ဩဂုတ် ၂၂ ၊ ၂၀၂၅
GG(VOM)
ကချင်ပြည်နယ် ၊ ဖားကန့်မှာ ဒီနေ့ ဩဂုတ် ၂၂ ရက်နေ့မနက်ပိုင်းက မှော်စီစာရွာ လမ်းပေါ်မှာ အမျိုးသားနှစ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မှော်စီစာကျေးရွာက စိန်ချို ကွမ်းယာဆိုင်အနီးမှာ တယောက်ပစ်သတ်ခံထားရတယ်။နောက်တယောက်က ရွာလယ် လမ်းဆုံအနီး လမ်းမကြီးပေါ်မှာ ပစ်သတ်ခံထားရတာပါ။လက်နက်ကြီးသံတွေကလည်းကြားနေရပါတယ်။လုံးခင်းရွာမှာဆို ဆိုင်တွေအိမ်တွေပိတ်သူပိတ်ကုန်ကြတယ်။ ” လို့ဖားကန့်ဒေသခံကပြောပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရသူထဲမှာ တယောက်က မှော်စီစာရွာမှ ဦးချစ်နိုင်ဆိုသူဖြစ်ပြီး နောက်ထပ်တယောက်ကတော့ မည်မည်ဝါဖြစ်ကြောင်းမသိရှိရသေးဘူးလို့သိရပါတယ်။
ဖားကန့်မှာ ဩဂုတ် ၈ ရက်နေ့ကလည်း ဟင်းတင့်ကျေးရွာအနီးမှာ သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ရဲ့အလောင်းကို တွေ့ရှိ ခဲ့ရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှ ဇူလိုင်လအတွင်းတုန်းကလည်း ဖားကန့်မှာ အမျိုးသား ၁၅ ယောက်ထက်မနည်း လမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိဖားကန့်ဒေသမှာ KIA နဲ့ နလအ တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးလက်နက်ငယ် ၊ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေတယ်လို့သိရပါတယ်။
” ခုနလေးတင် ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်။လုံးခင်းဘက် ဗုံး ပေါက်ကွဲမှုဖြစ်တာ။မနက်တုန်းကလည်း မရှိကထောင်ရပ်ကွက် ထဲဗုံးကျလို့ ပြေးကြရသေးတယ်။အခုလည်း လုံးခင်း မှော်စီစာအောက်လမ်းသွားလို့မရဘူး။” လို့ လုံးခင်းဒေသခံကပြောပါတယ်။
ဖားကန့်ဒေသမှာတိုက်ပွဲ ပြင်းထန်လာမှုနဲ့အတူ မကြာသေးခင်ကမှပြန်လည်သွားလာခွင့်ပြုထားတဲ့ နန့်ယား – ဖားကန့်လမ်းမှာလည်း စစ်တပ်ဘက်မှ မြေပြင်စစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
စစ်တပ်မှ ဖားကန့်ဒေသကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နယ်မြေအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ၊မြေပြင် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်လာတာဖြစ်ပြီး စစ်ကြောင်းထိုးမှုနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ဒေသခံတွေမှာ စစ်ရှောင်ရသူများလာပြီး နေရပ်မပြန်နိုင်သူပိုများလာတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
