ခတ္တမန္ဒူ၊ စက်တင်ဘာ-၂၇-၂၀၂၅
မျိုးဆက်(VOM)
နီပေါနိုင်ငံမှာ ဆန္ဒပြမှုတွေကြောင့် ဝန်ကြီးချုပ် ရာထူးပြုတ်ကျပြီးနောက် လာမယ့်နှစ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ယာယီဝန်ကြီးချုပ်ဖြစ်သူ ကာကီက သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။
ကြားဖြတ်အစိုးရအနေနဲ့ ရှုပ်ထွေးတဲ့ အခြေအနေမှ လွတ်မြောက်ဖို့ နည်းလမ်းရှာ လုပ်ဆောင်နေတယ်လို့ သူမက ပြောပါတယ်။ လာမယ့်နှစ် မတ်လ ၅ ရက်နေ့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ရည်မှန်းထားတယ်ဆိုပါတယ်။
ကာကီဟာ နီပေါရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။ သူမရဲ့ ကြားဖြတ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်မတက်ခင်ထိ နိုင်ငံကို ဦးဆောင်မှာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်းအများအပြားကို ဝင်ရောက်ခွင့် ပိတ်ပင်တဲ့ ယခင်အစိုးရရဲ့ လုပ်ဆောင်မှုကြောင့် ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် ၀န်ကြီးချုပ်ဟောင်း ရှာမာအိုလီဟာ ရာထူးက ဆင်းသွားခဲ့တယ်။
ဆူပူအုံကြွမှုအတွင်း အနည်းဆုံး လူ ၇၂ ယောက် သေဆုံးခဲ့ပါတယ် ။ ဆန္ဒပြသူတွေဟာ အဂတိလိုက်စားမှုတိုက်ဖျက်ဖို့နဲ့ စီးပွားရေ ကွာဟချက်တွေကို ပပျောက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ လက်ရှိဝန်ကြီးချုပ် ကာကီဟာ တရားရေးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တဲ့ သူမရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့် လူသိများပါတယ်။
ယခင်အစိုးရလက်ထက် အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူမရဲ့ အစိုးရက ရရှိထားတယ်လို့ ပြောပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ကာ အပြစ်ရှိသူတွေကို အရေးယူမယ်လို့ ဝန်ကြီးချုပ်က ကတိပြုပြောဆိုထားပါတယ်။
Ref:NHK
Photo:Reuters
