အပစ်ခတ်ရပ်စဲရေးကာလတိုးပြီး ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာသင့်တော်တယ်လို့  RCSS ထုတ်ပြန်

မေ ၃-၂၀၁၉

သစ်တော် (VOM)

 

ရှမ်းပြည်လည်ထူးထောင်ရေးကောင်စီ (RCSS) က တပ်မတော်ကနေ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကာလ ထပ်မံတိုးမြှင့်တာနဲ့ပတ်သတ်ပြီး ကြိုဆိုကြောင်းကို မနေ့ မေလ ၂ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ဧပြီလ ၃၀ရက်မှာ အပစ်အခတ် ရပ်စဲရေး ကာလကို  ဇွန်လ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့တာနဲ့ပတ်သက်ပြီး VOM ဆက်သွယ်မေးမြန်းမှုကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

 

ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းတာသင့်တော်တယ် အပစ်အခတ် ရပ်စဲရေး ကာလကို ထပ်မံ တိုးမြှင့်တာကိုလက်ခံတယ်လို့  (RCSS) မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဖ  ဒီနေ့ ပြောလိုက်ပါတယ်။

 

 

” ကြိုဆိုတယ်ဆိုတာက ကျွန်တော်တို့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းတာသင့်တော်တယ်ပေါ့  ဒါကြောင့်ကြိုဆိုထောက်ခံတယ်  နှစ်လဆိုတာတော့တော်တော်လေးကိုနည်းပါတယ်  လေးလ ဖြစ်ဖြစ် ငါးလဖြစ်ဖြစ်ပေါ့ ရှေ့လျှောက်နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းကြဖို့လိုပါတယ်” လို့ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဖကပြောပါတယ်။

 

 

” ငြိမ်းချမ်းရေးအခြေအနေမှာ ကျွန်တော်တို့က ယုံကြည်မှုကိုတည်ဆောက်နေတဲ့အချိန် တိုက်ပွဲတွေမဖြစ်ဖို့ နယ်မြေတည်ငြိမ်အေးချမ်းဖို့ကလည်း အရေးကြီးတယ်  တစ်ဖက်ကတိုက်ပွဲတွေဖြစ်နေတော့  နိုင်ငံရေးဆွေးနွေးဖို့နည်းလမ်းက အနှောင့်အယှက်အယှက်တွေဖြစ်စေတယ်” လို့ (RCSS) မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဖက ဆက်လက်ရှင်းပြပါတယ်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ KNU-ကရင်အမျိုး သားအစည်းအရုံးနဲ့ မွန်ပြည်သစ်ပါတီ (NMSP)တို့အကြား ဧပြီလ ၂၉ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် ဒဒိန်အနီးတစ်ဝိုက်မှာ နယ်မြေအငြင်းပွားမှုနဲ့ ထိတွေ့မှုတွေဖြစ်ပြီးတဲ့နောက် ယခု စစ်ရေးအခြေအနေ တင်းမာမှုရှိနေတာကြောင့် ဒါနဲ့ပတ်သက်ပြီး မေးမြန်ခဲ့ရာမှာတော့

” ထိတွေ့မှုတွေဖြစ်နေတယ်ဆိုကတည်းက ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက် အဟန့်အတားတွေဖြစ်တာပါပဲ မဖြစ်တာအကောင်းဆုံးပဲလို့” ပြောပါတယ်

 

ဒါအပြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့  ထုတ်ပြန်ချက်နဲ့ မူဆယ်တွေ့ ဆုံဆွေးနွေးမှုတွေအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြိုဆိုကြောင်းကိုလည်း ဒီနေ့မေ ၃ရက် ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။

 

ဒီထုတ်ပြန်ချက်ထဲမှာတော့ မူဆယ် တွေ့ဆုံဆွေးနွေးပွဲမှာ အပြုသဘောဆောင်တဲ့ ရလဒ်များရရှိခြင်း အပေါ် ကြိုဆိုကြောင်းနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၃၀ရက်တွင် အပစ်အခတ် ရပ်စဲရေး ကာလအား ဇွန်လ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ကြောင်း ၊ ထိုနေ့အစောပိုင်းတွင်ပင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် KIA၊ MNDAA၊ TNLA နှင့် AA တို့သည် မူဆယ်မြို့၌ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှန်ကန်သည့်လားရာသို့ ဦးတည်၍ အပြုသဘောဆောင်သည့် တိုးတက်မှုများ ရရှိနေသည်ကို ဖော်ပြနိုင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

#voiceofmyanmar  #rcss #ငြိမ်းချမ်းရေး # KIA #MNDAA #TNLA    #AA

Related posts

Leave a Comment

VOM News

FREE
VIEW