မတ် ၁၈၊ ၂၀၂၅
ZY(VOM)
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်။ ကင်းသာကျေးရွာရှိ နစကရဲ့ စစ်ဆေးရေးဂိတ်မှာ မနေ့ မတ်လ ၁၇ရက်က လက်နက်ခဲယမ်းနဲ့ ကျည်မျိုးစုံ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ကနေ တပ်ကုန်းမြို့ကို ဆင်းလာတဲ့ ကုန်တင်ကားတစီးကို ကင်းသာဂိတ်မှာ စစ်ဆေးရာ နနွင်းအိတ်တွေထဲမှာ သိုဝှက်သယ်ဆောင်လာတဲ့ သေနတ် (၁၆) လက်၊ ကျည်ဆံမျိုးစုံ ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သတင်းရလို့ စစ်ဆေးရာကနေ မိတာ။ ဘယ်လိုသယ်ဆောင်လာတာ၊ ဘယ်ကိုပို့မယ်ဆိုတာတော့ စစ်ဆေးနေတုန်းပဲ။ နေပြည်တော်မှာ လက်နက်မိတာတော့ တော်တော်ရှားတဲ့ ဖြစ်စဉ်လို့ ပြောရမယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ယာဉ်မောင်း နှစ်ယောက်ကို အသေးစိတ်စစ်ဆေးနေသလို ဆက်စပ်ပါတ်သက်သူတွေကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေပြီး သက်ဆိုင်ရာဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo:CJ