ဂျီနီဗာ၊ မတ်-၁၈-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဖြတ်တောက်မှုဟာ အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်ခြေနဲ့အတူ မြန်မာပြည်သူတွေအတွက် ဆိုးရွားတဲ့သက်ရောက်မှုတွေ ရှိလာနေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးက သတိပေးလိုက်ပါတယ်။
ပဋိပက္ခတွေ တိုးပွားလာတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေကို ထောက်ပံ့တဲ့ အစားသောက်၊ ဆေးဝါးနဲ့ ကျန်းမာရေး အစီအစဉ်တွေကို ဖြတ်တောက်လိုက်တာဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့ မစ္စတာသောမတ်စ်အန်ဒရူးက ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီလိုကူညီထောက်ပံ့မှုတွေကို အမေရိကန်က ရုတ်တရက်ဖြတ်တောက်လိုက်လို့ မြန်မာပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိနေပြီလို့ သူကဆိုပါတယ်။ ဇန်နဝါရီလမှာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီမှု ရှိမရှိပြန်လည်သုံးသပ်ဖို့ နိုင်ငံခြားအကူအညီပေးမှုအားလုံးကို ရပ် ၉၀ ဆိုင်းငံ့မိန့်ထုတ်ခဲ့ပါတယ်။
မကြာသေးမီကလည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က မြန်မာပြည်သူများအတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်တာကလည်း လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေပြီး နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အငတ်ဘေးကြုံတော့မယ်လို့ သတိပေးထားပါတယ်။
အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ကျန်းမာရေးအစီအစဉ်ခံယူနေတဲ့ လူနာတွေဟာလည်း ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ခုနှစ်ပတ်ကတည်းက အိတ်ချ်အိုင်ဗီလို ဆေးဝါးတွေ သောက်သုံးခွင့် ဆုံးရှုံးခဲ့တယ်လို ဆိုပါတယ်။
ဒါဟာ ဆိုးရွားတဲ့ အခြေအနေတရပ်လို့ မစ္စတာအန်ဒရူးက ပြောပါတယ်။ မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် လိင်ပိုင်းဆိုင်ရာနဲ့ လူကုန်ကူးမှုတွေ မြင့်တက်လာနိုင်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုလည်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ပိုမိုများပြားလာနိုင်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးက သတိပေးလိုက်ပါတယ်။
Ref:Straits Time
Photo:AP