ဖလမ်းမြို့တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေ


မတ် ၁၈ – ၂၀၂၅
SN (VOM)

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ချင်းညီနောင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့က နောက်ဆုံး ကျန်ရှိနေတဲ့ နစကရဲ့ ခြေလျင်တပ်ရင်း (ခလရ – ၂၆၈) တပ်ကုန်းကို ချင်းညီနောင် ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့က စတင်ပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ။ နှစ်ဖက်စလုံးလည်း အထိအခိုက်များနေတယ်။ အခုက ဖလမ်းမှာ ခလရ – ၂၆၈ တပ်ရင်းတရင်းပဲ ကျန်တော့တာ။ ဒါကို ပေးလိုက်ရရင် ချင်းညီနောင်တွေက ဖလမ်းကိုရသွားပြီ။ ဖလမ်းမြို့ ကျသွားရင် ကျန်နေသေးတဲ့ ဟားခါးဗျူဟာကိုပါ ချင်းညီနောင်က ဆက်ပြီး ထိုးစစ်ဆင်လာနိုင်တယ်။ အဲဒါကြောင့် နစကတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံနေတာ။ အခု အခြေအနေကလည်း ကုန်းလမ်းက စစ်ကူပို့နိုင်တဲ့ လမ်းကြောင်းတွေ အကုန်လုံးကို ချင်းညီနောင်တပ်တွေက ပိတ်ဆို့ထားတာဆိုတော့ နစကတပ်အတွက်က လေကြောင်းတခုပဲ ရှိတော့တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ကလေး – သိုင်းငင်း ၂၈ မိုင်၊ သိုင်းငင်း – ဖလမ်း ၅၂ မိုင်၊ ဖလမ်း – ဟားခါး ၄၂ မိုင်၊ ဂန့်ဂေါ – ဟားခါး ၇၆ မိုင် စသဖြင့် မြေပြင်မှာ ဖြတ်တောက် ပိတ်ဆို့ထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နစကအနေနဲ့ ခလရ – ၂၆၈ တပ်ကုန်း မဆုံးရှုံးရေးအတွက် လက်ရှိမှာ လေကြောင်းကနေ စစ်အင်အားဖြည့်တင်းတာ အပါအဝင် လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာဖြစ်ပြီး စစ်ရေးအတွက် အချက်အချာကျတဲ့ မြို့တွင်းက ဆေးရုံကုန်းနဲ့ RC ဘုရားကျောင်းကုန်းတို့ကို ပြန်လည်ရရှိဖို့ တန်ပြန် ထိုးစစ်ဆင်နိုင်ရေး ကြိုးစားလာနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက စတင် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအတွင်း ဖလမ်းမြို့ပေါ်က နစကတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်း၊ ဆောက်လုပ်ရေးရုံးတွေကို သိမ်းပိုက် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိပြီး အဲဒီထဲက ငါးမြို့နယ်ကို AA နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသီးသီး သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ် (တောင်ပိုင်း) ရှိ ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားသလို မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားကာ တွန်းဇံမြို့ကို ချင်းပြည်ကောင်စီတပ်က သိမ်းပိုက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ ချင်းပြည်နယ်အတွင်း ဖလမ်း၊ တီးတိန်၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တွေသာ နစကရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW