သူတို့အိမ် အခန်း (၁၄၀)

ဆူးငှက်

ဝမ်းနှင့် တူးကြား၊ ဖယ်ကာရှား
———————————-

၁၉၈၃ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်တော် အိမ်ထောင်ကျသည်။ ထိုနှစ်က ပြည်တွင်း နိုင်ငံရေးအနေနှင့်လည်း ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အစိုးရအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်ထဲတွင် သြဇာအာဏာကြီးသူဟု သတ်မှတ်ထားသည့် ဗိုလ်မှူးချုပ်တင်ဦး ကိုယ်တိုင် အဖမ်းခံလိုက်ရသည်။ ဗိုလ်မှူးချုပ်တင်ဦးကို မျက်မှန်တင်ဦးဟု အသိများပြီး သူကိုယ်တိုင်က ထောက်လှမ်းရေးအကြီးအကဲဖြစ်ကာ လမ်းစဉ်ပါတီ၏ တွဲဘက်အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။ ထိုစဉ်က ပါတီဥက္ကကြီး ဦးနေဝင်းကို နံပတ်ဝမ်း၊ သမ္မတဦးစန်းယုကို နံပတ်တူးဟု နိုင်ငံရေးလောက က ခေါ်ဝေါ်သုံးစွဲကြရာ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်တင်ဦးကို ဝမ်းနှင့် တူးကြားက ဝမ်းအင်ဟပ်ဖ် (1 ½) ဟု ခေါ်ကြသည်။ ဆိုလိုသည်မှာ ဦးနေဝင်းပြီးလျှင် သူပဲ။ သူက ဦးစန်းယုထက် လုပ်ပိုင်ခွင့်ပိုရှိတယ် ဟူသည့် သဘောဖြစ်သည်။

တကယ်တော့ ထိုကိစ္စသည် ပေါ့သေးသေး တော့မဟုတ်။ ဦးနေဝင်းသည် သူ့ကို ပုခုံးချင်းယှဉ်လာနိုင်သည့် (သို့မဟုတ်) တပ်တွင်း၌ လည်းကောင်း၊ ပါတီတွင်း၌ လည်းကောင်း ထက်မြက်ထင်ပေါ် လူကြိုက်များလာလျှင် ဆက်လက်ရှင်သန်ခွင့် မပေးသည့် သရုပ်သကန် ပို၍ ပီပြင်လာခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထောက်လှမ်းရေး အကြီးအကဲ တစ်ယောက်သာမက ပါတီတွင် သြဇာရှိသူ၏ ကျဆုံးခန်းက တစ်ချိန်က သူ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဝဋ်လည်သည်ဟု ပြောရသကဲ့သို့ မထင်မှတ်သော အပြောင်းအလဲဖြင့် ကျန်သူများကို သတိပေးလိုက်သည့် သဘောလည်း ဖြစ်သည်။ ထိုစဉ်က ဖမ်းဆီးအရေးယူရာတွင် ပြည်ထဲရေးဝန်ကြီး ဦးဘိုနီလည်း ပါရှိသည်။ ထို့ပြင် ထောက်လှမ်းရေးထဲမှလည်း မျက်မှန်ဦးတင်ဦးနှင့် ဆက်နွယ်သူမှန်သမျှ ဖယ်ရှားခံလိုက်ကြရသည်။

အာဏာနှင့် စီမံကိန်း
————————–

ထို့ကြောင့် တစ်ချိန်က ဗိုလ်မှူးချုပ်တင်ဦး၏ နာမည်ကျော် စီမံကိန်းများဖြစ်သော ပျားဂေဟာနှင့် ဘောစကိုင်း စိုက်ပျိုးရေးစီမံကိန်းများလည်း ပြည်ဖုံးကားချသွားသည်။ တကယ်တော့ သည်တိုင်းပြည်မှာက စီမံကိန်းဟူသည် ပညာရှင်များ သုံးသပ်ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်ခဲ့ရသည် မဟုတ်ဘဲ အာဏာရှိသူ၏ တစ်ဦးတည်း စိတ်ကူးစိတ်သန်းကို နိုင်ငံတော်အတွက် အကျိုးရှိမရှိ မစဉ်းစားဘဲ နိုင်ငံတော် စီမံကိန်းအဖြစ် ဖော်ဆောင်ခဲ့ကြသည်ချည်း ဖြစ်သည်။ ထို့ကြောင့် ထိုအာဏာရှိသူ အရာကျသွားသည်နှင့် ထိူစီမံကိန်းဆိုသည်များလည်း ထိုသူနှင့်အတူ အရာကျ ပျောက်ဆုံးသွားခဲ့သည် ချည်း ဖြစ်သည်။

ထို့နောက် ဦးနေဝင်းက ထောက်လှမ်းရေးအဖွဲ့ကို သူ့စိတ်ကြိုက် ပြန်လည် ဖွဲ့စည်းရာ ဗိုလ်မှူးချုပ်တင်ဦး ဖမ်းဆီးခံလိုက်ရပြီး ထောက်လှမ်းရေး အကြီးအကဲမှာ ဗိုလ်မှူးကြီး အောင်ကိုး ဖြစ်သည်။ ထိုသို့ ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း အဖမ်းအဆီး အထိန်းအသိမ်းများ ဖြစ်လာသောအခါ ကျွန်တော်တို့ အလုပ်ရုံတွင် ဆုံကြပြီး လက်ဖက်ရည်သောက်ရင်း စကားဝိုင်း ဖွဲ့လေ့ရှိသည့် မြို့နယ်ပါတီယူနစ်နှင့် မြို့နယ် အလုပ်သမားအစည်းအရုံးတို့မှ ကေဒါကြီးများက သူတို့ပါတီ ဥက္ကဋ္ဌကြီးက ပါတီစည်းကမ်းနှင့် ပတ်သက်၍ အထူးအလေးထားကြောင်း၊ စည်းကမ်း ဖောက်ဖျက်လျှင် မည်မျှပင် ရာထူးကြီးပါစေ နို့ဆီတစ်ဘူး၊ သကြားတစ်ပိဿာက အစ ခွင့်မလွှတ်ဘဲ ချက်ချင်း အရေးယူ ကြောင်း၊ ထိုသို့ ကျောသားရင်သား မခွဲခြားဘဲ ပါတီ၏ မျက်နှာကိုသာ ကြည့်သည်မှာ လေးစားဖွယ် ဖြစ်ကြောင်း သုံးသပ်ကြသည်။ တကယ်တော့ ထိုပုဂ္ဂိုလ်များမှာ ဆိုရှယ်လစ်စံနစ်ကို တကယ်ရိုးသားစွာ ယုံကြည်ကြသူများဖြစ်သည်။ သူတို့မှာ ဘာပိုင်ဆိုင်မှုမှ မရှိ၊ စက်ဘီးလေးနှင့် မိုးကာအိတ်လေးနှင့် ချည်ဦးထုပ် အဖြူဝိုင်းလေးနှင့် စတစ်ကော်လာအဖြူ အင်္ကျီ ကုပ်ပိုးအစုတ်လေးနှင့် သူတို့ပါတီကို ယုံကြည်စွာ အလေးအမြတ် ထားသူများဖြစ်သည်။

အာဇာနည်ဗိမာန် ဗုံးခွဲမှု
————————-

ထိုနှစ်မှာပင် ပြည်တွင်း၌သာမက နိုင်ငံတကာသို့တိုင် ခြောက်ခြား တုန်လှုပ်သွားစေသော အဖြစ်အပျက်တစ်ခု ဖြစ်ပွား ခဲ့ပြန်သည်။ ထိုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံခေါ် တောင်ကိုရီးယားနိုင်ငံ၏ ချစ်ကြည်ရေး ကိုယ်စားလှယ် သမ္မတ ချွန်ဒူးဝမ်နှင့် အဖွဲ့ ကို ရန်ကုန် အာဇာနည်ဗိမာန်တွင် ဗုံးခွဲ လုပ်ကြံမှု ဖြစ်ပွားခဲ့သည်။ သမ္မတ ချွန်ဒူးဝမ်မှာ မူလအစီအစဉ်ထက် မိနစ်အနည်းငယ် နောက်ကျမှ ရောက်လာသောကြောင့် သူနှင့်အတူ လိုက်ပါကာ လွမ်းသူပန်းခွေချမည့် သမ္မတဦးစန်းယုပါ လွတ်မြောက်သွားသော်လည်း ဝန်ကြီး ၄ဦးအပါအဝင် ၂၁ဦး သေဆုံးခဲ့သည်။

ထိုသတင်းကို ကြားသိလျှင် ကြားသိချင်း ပြည်တွင်းတွင် ကောလာဟလ သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ သို့သော် ဗုံးခွဲလုပ်ကြံသူမှာ ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ ခေါ် မြောက်ကိုရီးယားနိုင်ငံသား ဇင်မိုနှင့် ကင်မီချူး တို့ကို ဖော်ထုတ်ရမိခဲ့သည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးအောင်ကိုး မှာ တာဝန်လစ်ဟင်း ပေါ့လျော့မှုဖြင့် ဖယ်ရှားခံလိုက်ရကာ တပ်မ ၄၄ မှ နည်းဗျူဟာမှူး ဖြစ်သူ ဒုဗိုလ်မှူးကြီးခင်ညွန့် က ထောက်လှမ်းရေး အကြီးအကဲ ဖြစ်လာတော့၏။

ကျွန်တော် ဆယ်တန်းအောင်စဉ်က မမခင်ရီ ဝယ်ပေးခဲ့သည့် နေရှင်နယ် ရေဒီယိုလေးက ကျွန်တော့်ကို ကမ္ဘာကြီးနှင့် သာမက ပြည်တွင်းသတင်း အခြေအမြစ်များကိုလည်း သိနားလည်စေခဲ့သည်။ ညနေစောင်း ၆နာရီ ကတည်းက ကျွန်တော့်က ရေဒီယိုလေး အနီး နားကပ်ပြီး မီတာ ၆၀၊ အောလ်အင်ဒီယား၊ ဗွီအိုအေ၊ ည၈နာရီ ပြည်တွင်းသတင်း၊ ဘီဘီစီမှ အစ ပီကင်းရေဒီယိုအထိ ခလုတ်လေးလှည့်ကာ တဂျီဂျီ နားထောင် နေသဖြင့် အတော်အတန် သိရှိနေပါပြီ။ ထို့ပြင် ကျွန်တော့် ဝမ်းကွဲ အစ်ကိုကလည်း ၁/၈၀ ဖြင့် အင်းစိန်က ပြန်ရောက်လာပြီး အရင်လိုပဲ စနေနေ့ညတိုင်း အကောင်းကြိုက် ကဖေးမှာ ဆုံကြရင်း စာအကြောင်းထက် နိုင်ငံရေး သတင်းတွေကို ပိုပြောဖြစ်လာကြသည်။

ပါတီဝင်ရမယ်လေ..
———————-

ကျွန်တော်လည်း ဖိနပ်ကုန်ထုတ်သမဝါယမမှာ ဝင်ရောက် တာဝန်ထမ်းတာ ၃နှစ်သက်တမ်းသို့ ရောက်သည် သာမက အခြေခံအလုပ်သမားအစည်းအရုံး၏ အမှုဆောင်အနေနှင့် အစည်းအရုံးများ ပြန်လည် ဖွဲ့စည်းရေး တွင် မြို့နယ်၏ တာဝန်ပေးချက်ဖြင့် ပါဝင်ခဲ့ရသည်။ ထိုအခါ အခြားအစည်းအရုံးများမှ ကိုယ်စားလှယ်များ မြို့နယ်က ကြီးကြပ်သူများနှင့် စက်ရုံအသီးသီးသို့ ကွင်းဆင်းရသည်။ ထို့ကြောင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ရင်းနှီးကာ သူတို့က ကျွန်တော့်ကို ပါတီလုပ်ငန်းတွင် ထဲထဲဝင်ဝင် လုပ်ကိုင်စေလိုကြသည်။ သို့သော် ကျွန်တော်က ပါတီဝင်မဟုတ်။

ထိုသို့ ပါတီဝင် မဟုတ်ကြောင်း သူတို့ သိရှိသွားတော့ အလုပ်ရုံသို့ပင် လိုက်လာကာ ကျွန်တော့်ကို ပါတီဝင်ဖို့ တိုက်တွန်းကြတော့၏။ သူတို့က ကျွန်တော်သည် အပျင်းထူကာ လျှောက်လျွှာ မတင်ခဲ့သောကြောင့်ဟု ယူဆပြီး လျှောက်လွှာကိုပင် ယူလာကာ ကိုယ်ရေးသမိုင်းဖြည့် လက်မှတ်ပဲထိုးလိုက်ပါ။ ကျန်တာ သူတို့ ဆောင်ရွက်ပါ့မယ်ဟု ဆိုသည်။ ကျွန်တော်ကလည်း မင်္ဂလာဆောင် အကြောင်းပြ၊ ခရီးထွက်ရမလို အကြောင်းပြကာ နဝေတိမ်တောင် လုပ်နေရသည်။ ကျွန်တော် ပါတီ မဝင်ချင်။

ဌာနမှူး အသစ်နှင့် အဟောင်း
———————————–

ထိုစဉ်ကာလတွင် မြို့နယ် သမဝါယမ ဦးစီးဌာနတွင်လည်း ဦးစီးမှူး အသစ်ပြောင်းရွှေ့လာသည်။ ယခု ဌာနမှူးအသစ်က တောင်ကြီးက ပြောင်းလာတာတဲ့။ အရပ်ရှည်ရှည် ပိန်ပိန်ဖြစ်ကာ ဂျာဝါးဆိုင်ကယ်နှင့် ဖြစ်သည်။ သူက အလုပ်ရုံသို့ မကြခဏလာသည်။ သူက စာဖတ်ဝါသနာပါသည်။ ဝါသနာပါရုံမက စာအုပ်တွေ တော်တော်များများလည်း သူက စုဆောင်းထားသည်။ အရင်ဌာနမှူးလည်း အလုပ်ရုံသို့ တစ်ပတ်တစ်ကြိမ် လာရောက်ကာ လက်ဖက်ရည် သောက်ပါ၏။

သို့သော် အရင်ဌာနမှူးက လာသည်နှင့် ဥက္ကဋ္ဌ (သိုပမဟုတ်) အတွင်းရေးမှူး အပါအဝင် အလုပ်ရုံမှာရှိသည့် အမှုဆောင်များကို ခေါ်ခိုင်းကာ စကားဝိုင်းဖွဲ့သည်။ သူတို့ ထိုင်ကြသည်က ကျွန်တော့်စာပွဲမှာမို့ အရင်ဌာနမှူး လာသည်နှင့် ကျွန်တော်က လူကြီးများကိုခေါ်ပေး လက်ဖက်ရည်မှာပေး ဓာတ်ဘူးထဲ ရေနွေးကြမ်းဖြည့်ပေးပြီး အလုပ်ခွင်ထဲမှ ကိုအောင်ရီ့ အလုပ်ခုံဘေး သွားထိုင်ကာ ကိုအောင်ရီနှင့် စကားပြောနေသည်။ ထိုဌာနမှူး ပြန်မှ ကျွန်တော်က စာပွဲသို့ ပြန်လာ၏။

စာအုပ်စာပေတွေထဲက ဌာနမှူးအသစ်
————————————–

ယခုဌာနမှူး အသစ်ကတော့ အရင်ဌာနမှူးလိုမဟုတ်။ ရောက်လာသည်နှင့် ကျွန်တော်နှင့် စာအုပ်တွေ အကြောင်းပဲ ပြောသည်။ လတ်တလော ခေတ်စားနေသော စာပေသတင်းတွေ ပြောသည်။ အလုပ်ရုံကိစ္စပါမှသာ သက်ဆိုင်ရာ လူကြီးနှင့် ခေါ်တွေ့ စကားပြောသည်။ စကားပြောရာတွင်လည်း အရာရှိပုံမျိုးမပေါက်။ လွတ်လပ်စွာပြောသည်။ ကျွန်တော်နှင့်က မင်းရယ် ငါရယ်နှင့် ပွင့်လင်းစွာ ပြောသည်။ တစ်နေ့ ထိုဌာနမှူးအသစ်နှင့် စကားစပ်မိရင်း အလုပ်ရုံတွင် ကျွန်တော်တာဝန်ယူရသည့် ရာထူး ပို့စ်ကို မေးပြီး လုပ်သက် ၄နှစ်ထဲ ရောက်သည်ကိုပင် ပါမင့်နင့် မရသေးသည့် အကြောင်း ရောက်သွားသည်။

ထိုအခါ ဌာနမှူးအသစ်က အမှုဆောင်အဖွဲ့ကို ခေါ်ပြီး အလုပ်ရုံ ဝန်ထမ်း ဖွဲ့စည်းပုံ အသစ် အတည် ဖြစ်မဖြစ် ကိစ္စ၊ ဝန်ထမ်းခန့်ထားခြင်းအပေါ် သက်ဆိုင်ရာသို့ အတည်ပြုမိန့် တောင်းခံခြင်းကိစ္စများကို မေးမြန်းသည်။ အလုပ်ရုံက တင်ပြထားသည့် စာရွက်စာတမ်းများ ယူကြည့်သည်။ သူက ကျွန်တော့်ကို “ မင်းကို အဆင့်၇နဲ့ ခန့်ရမှာကွ၊ အခု ပို့စ်က မင်းအတွက် နစ်နာတယ်။ ဒီပို့စ်တောင်မှ အရင်ဌာနမှူးက ဘာ့လို့ အတည်မပြုတာလဲ မသိဘူး၊ ရုံးရောက်မှ ငါပြန်ကြည့်ပေးမယ်” ဟု ပြောသည်။ ထိုအခါမှ ကျွန်တော်က ကိုယ့်အရည်အချင်းနှင့် ကိုယ့်ရာထူး တန်မတန် သိရ၏။ အလုပ်ရသည်ဆိုသည်နှင့် ဘာမှ မမေးမြန်းဘဲ ဝင်ရောက်လုပ်ကိုင်ခဲ့သည်လေ။

အနားမှာ နေပြီး ဝတ်ကြီး ဝတ်ငယ် မပြုစုခဲ့လို့
———————————————-

ထို့ပြင် အခုထိ ပါမင့်နင့် မဖြစ်သေး တာလည်း မသိ။ ဤသို့ဖြင့် နောက်ရက်ရောက်တော့ ဌာနမှူးအသစ်က အလုပ်ရုံသို့ရောက်လာပြီး ကျွန်တော့်ကို “ မင်း အရင်ဌာနမှူးနဲ့ ပြဿနာဖြစ်သေးလား” ဟု မေးတော့ ကျွန်တော်လည်း ဘာမှ မဖြစ်ပါကြောင်း ပြောပြသည်။ ဌာနမှူးအသစ်က “ မင်းကို ခန့်ထားဖို့ တင်တဲ့ အမှုတွဲ ဖိုင်ကို ရုံးဗီရိုရဲ့ လူမမြင်ရတဲ့ အထက်ဆုံးမှာ တင်ထားတာ အတော်ရှာရတယ်။ သူက မှတ်ချက်ရေးထားတာက သူအလုပ်ရုံကို ရှောင်တခင် ဝင်စစ်တိုင်း မင်းကအလုပ်စာပွဲမှာ မရှိဘူးတဲ့။ ပြီးတော့ ပါတီယူနစ်ကလည်း မင်းကို ကန့်ကွက်ရန်မရှိကြောင်းမှာ ဘာမှတ်ချက်မှ ရေးမထားဘူး” ဟု ရှင်းပြသည်။

သြော် သူလက်ဖက်ရည် လာသောက်စဉ် သူတွေ့ချင်သော အမှုဆောင်များကို ခေါ်ပေးပြီး လက်ဖက်ရည် မှာပေး၊ ရေနွေးကြမ်းဖြည့်ပေးရုံနှင့် မလုံလောက်ဘဲ အနားမှာ လက်လေး နောက်ပစ်ကာ ရပ်ပြီး ဝတ်ကြီးဝတ်ငယ် ပြုစုဖို့ ကျွန်တော့်ဘက်က ချွတ်ယွင်းသွားခြင်း ဖြစ်သည်။ ကျွန်တော်က ထိုဖြစ်စဉ်ကို ဌာနမှူးအသစ်အား ပြောပြတော့ ဌာနမှူးအသစ်က အားပါးတရ ရယ်ရင်း “ ဒီမောင်က ဗြူရိုကရက်ကြီးကွ၊ သူ့ကြည့်တော့ မည်းမည်းတုတ်တုတ် အေးတိအေးစက် သဘောကောင်းပုံမျိုးနဲ့” ပြောသည်။ ထို့နောက် ကျွန်တော့်ကို လက်ရှိ အတည်ပြုပြီးသော ဖွဲ့စည်းပုံက ရာထူးနှင့်ပင် ပါမင့်နင့်ဖြစ်အောင် သူ အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု ဆိုကာ ဖွဲ့စည်းပုံကိုလည်း ကျွန်တော့် ရာထူးကို အဆင့်၇ အဖြစ် ပြင်ဆင်ချက်နှင့် ပြန်လည် ရေးဆွဲ အတည်ပြုပေးမည်ဟု ပြောသည်။

စာပေအလုပ်တစ်ခု အတူလုပ်ကိုင်ကြဖို့
———————————————-

ထို့နောက် ဌာနမှူးအသစ်နှင့် ကျွန်တော်တို့ ကျောင်းသားဘဝက စာပေလှုပ်ရှားမှုများကို အမှတ်တရ ပြန်လည် ပြောဖြစ်ကြသည်။ သူက ချင်းတွင်း အထက်ပိုင်း မင်းကင်းဇာတိပေမယ့် ရန်ကုန်တက္ကသိုလ်တွင် အရင် တက်ရောက်ခဲ့ပြီး မန္တလေးတက္ကသိုလ်မှ ဇီဝဗေဒ ဘာသာတွဲဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။ သူနှင့် ကျွန်တော် ကျောင်းသားဘဝက အကြောင်းတွေ အမှတိတရ အပြန်အလှန်ပြောကြရင်း စာပေနှင့် ပတ်သက်သည့် အလုပ်တစ်ခု ပြုလုပ်ကြရန် စိတ်ကူးပေါ်ခဲ့ပြီး ထိုအလုပ်ကို အကောင်အထည် ဖော်ကြဖို့ ပြောဖြစ်ကြတော့၏။

ကျွန်တော် ထိုအလုပ်ကို လုပ်ရန် အတော်တက်ကြွသွားသည်။ ဌာနမှူးအသစ်ကလည်း ထိုအလုပ်အတွက် လိုအပ်သော ခွင့်ပြုချက်ကို လုပ်ထုံးလုပ်နည်းထဲမှ ရရှိနိုင်ရန်ကိစ္စကိုလည်း တစ်ပါတည်းပင် အလုပ်ရုံ၏ အမှုဆောင်ထဲမှ စာကြည့်တိုက်ကော်မီတီဝင် တစ်ယောက်ကို ခေါ်ယူကာ လမ်းညွှန် အကြံပေးခဲ့ပါ၏။ တစ်ဆက်တည်းပင် အမှုဆောင်အဖွဲ့လည်းစုံညီစွာရှိနေသောကြောင့် ပင်မအလုပ်ရုံ၏ အမှုဆောင်အဖွဲ့က အခြေခံအလုပ်သမားအစည်းအရုံး အမှုဆောင်အဖွဲ့ စာကြည့်တိုက်ကော်မီတီ၏ စာပေလုပ်ငန်းတစ်ခု အလုပ်ရုံတွင် ပြုလုပ်လိုခြင်း တင်ပြမှုအပေါ် သက်ဆိုင်ရာ သမဝါယမဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှု အောက်မှ ခွင့်ပြုသည့် အကြောင်း အစည်းအဝေး ထိုင်ကာ ဆုံးဖြတ်စေခဲ့သည်။

ထို အစည်းအဝေးဆုံးဖြတ်ချက်အရ စာကြည့်တိုက် ကော်မီတီကလည်း ကော်မီတီကိုယ်စား စာပေလုပ်ငန်း ဖြစ်မြောက်ရေးအဖွဲ့သို့ လုပ်ငန်းဆောင်ရွက်ရန် တာဝန်ပေးအပ်ကြောင်း အစည်းအဝေးကိုလည်း ဆက်တိုက် စည်းဝေး ဆုံးဖြတ်ခဲ့ကြ၏။ ထိုအစည်းအဝေးက ဆုံးဖြတ်ချက် ချပြီးသည်နှင့် ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်လို့ ရပါပြီ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW