ဖေဖော်ဝါရီ ၂၈ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နစကတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။
မိုးကုတ်မြို့ကို တအာင်းတပ်မတော် (TNLA) ဦးဆောင်တဲ့ လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ မြို့ကို အပြီးသတ် ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မိုးကုတ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ နစကဘက်က လုပ်ဆောင်လာနေပြီး မြို့ပတ်ပတ်လည်ကနေ ဝိုင်းဝန်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
“မိုးကုတ်မှာ TNLA အဖွဲ့က လိုက်ကြေညာနေတယ်လို့ သိရပါတယ်။ အရပ်သားတွေကို ဘေးကင်းရာနေဖို့ ဆော်ဩနေတယ်” လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ မနက်ပိုင်းကလည်း မိုးကုတ်မြို့ရှိ ဟိုဝိတ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုတွေ ရှိနေကာ လူထိခိုက်မှု၊ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ဝင်းထရံကျောက်တွင်းအနီးမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ငါးယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က သတင်း ထုတ်ပြန်ထားပါတယ်။
“မိုးကုတ်ပြည်သူတွေကတော့ လေကြောင်းရန်ကို ကြိမ်းသေ ကြုံကိုကြုံရမယ်ဆိုတာ သိနေပြီးသားပါ။ ဘယ်လို ပြင်ဆင်ထားရမယ် ဆိုတာကိုလည်း သိတယ်။ ဒါပေမယ့် မြို့အနေအထားအရ၊ ငွေရေးကြေးရေး အနေအထားအရ ဘာမှ မတတ်နိုင်ကြလို့သာ ဒီအတိုင်း နေနေကြရတာ။ အခု မိုးကုတ်ကို ပြန်နေကြတဲ့သူတွေကလည်း မတတ်သာလို့သာ ပြန်နေကြရတာ။ အပြင်မှာ အိမ်ငှားခဈေးကြီးသေးတယ်။ စားဝတ်နေရေး အကုန် အစစအရာရာ ဒုက္ခရောက်ကြရတာ။ ကူညီမယ့်သူလည်း မရှိနဲ့မို့၊ မတတ်သာတဲ့အဆုံး လာမယ့်ဘေး ပြေးတွေ့ရုံပဲ ဆိုတဲ့စိတ်နဲ့ မထူးဇာတ်ခင်းပြီး ကိုယ့်အိမ်ကိုယ် ပြန်နေကြရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဇူလိုင်အတွင်းမှာ မိုးကုတ်မြို့ကို TNLA နဲ့ မဟာမိတ်တွေ သိမ်းယူခဲ့ပြီးနောက် မိုးကုတ်ဒေသခံအများစု မြို့ထဲမှာ ပြန်လည်ဝင်ရောက် နေထိုင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ဂေါက်ကွင်းအနီးက ကျောက်လုပ်ကွက်နေရာတချို့မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေ အဆောက်အအုံ ငါးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မိုးကုတ်နဲ့ ထိစပ်နေတဲ့ သပိတ်ကျင်းမြို့နယ်မှာလည်း နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး နစကတပ်အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နဲ့ တွင်းငယ်ကျေးရွာ အပါအဝင် သပိတ်ကျင်းနယ်က မြို့၊ ရွာနဲ့ စစ်စခန်းတချို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းကတည်းက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် တွင်းငယ်ရွာအနီးက တကက ၁၃၊ ၇ မိုင်ရွာအနီးက စခတ (၂) ခေါ် အမှတ် – ၂ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ကျောက်ကြီး (နည်းပညာတပ်) တပ်တွေကို သိမ်းယူဖို့ ကျန်နေသေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ် အရှေ့ခြမ်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူထိခိုက် သေဆုံးမှုတွေအပြင် နေအိမ် ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မတ္တရာနယ်မှာ စစ်ရှောင်အရေအတွက် သောင်းဂဏန်းဝန်းကျင်အထိ မြင့်တက်လာနေပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ မတ္တရာမြို့နယ်အတွင်း ထိုးစစ် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ မတ္တရာမြို့နယ်က စစ်စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်းတို့ကို သိမ်းပိုက် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ