မတ် ၁၉၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကနေ မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်ကို မူးယစ်ဆေးဝါး သယ်လာတဲ့အဖွဲ့နဲ့ ထိုင်းပူးပေါင်းအဖွဲ့တို့ ဒီကနေ့ မတ်လ ၁၉ရက်၊ မနက်အစောပိုင်းအချိန်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တာချီလိတ်မြို့ ၊ ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်အနီးဝန်းကျင်ကနေ မယ်ဆိုင်ဘက်ကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ အဖွဲ့နဲ့ ထိုင်းစစ်တပ်ပါဝင်တဲ့ ပူးပေါင်းကင်းလှည့်အဖွဲ့တို့ဟာ တာချီလိတ်နဲ့ မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းအနီးရှိ မယ်ဆိုင်မြို့၊ ဆိုင်လုံးကျွဲဈေးလမ်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“မနက် ၂နာရီလောက်က ဖြစ်တာလို့ ပြောတယ်။ နှစ်ဖက်စလုံးတော့ ထိခိုက်တာ မရှိဘူး။ မူးယစ်ဆေးသယ်လာတဲ့ အဖွဲ့ကိုလည်း ဖမ်းမမိဘူး။ ဒီဘက်မှာက ဒါတွေက ခဏခဏဖြစ်နေကြပဲ။ လက်နက်ကိုင်ပြီး အုပ်စုလိုက် မူးယစ်ဆေးကူးနေကြတာ”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
တာချီလိတ်ဘက်မှ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ အဖွဲ့ဟာ (၁၀)ဦးကနေ (၁၂)ဦးအထိ ရှိသလို အပြန်အလှန်ပစ်ခတ်မှုမှာ (၁၀)မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေကတော့ တာချီလိတ်ဘက်ကို ပြန်လည် ထွက်ပြေးသွားတယ်လို့ ထိုင်းပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အပြန်အလှစ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ရာ ဆာလာအိတ် (၉)လုံးထဲမှာ ထည့်သယ်လာတဲ့ အလေးချိန် စုစုပေါင်း (၃၂၃)ကီလိုဂရမ်ရှိ အိုက်စ်မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တာချီလိတ်နယ်စပ်ကနေသာမက မိုင်းတုံ၊ မိုင်းဆတ်လမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေနဲ့ ထိုင်းကင်းလှည့်တပ်ဖွဲ့တို့ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှု ရှိပြီး မူးယစ်ဆေးဝါး၊ လက်နက်ဖမ်းဆီးရမိမှုတွေ ရှိပေမယ့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားလေ့ရှိတယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ရက်ကလည်း တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရဲ့ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်၊ ဖာမီဘက်မှာ မြက်တောအတွင်း ဝှက်ထားတဲ့ 99 အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၁၇)သိန်းကျော်ကို ထိုင်းကင်းလှည့်တပ်ဖွဲ့က ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ส่องเชียงราย, Maesai Police, North Now ( MGR Online )