမြင့်ဈေးအတိုင်း ဆက်ရှိနေပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် သုံးသောင်း ခြောက်ထောင်နဲ့ ဈေးထပ်တက်နေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW