ရန်ကုန် ၊မေ ၁-၂၀၁၉
သူရိန် ( VOM)
အလုပ်ရှင် အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေး ဖြစ်ဖို့ အတွက် ရန်ကုန်တိုင်း အစိုးရက လိုလားတယ်လို့ မေ ၁ ရက်က လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာကွင်း၌ ၁၂၉ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေး) အခမ်းအနား မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။
အလုပ်သမားနှင့် အလုပ်ရှင်ကြားက ဆက်ဆံရေးမှာဆိုရင် အချိန်ကာလတခုမှာ အလုပ်ရှင်တွေဘက်က အလုပ်သမား သမဂ္ဂတွေ ထူထောင်ပြီဆိုရင် ပြဿနာ ရှာမှာပဲလို့ ထင်တတ်ကြတယ်။ အခု နောက်ပိုင်းမှာ အလုပ်ရှင် တော်တော်များများက အလုပ်သမား သမဂ္ဂရှိတာက တစ်ဦးတစ်ယောက်ချင်းကို စကားပြော ရတာထက် ခေါင်းဆောင်ကိုပဲ စကားပြောလိုက်ရင် အဆင်ပြေသွားမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆ ပြောင်းလဲနေတဲ့ကာလဖြစ်ပါတယ်။ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်နိုင်ဖို့အတွက်ကြိုးစားနေပါတယ်။ အလုပ်ရှင်အလုပ်သမား ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက လိုလားပါတယ်လို့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။
အလုပ်သမားနေ့(မေဒေး)မှာ ရန်ကုန် ၊ မန္တလေးကအလုပ်သမားတွေက စီတန်းလှည့်လည်ချီတက်ပြီး အလုပ်သမားရပိုင်ခွင့် အခွင့်အရေးတွေကို တောင်းဆို ဆန္ဒပြခဲ့ကြသလို ၊ လုပ်ခလစာ တနှစ်တကြိမ် ပြန်လည် သုံးသပ်ပြင်ဆင်ပေးရေး၊ အလုပ်သမားတရားရုံး အမြန်ဆုံး ပေါ်ပေါက်ရေး၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်နည်းဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရေး၊ သမဂ္ဂဖြိုခွဲမှုတွေကို ထိရောက်စွာအရေးယူပေးရေး၊ အလုပ်သမား ဥပဒေပြင်ဆင်ရေးဆွဲရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းရေးဆွဲပေးရေး စတဲ့အချက်တွေနဲ့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
အလုပ်သမားတွေအနေနဲ့တော့ ဒီနေ့အချိန်ထိ အလုပ်သမားအခွင့် အရေးတွေပြည့်ပြည့်ဝဝ မရရှိသေးလို အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ခွင့်မရတာတွေလည်း ရှိနေတယ်။ အလုပ်သမားတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကလည်း ပြင်ဆင်သင့်တဲ့ ဥပဒေတွေ ပြင်ဆင်တာ၊ အသစ်ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတွေပြဋ္ဌာန်းနေသလို အစိုးရကလည်း ဥပဒေတွေနဲ့အညီ ကြပ်မှတ်စစ်ဆေးဖို့ လိုတယ်လို့ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ကိုမင်းမင်းလတ်က ပြောပါတယ်။
၂၀၁၈ ဧပြီ ၁ ရက်ကနေ ၂၀၁၉ ဖေဖော်ဝါရီ ၂၈ ရက်အထိ အစိုးရဌာနဆိုင်ရာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၀၀၀ ကျော်နဲ့ ပုဂ္ဂလိက ကဏ္ဍမှာ ၂၁၀၀၀၀ ကျော်အလုပ်အကိုင် ရရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၆၉ ခုကနေ နိုင်ငံပေါင်း ၉ နိုင်ငံကို အလုပ်သမားပေါင်း၂၂၈၀၀၀ ကျော်စေလွှတ်နိုင်ခဲ့တယ် လို့လည်း ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားဦးရေ ၂၂ သန်းကျော်ရှိပြီး တရားဝင်မှတ်ပုံတင် ဆောင်ရွက်နေတာက ၂ သိန်းကျော်သာရှိတယ်လို့ သက်ဆိုင်ရာကနေသိရပါတယ်။
#voiceofmyanmar #အလုပ်သမားနေ့ #မေဒေး #