ဝါရှင်တန်၊ မတ်-၁၉-၂၀၂၅
ရတီ(VOM)
နိုင်ငံတကာ အာကာသစခန်း (ISS)မှာ ကိုးလကြာ သောင်တင်နေတဲ့ နာဆာအာကာသယာဉ်မှူး ဘတ်ချ်ဝေလ်မိုးနဲ့ ဆူနီဝီလီယံတို့ကို အာကာသယာဉ်နဲ့ ကမ္ဘာမြေကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီလို့ နာဆာက ပြောပါတယ်။
သူတို့ နှစ်ယောက်ဟာ နိုင်ငံတကာ အာကာသစခန်းကနေပြန်လာဖို့ သူတို့ရဲ့ အာကာသယာဉ် နည်းပညာချို့ယွင်းမှုကြောင့် သောင်တင်နေခဲ့တာပါ။ သူတို့ကို တင်ဆောင်လာတဲ့ Space X ရဲ့ အာကာသယာဉ်ဟာ ကမ္ဘာလေထုထဲကို ဝင်ရောက်ပြီးနောက် ဖလော်ရီဒါကမ်းရိုးတန်းမှာ အာကာသယာဉ်မှူးတွေ ဆင်းသက်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ Space X ရဲ့ Dragon အာကာသယာဉ်နဲ့ နိုင်ငံတကာ အာကာသစခန်းကနေ အခြားအာကာသယာဉ်မှူးနှစ်ယောက်နဲ့ အင်္ဂါနေ့မနက် ၁ နာရီ ၁၅ မိနစ်မှာ စတင်ထွက်ခွာခဲ့ပြီး ကမ္ဘာမြေကို ၁၇ နာရီကြာ ခရီးနှင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အာကာသယာဉ်မှူးတွေကို ဟူစတန်ရှိ ဂျွန်ဆင်အာကာသစခန်းကို ပို့ဆောင်ထားပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက စစ်ဆေးမှာဖြစ်ပါတယ်။အာကာသယာဉ်မှူးတွေ အာကာသထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်တာဟာ ခန္ဓာကိုယ်အပေါ် ထိခိုက်စေပါတယ်။
များသောအားဖြင့် အရိုးသိပ်သည်းဆနဲ့ ကြွက်သားတွေ ဆုံးရှုံးကာ သွေးလည်ပတ်မှုနဲ့ မျက်လုံးကို ထိခိုက်စေတတ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေဟာ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရမှာကြောင့် ဆွဲငင်အားနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကျယ်ပြန်တဲ့ လေ့ကျင့်ခန်းစနစ်တခု ပေးမှာဖြစ်ပါတယ်။
ဘတ်ချ်နဲ့ ဆူနီတို့ဟာ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက ဘိုးအင်းကုမ္ပဏီရဲ့ စတားလိုင်နာ အာကာသယာဉ်နဲ့ နိုင်ငံတကာ အာကာသစခန်းကို သွားရောက်ခဲ့တာဖြစ်ပြီး အပြန်ခရီးမှာတော့ နည်းပညာပြသနာတွေကြောင့် အာကာသယာဉ်သာ စက်တင်ဘာလမှာ ကမ္ဘာမြေပြန်လာခဲ့ပြီး သူတို့ကတော့ နိုင်ငံတကာ အာကာသစခန်းမှာ သောင်တင်ခဲ့တာပါ။
သူတို့ကို ပြန်ခေါ်ဖို့နဲ့ အမှုထမ်းသစ် အာကာသယာဉ်မှူးတွေကို ပို့ဆောင်မယ့် Space X ရဲ့ အာကာသယာဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လွှတ်တင်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် နည်းပညာပြသနာအချို့ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး လက်ရှိ ၈ ရက်ကြာ မစ်ရှင်ကိုတော့ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
Ref:BBC
Photo:NASA