ယာဥ်အို ယာဥ်ဟောင်းအပ်နှံပြီး EV တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ စာနဲ့ပတ်သက်ပြီး တိကျတဲ့ အမိန့်ညွှန့်ကြားချက်တွေ ထုတ်ပြန်ပေးဖို့ လိုအပ်

မေ ၂၉ ၊ ၂၀၂၆
GG (VOM)
သက်တမ်းနှစ် ၂၀ ကျော်တဲ့ကားတွေနဲ့ သက်တမ်း နှစ် ၂၀ မပြည့်သေးပေမယ့်လည်း ယာဥ်အပ်နှံမယ်ဆိုပါက EV လျှပ်စစ်ကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ စာနဲ့ပတ်သက်ပြီး တိကျတဲ့ အမိန့်ညွှန့်ကြားချက်တွေ ထပ်မံထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားတာက ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်တဲ့ကားတွေ ၊ ကားကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်လို့မရနိုင်တဲ့ ယာဉ်တွေနဲ့ ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်ပေမယ့်လည်း မိမိဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေကို အပ်နှံတဲ့ယာဥ်ရဲ့ တန်ဖိုးနဲ့အညီ လျှပ်စစ်သုံးယာဉ် EV ကို အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးတဲ့ ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံတဲ့ ယာဉ်အမျိုး အစားအလိုက် သင့်လျော်တဲ့ EV တစီးကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်ပြီး အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်တဲ့အပြင် ကျသင့်မယ့်နိုင်ငံခြားငွေကိုလည်း ဗဟိုဘဏ်က သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
” By law တခုထပ်ထွက်ဖို့လိုတယ်။ပုံစံ (ဃ )ပါရင် EV တင်သွင်းခွင့် ပေးမယ် ။ဗဟိုဘဏ်က သင့်တင့်မျှတတဲ့ စျေးနူန်းနဲ့ နိုင်ငံခြားငွေရောင်းပေးမယ်။ အကြမ်းဖျင်း ရေဘုယျဆန်တဲ့စာပဲထုတ်ထားတာ ။ ဘယ်ကားအပ်ရင် ဘယ်လောက် ၊ဘယ်လိုကားမျိုးအထိ ဘယ်လိုတင်သွင်းရမယ် ၊ ဘယ်လိုလုပ်ငန်းတွေနဲ့အဆင့်ဆင့် ဖြတ်ကျော်ရမယ်ဆိုတာ ထုတ်ပြန်ဖို့လိုအပ်တယ်။ အဲဒီအပေါ်အချိန်တခုစောင့်ရလိမ့်မယ်။ “လို့ မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်း MAMDA ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့်က သုံးသပ်ပြောပါတယ်။
လက်ရှိမှာ ယာဥ်အို ယာဥ်ဟောင်းအပ်နှံပြီး EV ကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့စာ​ကြောင့် ကားစျေးကွက်မှာ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ကားစျေးကွက်အတွင်း ရောင်းမှား ဝယ်မှား မဖြစ်ရအောင် အထူးသတိပြုဖို့လိုကြောင်း သူက ဆက်ပြောပါတယ်။
” တချို့နှစ် ၂၀ ရောင်းချင်တဲ့လူကတော့ အရည်ကြိုကားကို စျေးပိုလိုချင်ကြတယ်။EV တင်သွင်းထားသူတွေကလည်း ဒီကားတွေရောက်လာရင် ဘယ်လိုများဖြစ်မလည်း စိုးရိမ်စိတ်ရှိကြတယ်။ဆီကားသမားတွေကလည်းငါတို့မှာဒီကားတစီးရှိတာ မဖြစ်မနေအပ်ရရင် နောက်ထပ် EV တင်သွင်းဖို့ဘယ်ပိုက်ဆံနဲ့လိုက်ရမလဲ ။ဘယ်လိုရပ်တည်ရမလဲဆိုပြီး ဗျာပါဒများသူလည်းရှိကြတယ်။EV တွေ ရောက်လာရင် ခွက်ထိုးခွက်လန်ရှုံးမှာစိုးပြီး အောက်စျေးနဲ့ရောင်းပစ်တာတွေရှိနိုင်တယ်။ လေလှိုင်းပေါ်မှာ EV စျေးကျပြီဆိုပြီးဖွတဲ့အဖွဲ့ကရှိတယ်။အရည်ကျိုတွေစျေးတက်မယ်ဆိုပြီးဖွတဲ့အဖွဲ့ကရှိတယ် ။ နှစ် ၂၀ ယာဥ်တွေ ယာဥ်လည်းကြံ့ခိုင်မှုရှိပြီးသုံးလိုသင့်တော် တဲ့ကားတွေ အပ်ရတော့မှာမို့ချရောင်းတော့မယ်ဆိုပြီး ဖွတဲ့အဖွဲ့လည်းရှိတယ်။ လေလှိုင်းပေါ်ကစကားတွေကိုယုံပြီး စျေးတက်မှာစိုးလို့ ကြိုဝယ်တာတွေ ၊သုံးမရမှာစိုးလို့ ခိုးရောင်းတာတွေကတော့ အနည်းနဲ့အများ ရာခိုင်နူန်း တခုမှာရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ဘာမှမလုပ်ပဲ နောက်ထွက်လာမယ့် အမိန့်ကြော်ငြာစာတွေ ညွှန်ကြားချက်တွေ လုပ်ထုံးလုပ်နည်း တွေအပေါ်မူတည်ပြီး အကောင်းဆုံးဆောင်ရွက်ရင် ဘေးထွက်ဆိုးကျိုး အသက်သာဆုံးဖြစ်မယ် သုံးသပ်ပါတယ်။ “လို့ သူက ထပ်မံပြောပါတယ်။
လက်ရှိမှာတော့ ကားစျေးကွက်အတွင်းမှာ EV ကားအဝယ်အေးသွားတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
” EV ကားပေါ်တော့ သက်ရောက်မှုရှိတယ် ။ EV တွေစျေးကျတော့မှာ အများကြီးဝင်လာတော့မှာဆိုတဲ့ စကားတွေကြောင့် ဝယ်မယ်ဆိုတဲ့သူ တချို့က စောင့်ကြည့်ပြီး အားလုံးငြိမ်မှဝယ်မယ်ဆိုပြီးလုပ်ကြတော့ EV ဝယ်လိုအား လျော့သွားတဲ့ အခြေအနေရှိတယ်။ ” လို့ ဆိုပါတယ်။
နှစ် ၂၀​ကျော်ထဲက လန်ခရူဇာ အပါအဝင် ကားတချို့ဟာ ယာဥ်သက်တမ်း နှစ် ၂၀ သက်တမ်းရှိလာပေမယ့် Safety ကောင်းပြီး ယာဥ်ကြံ့ခိုင်မှုရှိတဲ့အပြင် စျေးကွက်မှာ သိန်း ၂၀၀၀ ကနေ ၃၀၀၀ လောက်အထိ ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။
လက်ရှိ EV ကားကတော့ ရန်ကုန် ၊မန္တလေး ၊ နေပြည်တော် မှာအရောင်းအဝယ်သွက်ပြီး နယ်ကားစျေးကွက်မှာတော့ ဆီကားတွေက ​ပိုပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW