ဇူလိုင် ၂၀ – ၂၀၂၅
SS (VOM)
စစ်တောင်းမြစ်ရေ မြင့်တက်လာတဲ့အတွက် တောင်ငူမြို့နယ်၊ အနိမ့်ပိုင်းနေရာတွေက ကျေးရွာတွေအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ Save The Trees Rescue Team မှ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုကျော်သူရက ပြောပါတယ်။
လက်ရှိမှာ တောင်ငူမြို့နယ်အတွင်းက ပြသောင်၊ အလယ်ကျွန်း၊ ကြက်လျှာဇွန်း၊ မြစ်ကြီးပေါက်နဲ့ သဖန်းပင်ရွာ အပါအဝင် တခြားသော ကျေးရွာတွေမှာ ရေဝင်ရောက်မှု ဖြစ်ပေါ်နေပြီး ဒေသခံတချို့ ကယ်ဆယ်ရေး စခန်းတွေဆီ ပြောင်းရွှေ့ နေထိုင်နေရတယ်လို့ သိရပါတယ်။
“ရွာတွေမှာ ရေဝင်ရောက်နေတာက လေး၊ ငါးရက်လောက်တော့ ရှိပြီ။ အခုချိန်ထိတော့ အများကြီးတော့ အိမ်တွေ ရွှေ့ပြောင်းတာ မရှိသေးဘူး။ လာမယ့်ရက်ပိုင်း မြစ်ရေမြင့်တက်မှု အခြေအနေကို စောင့်ကြည့်နေကြတာပေါ့။ တောင်ငူ၊ အလယ်ကျွန်းကတော့ လက်ရှိ မြစ်ရေကြီးမှု အခြေအနေကနေ ရေထပ်တိုးရင် နေအိမ် ၁၉ လုံးလောက် ပြောင်းရွှေ့ရမှာပါ” လို့ ကိုကျော်သူရက ပြောပါတယ်။
လက်ရှိ မိုးလေဝသ ခန့်မှန်းချက်တွေအရ တောင်ငူမြို့အတွက် ရေဘေး အခြေအနေဟာ စိုးရိမ်စရာ အနေအထားမှာ ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်ထားစေချင်တယ်လို့ သူက ပြောပါတယ်။
“ဒီနှစ်မှာလည်း မနှစ်ကလိုပဲ မဖြစ်နိုင်ဘူး ထင်နေကြတဲ့သူတွေ ရှိတယ်။ တကယ်တမ်း ဖြစ်လာတဲ့အခါကျရင် မရှူနိုင်မကယ်နိုင် ဖြစ်ကြတာပေါ့။ အခုလည်း အဲဒီလိုသဘောတော့ ရှိတယ်။ ဒေသခံတွေအနေနဲ့ ဖြစ်လာမှ ဆိုတာထက် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားရင်တော့ မမှားဘူးပေါ့။ မိုး/ဇလ ဆိုတာကတော့ မဖြစ်မနေ ဖြစ်ရမယ်ဆိုတာတော့ မဟုတ်ဘူးပေါ့။ အမြဲပြောင်းလဲနေတာကိုး။ ဒါပေမယ့်လည်း ဖြစ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်ပေါ်မှာ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင်တော့ ကာကွယ်ရမှာပါ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကြိုတင်ပြင်ဆင်မှု အနေနဲ့ တောင်ငူမြို့က TTC ကျောင်းဟောင်း အပါအဝင် ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ ကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထားတဲ့အပြင် ပရဟိတ အသင်းအဖွဲ့တွေ အနေနဲ့လည်း လှေအပါအဝင် ကယ်ဆယ်ရေး ပစ္စည်းတွေ အသင့်ပြင်ဆင်ထားတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ ပရဟိတအသင်းတွေ အပိုင်းမှာလည်း မနှစ်ကထက် ကယ်ဆယ်ရေးပစ္စည်းတွေ တော်တော်ကို စုံစုံလင်လင် ရှိနေကြပါပြီ။ ပြီးတော့ ကျေးရွာတချို့မှာလည်း ကိုယ်ပိုင်လှေတွေ ရှိနေကြပြီဆိုတော့ တခုခုဖြစ်လာရင်တော့ မနှစ်ကလောက်တော့ အရေးပေါ် သက်ရောက်မှုအပိုင်းမှာ ပိုပြီးတော့ အားကောင်းနိုင်တယ်ပေါ့။ ဒါပေမယ့်လည်း ပေါ့ဆရင်တော့ ဆုံးရှုံးမှုများနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီအချိန် တိုင်းထွာချက်အရ တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေဟာ ၅၉၄ စင်တီမီတာကို ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ကတော့ ၆၀၀ စင်တီမီတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဆရာဦးဝင်းနိုင် (မိုးလေဝသ လေ့လာစောင့်ကြည့်သူ) ကတော့ ဒီ တောင်ငူမြို့မှာ မနှစ်ကလိုပဲ ပျက်စီးဆုံးရှုံးမှုများတဲ့ ရေကြီးရေလျှံမှု ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းထားတာရှိတယ်။ အဲဒီတော့ ကြိုတင် ပြင်ဆင်ထားဖို့က အဓိကပါ။ ပြင်ဆင်ထားရမယ်၊ ရွှေ့ပြောင်းသင့်တာ ရွှေ့ပြောင်းထားရမယ်၊ ထုပ်ပိုးထားရမယ်။ တခုခုဖြစ်လာရင် အဆင်သင့်ပြေးနိုင်အောင် ပြင်ဆင်ထားလိုက်ရင်တော့ ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်ပါမယ်။ လောလောဆယ်တော့ ကျေးရွာပေါင်း ၂၀ ကျော် ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတယ်” လို့ သူက ပြောပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်အရ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဝီဖာ” (WIPHA) ဟာ ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းအဆင့် ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းဟာ လာမယ့် ဇူလိုင် ၂၄ ရက်နေ့မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အနီးအထိ ကုန်းတွင်းလေပွေလှိုင်းအဖြစ် ရောက်ရှိနိုင်လာနိုင်တာကို ခန့်မှန်းချက်တွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်မှာ တိုင်ဖွန်းမုန်တိုင်း WIPHA ရဲ့ သက်ရောက်မှုကြောင့် ဇူလိုင် ၂၃ ရက်မှ ၂၅ ရက်အတွင်း ရှမ်းပြည်နယ်၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မအထက်၊ ၈ လက်မအောက် ရွာသွန်းနိုင်ပြီး မိုးများနိုင်တယ်လို့ သိရပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်း အားလုံးမှာတော့ မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး ၂၄ နာရီ မိုးရေချိန် ၂ လက်မခွဲ အောက် ရရှိနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၁၉ ရက်နေ့၊ ည ၇ နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသ သတင်းမှာတော့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဝီဖာ” (WIPHA) ဟာ အနောက်ဘက်ကို ရွေ့လျားနိုင်ပြီး တရုတ်နိုင်ငံ (တောင်ပိုင်း)၊ ကမ်းခြေဒေသတွေကတဆင့် ဗီယက်နမ်နိုင်ငံ (မြောက်ပိုင်း) ဒေသတွေဆီ ဆက်လက် ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုး/ဇလဌာနရဲ့ တိုင်းထွာချက်တွေအရ အဆိုပါ မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဇူလိုင် ၂၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် (မြောက်ပိုင်း) မှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ ဆက်လက် အားကောင်းနိုင်ခြင်းတို့ကြောင့်လည်းကောင်း ဇူလိုင် ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးကြီးခြင်းနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် အဆိုပါဒေသတွေရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေအနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။
Photo – Save The Trees Rescue Team