အမေရိကန်နိုင်ငံသား အက်ဒမ် ကတ်စတယ်လို ဖမ်းဆီးခံရမှု၏ နောက်ကွယ်

 

LM

 

မြန်မာနိုင်ငံအမေရိကန်ကုန်သည်အသင်း (AmCham – American Chamber of Commerce in Myanmar) ဥက္ကဌဟောင်းဖြစ်သူ ၊ အမေရိကန်နိုင်ငံသား ကမ်းတက် မရိန်း တပ်ဖွဲ့အရာရှိဟောင်းတစ်ဦးလည်းဖြစ်‌သူ အက်ဒမ် ကတ်စတယ်လို အား ရန်ကုန်‌လေဆိပ်တွင် ထိန်းသိမ်းခေါ်ယူထားလိုက်ခြင်း၏ နောက်ကွယ်၌ ပြည်တွင်းပြည်ပ သတင်းဌာနများတွင် ​ဖော်ပြခြင်းမရှိ​သေးသည့် လူမှုကွန်ရက်ဝါဒဖြန့်ချီရေးစာမျက်နှာများက ထည့်သွင်းဖေါ်ပြပေးခြင်းမပြုပဲ ၊ ရေငုံနှုတ်ပိတ်ချန်လှပ်အချက်အလက်များက အွန်လိုင်းပေါ်တွင် အသားပေးရေးသားခံနေရသော ထင်မြင်ယူဆချက်များ ၊ စွပ်စွဲချက်များ ၊ ဝါဒဖြန့်မှုများထက် ပိုမိုနက်ရှိုင်းနေပြီး ၊ ပိုမိုစိတ်ဝင်စားဖွယ်ရာဖြစ်လာပါသည် ။

အခြေအမြစ်မရှိသော စွပ်စွဲချက်များ

AGS Myanmar ကုမ္ပဏီတည်ထောင်သူ Adam Castillo ကို ဇွန်လ ၁၁ ရက် ၊ ကြာသပတေးနေ့က ရန်ကုန်လေဆိပ်အရောက်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းကြောင့် ကနဦးထွက်ပေါ်လာသည်မှာ သတင်းအချက်အလက်က နည်းနည်းနှင့် စွပ်စွဲမှုများက ပိုများများ ဖြစ်နေပါသည် ။

နယူးယော့ခ်တိုင်းမ် ၊ ဝါရှင်တန်ပို့စ် ၊ ဂါဒီယန်း ၊ ရိုက်တာ အစရှိသော အနောက်နိုင်ငံများမီဒီယာကြီးများ၏ မူရင်းအရေးသားများကို အပေါ်ယံလျှပ်ဖတ်ကြည့်ရှုကြပြီးနောက် ၊ မူရင်းအနောက်အုပ်စုမီဒီယာများတွင်ပင် မဖေါ်ပြထားသော အချက်အလက်အတုများကို ထပ်မံဖြည့်စွက်ထည့်သွင်းကာ ၊ ပြည်ပ​ရောက်အစိုးရဆန့်ကျင်​ရေးအဖွဲ့တချို့က လူမှုကွန်ရက် စာမျက်နှာများနှင့် တစ်ဦးချင်းအကောင့်များကို အသုံးပြုကာ ၊ မြန်မာနိုင်ငံနှင့် မြန်မာအစိုးရကို ဆန့်ကျင်ပစ်မှတ်ထားသော သတင်းအတု သတင်းအမှားများကို အကြီးအကျယ်စတင်ဖြန့်ချီလာကြသည် ။

နှစ်နိုင်ငံလုံးမှ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေး

အရေးကြီးသောထူးခြားချက်မှာ Adam Castillo အားဖမ်းဆီးခံရခြင်းအပေါ် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံအစိုးရများ နှစ်ဘက်လုံးမှ မည်သည့်အချက်အလက်ကိုမှ တိတိကျကျ တရားဝင်ထုတ်ပြန်အသိပေးထားခြင်း မရှိသေးခြင်းဖြစ်ပါသည် ။

အမေရိကန်ပြည်ထောင်စု၏ အမာခံမဟာမိတ်နိုင်ငံတစ်ခုဖြစ်သော အစ္စရေးနိုင်ငံအခြေစိုက် ဂျေရုဆလမ် ပို့စ် သတင်းစာ (Jerusalem Post) သတင်းစာက ထိုသတင်းကို ယခုကဲ့သို့သာ ရေးသားဖေါ်ပြထားသည် ။

” အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန (US State Department) ၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံအတွင်း အမေရိကန်တစ်ဦးအား ထိန်းသိမ်းခြင်း (Detention) အပေါ် သတင်းများအား ထိုသတင်းများကို မိမိတို့ သိရှိထားပြီးဖြစ်ကြောင်း ၊ သို့သော်လည်း ” ကိုယ်ရေးကိုယ်တာပုဂ္ဂလိကရေးရာများကို ငှဲ့ညှာစရာများရှိနေခြင်းကြောင့် ” (Due to Privacy Concerns) မိမိတို့အနေဖြင့် မည်သည့်မှတ်ချက်ကိုမှ မပေးလိုသေးကြောင်း ” ကိုသာ အမေရိကန်ပြောရေးဆိုခွင့်ရှိသူက အမေရိကန်မီဒီယာများကို ဖြေကြားထားသည် ။

( မူရင်း ။ A US State Department spokesperson said it was aware of reports of the detention of an American in Myanmar but had no further comment “due to privacy concerns.” )

Adam Castillo အား ထိန်းသိမ်းလိုက်သည့် ဇွန်လ ၁၁ ရက် ၊ ကြာသပတေးနေ့အပြီး နောက်တစ်ရက် ၊ ရိုက်တာသတင်းဌာနမှ ဇွန်လ ၁၂ ရက် ၊ သောကြာနေ့ ရက်စွဲဖြင့် ထုတ်ပြန်သောသတင်းတွင် Reuters သတင်းဌာနမှ မြန်မာနိုင်ငံအစိုးရ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းရာတွင်လည်း ထိုအမေရိကန်နိုင်ငံသားကို ထိန်းသိမ်းလိုက်ခြင်းဖြစ်စဉ်အပေါ် မိမိတို့ မသိရှိရသေးကြောင်းကိုသာ ဖြေကြားထားသည်ဟုသာ ရိုက်တာသတင်းဌာနက ဖေါ်ပြထားသည် ။

ဖမ်းဆီးရခြင်းအကြောင်းအရင်းကို မြန်မာနိုင်ငံအတွင်းရှိ မီဒီယာများက ဆက်လက်မေးမြန်းထားကြသော်လည်း မြန်မာအစိုးရမှ သတင်းထုတ်ပြန်ခြင်း ၊ ပြန်လည်ဖြေကြားခြင်း မရှိသေးဟုသာ နောက်ရက်များတွင် အခြားမီဒီယာများက ဆက်လက်ဖေါ်ပြထားကြသည် ။

ထို့ကြောင့် Adam Castillo ကို ထိန်းသိမ်းရခြင်း အကြောင်းအရင်းများမှာ အခြားကြီးကြီးမားမားရေးရာများထက်စာလျှင် ” ကိုယ်ရေးကိုယ်တာ ပုဂ္ဂိုလ်ရေး ” (Privacy) ဆန်သော ရိုးရိုးအရပ်ဖက်အမှုအခင်းတစ်မျိုးမျိုး ဖြစ်ကောင်းဖြစ်နေနိုင်သော အလားအလာတစ်မျိုးကလည်း ၊ အခြားအလားအလာများအတွင်း ရောထွေးပါဝင်နေပါသေးသည် ။

Adam Castillo ဘယ်သူလဲ ဘာလဲ

 

ထိန်းသိမ်းထားသော အမေရိကန်နိုင်ငံသား Adam Castillo ၏ ဘဝဖြစ်စဉ်မှာ လုံခြုံရေးရှုဒေါင့်မှသာ ကြည့်ရှုလိုက်လျှင် လွန်စွာစိတ်ဝင်စားစရာကောင်းလှပါသည် ။
သူသည် အမေရိကန်ပြည်ထောင်စု ကမ်းတက်တပ်ဖွဲ့ မရိန်းတပ် စစ်အရာရှိဟောင်းတစ်ယောက်ဖြစ်သည် ။ အာဖဂန်စစ်ပွဲမှ စစ်ပြန်စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်သည် ။
• Adam Castillo သည် အာဖဂန်နစ္စတန်စစ်မြေပြင်တွင် အမေရိကန် ကမ်းတက်တပ်ဖွဲ့ မရိန်းတပ်စစ်အရာရှိတစ်ဦးအဖြစ် တာဝန်မထမ်းဆောင်စဉ်က သူဘာတွေလုပ်နေခဲ့သလဲဆိုတာက စိတ်ဝင်စားစရာ နောက်တစ်မျိုးဖြစ်လာပါသည် ။

• ၂၀၀၇ – ၂၀၀၈ ခုနှစ်အတွင်း သူသည် မြန်မာနိုင်ငံ၏ အိမ်နီချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ Thammasat University တွင် နိုင်ငံတကာနိုင်ငံရေးနှင့် ထိုင်းပြည်တွင်းနိုင်ငံရေး ဘာသာရပ်များကို တက်ရောက်လေ့လာခဲ့သည် ။ ထိုကာလသည် မြန်မာနိုင်ငံအတွင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းများ ဖြစ်ပွားခဲ့ပြီး ၊ မြန်မာနိုင်ငံအတွင်းမှ ပုန်ကန်သူမျိုးစုံက ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံလာကြချိန်ဖြစ်သည် ။

• တချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုရှိ University of California, Riverside တွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရုပ်ရှင်နှင့် အမြင်အာရုံမီဒီယာ (Film & Visual Media) ဘာသာရပ်ဖြင့် အနုပညာဘွဲ့ (B.Arts) ကို ငါးနှစ်ကြာတက်ရောက်ခဲ့သည် ။

အာဖဂန်စစ်ပွဲပြန် မရိန်းတပ်စစ်အရာရှိဟောင်း

 

သူသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အာဖဂန်နိုင်ငံရှိ ညွန့် ပေါင်းအဖွဲ့ဝင် ဂျော်ဂျီယာနိုင်ငံကြည်းတပ်အတွက် နေတိုးစစ်စာချုပ်အဖွဲ့၏ ပူးတွဲစစ်အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး ၊ ဂျော်ဂျီယာနိုင်ငံ ကြည်းတပ် အမှတ် ၂၃ ခြေလျင်တပ်ရင်းဆိုင်ရာ နေတိုးမြေပြင်ထောက်ပံ့ရေးတာဝန်ခံအရာရှိအဖြစ် တာဝန်ယူခဲ့သည် ။

ထို့နောက် အထင်ကရ အမေရိကန် ပုဂ္ဂလိက စစ်မှုရေးရာတက္ကသိုလ်တစ်ခုဖြစ်သော Norwich University မှ ၂၀၁၅ ခုနှစ်တွင် သံတမန်မှုပညာ ၊ နိုင်ငံတကာဆက်ဆံရေးနှင့် အကြမ်းဖက်ဝါဒရေးရာလေ့လာမှု ဘာသာရပ်များဖြင့် မဟာဝိဇ္ဇာဘွဲ့ M.A. ဘွဲ့ကို ရရှိခဲ့ပြီး ၊ ထိုတက္ကသိုလ်မှပင် ၂၀၁၆ ခုနှစ်တွင် စီးပွားစီမံ မဟာဘွဲ့ MBA ဘွဲ့ကို ထပ်မံရရှိခဲ့သည် ။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာပြီး ၊ AGS Myanmar ကို တည်ထောင်သူအဖြစ် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်လာသည် ။

သူ၏ AGS Myanmar လုပ်ငန်းက အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံသားများကို ရွေးချယ်စုဆောင်းရေး ၊ လေ့ကျင့်ရေး ၊ ပြန်လည်အငှားချခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လာသည် ။

AGS Myanmar က မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများအဖြစ် အခြေစိုက်နှင့် ရွေ့လျား ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုများ ၊ အဆောက်အဦးထိန်းသိမ်းစောင့်ရှောက်မှု ၊နည်းပညာရေးရာဝန်ဆောင်မှုများ ၊ ကူးသန်းရောင်းဝယ်ရေး ပို့ကုန်သွင်းကုန် ရုံးလုပ်ငန်းရှင်းလင်းရေး ဝန်ဆောင်မှုများ ၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ၊ လုပ်ငန်းစီမံချက်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများကို ဆောင်ရွက်နေကြောင်း ဖေါ်ပြထားသည် ။

သူကိုယ်တိုင် ရေးသားခြင်းနှင့် တည်းဖြတ်ပေးခြင်း ပြုလုပ်ခဲ့သော မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ လေ့လာဆန်းစစ်ချက်အစီရင်ခံစာ စာအုပ်ပေါင်းများစွာကို ရေးသားပြုစုခဲ့သည် ။

၂၀၂၃ ဧပြီလမှ ၂၀၂၅ ခုနှစ် မေလအထိ မြန်မာနိုင်ငံ အမေရိကန်ကုန်သည်အသင်း (AmCham – American Chamber of Commerce in Myanmar) ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည် ။

သူက ကချင်ပြည်နယ်အတွင်းရှိ မြေရှားဓါတ်သတ္တုများ (Rare Earth Elements) အပေါ် လွန်စွာစိတ်ဝင်စားခဲ့သည် ။ ကေအိုင်အေ ထိန်းချုပ်စိုးမိုးထားသော နယ်မြေများမှ မြေရှားကို တနည်းနည်းဖြင့် စီးပွားဖြစ်ထုတ်ယူနိုင်ရန် ချဉ်းကပ်ကြိုးစားခဲ့သည် ။

မြေပြင်အခြေအနေများအတွင်း ကေအိုင်အေခေါင်းဆောင်များအတွင်း အိန္ဒိယနိုင်ငံမှတဆင့် ပြည်ပသို့ မြေရှားဓါတ်သတ္တုများ တင့်ပို့ရေး လမ်းကြောင်းသစ်တစ်ခုဖေါ်ဆောင်နိုင်ရန် ပြည်ပနှင့်ဆက်သွယ်ထားခဲ့သလို ၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှတဆင့် မြန်မာနိုင်ငံအနောက်ရိုးမတောင်တန်းများတလျှောက် ခွဲထွက်ရေးဝါဒီ လက်နက်ကိုင်အုပ်စုများကို စစ်ရေးလေ့ကျင့်ပေးမှုများနှင့် စစ်အကြံပေးမှုများကို အနောက်နိုင်ငံများမှ ကြေးစားစစ်သားများဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွက် အသုတ်လိုက် ၊ အသုတ်လိုက် ထိုးဖေါက်စိမ့်ဝင်လာကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ပိုမိုဆိုးရွားစေရန် မီးမွှေးပေးခဲ့ခြင်းများရှိခဲ့သည် ။

မကြာသေးခင်ကပင် မြန်မာနိုင်ငံချင်းပြည်နယ်အတွင်း လေ့ကျင့်သင်တန်းပေးခဲ့သော အနောက်နိုင်ငံများမှ ကြေးစားစစ်သားအဖွဲ့များကို အပြန်ခရီးတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရရှိထားခဲ့သေးသည် ။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ မပြီးဆုံးသော အခြေအနေမျိုးအတွင်း ကချင်ပြည်နယ်မှသည် အနောက်ရိုးမတလျှောက်အတွင်း မြေရှားဓါတ်သတ္တုများ တရားမဝင်တူးဖေါ်ထုတ်လုပ်ရန် ကြိုးပမ်းမှုများအပါအဝင် နယ်မြေခံ လက်နက်ကိုင်အုပ်စုများကို ဝင်ငွေဘဏ္ဍာငွေအရ ကြီးမားစွာထောက်ပံ့မှုမျိုးဖြစ်စေနိုင်သော တိုင်းပြည်အတွက် လွန်စွာပင် အန္တရာယ်ကြီးမားသော ကိစ္စရပ်မျိုးဖြစ်လာသည် ။

ထိန်ချန်မေ့ဖျောက်ခံလိုက်ရသော အခြားသတင်းတစ်ပုဒ်

 

Adam Castillo ကို ထိန်းသိမ်းမှုသတင်းအတွင်း ပြည်တွင်းပြည်ပ မီဒီယာများက ထိန်ချန်ချန်လှပ်ခဲ့ကြသည့် အခြားအရေးကြီးသော သတင်းတစ်ပုဒ်လည်း ကျန်ရှိနေပါသေးသည် ။

၂၀၂၆ ခုနှစ် မေလ ၁၁ ရက် ၊ တနင်္လာနေ့က ရန်ကုန်မြို့ ဆာကူရာတာဝါရှိ အိမ်ရာတိုက်ခန်းတစ်ခုအတွင်း သေဆုံးနေသော အမေရိကန်သံရုံးမှ အမေရိကန်သံတမန်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသော မှုခင်းသတင်းတစ်ပုဒ်ဖြစ်သည် ။

ဆာကူရာတာဝါတွင် ကုမ္ပဏီရုံးခန်းများနှင့် စီးပွားရေးလုပ်ငန်းများသာမကပဲ ၊ သံတမန်အချို့အတွက် သက်ဆိုင်ရာသံရုံးများက စီစဉ်ငှားရမ်းပေးထားသော သံတမန်အိမ်ရာတိုက်ခန်းများလည်း တည်ရှိနေကြသည် ။
ထိုအမှုအတွက် ကျူးလွန်သူ ထိုင်းနိုင်ငံသူအမျိုးသမီးကို မြန်မာမှုခင်းတပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ပြီး ၊ ဇွန်လ ၁၂ ရက် ၊ သောကြာနေ့တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ပထမဆုံးအကြိမ် စတင်ရုံးထုတ်ခဲ့သည် ။

ရန်ကုန်မြို့တွင် အမေရိကန်သံတမန်တစ်ဦး သတ်ဖြတ်ခံရခြင်းအမှုကို နိုင်ငံတကာမီဒီယာများက မေးမြန်းရာတွင် ” ကာယကံရှင်များ၏ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိကရေးရာများ (Privacy) ကို ငှဲ့ညှာသောအားဖြင့် ” နှစ်ဦးလုံး၏ အမည်များနှင့် အချက်အလက်များကို ထုတ်ပြန်ပေးခြင်း မပြုလုပ်နိုင်ကြောင်းကိုသာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ဖြေကြားထားခဲ့သည် ။

အလားတူပင် ဖမ်းဆီးထားမိသူ ထိုင်းနိုင်ငံသူအမျိုးသမီးနှင့် သက်ဆိုင်သော အချက်အလက်များကို မီဒီယာများက မေးမြန်းရာတွင်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းမထုတ်ပြန်ပဲ ချန်လှပ်ထားရှိခဲ့သည် ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပစိဖိတ်သတင်းရုံးတွင် ထိုင်းအမျိုးသမီးကို တရားရုံးသို့ ရုံးထုတ်မည့် ဇွန်လ ၁၂ ရက် ၊ သောကြာနေ့တွင် ရန်ကုန်ရှိ တရားရုံးသို့ အမေရိကန်သံတမန်တစ်ဦးဦးကို စေလွှတ်ရန်အစီအစဉ်ရှိမရှိ မီဒီယာများက မေးမြန်းရာတွင်လည်း အမေရိကန်ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခြင်း မပြုခဲ့ပါ ။

ယခု ထိန်းသိမ်းလိုက်သော Adam Castillo သည် ရန်ကုန်လေဆိပ်သို့ ဇွန်လ ၁၁ ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည် ။ တစ်နည်းအားဖြင့် ဆာကူရာတာဝါတွင် ရုပ်အလောင်းတွေ့ရှိခဲ့ရသော မေလ ၁၁ ရက်အပြီး တစ်လတင်းတင်းပြည့်သောရက် ၊ ထိုင်းအမျိုးသမီးကို ရုံးထုတ်ရန် တစ်ရက်အလိုတွင် ရောက်ရှိလာခြင်းဖြစ်သည် ။
Adam Castillo ကိုယ်တိုင်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအတွက် လုံခြုံရေးအကြံပေးအဖွဲ့၏ ပဲ့ကိုင်ကော်မတီ (Steering Committee) အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်နေသူဖြစ်သည် ။

အခြားတစ်ဖက်တွင် ရန်ကုန်အခြေစိုက် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအသိုင်းအဝန်းအတွင်း ပျံ့နှံ့နေသော အတည်ပြုချက်မရရှိသေးသည့် သတင်းစကားများအရ ၂၀၂၃ – ၂၀၂၅ ကာလ မြန်မာနိုင်ငံအမေရိကန်ကုန်သည်အသင်း AmCham ၏ ဥက္ကဌအဖြစ် ဆောင်ရွက်နေစဉ်ကာလအတွင်း ၊ Adam Castillo သည် အသင်းကိုအကြောင်းပြု၍ စီးပွားရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးရသော ဝန်ဆောင်မှုများအတွက် အမေရိကန်ဒေါ်လာသိန်းပေါင်းများစွာကို ကိုယ်ကျိုးအတွက်ရယူကာ အလွဲသုံးစားပြုလုပ်ထားသည်ဟု တိုင်ကြားအမှုဖွင့်ခံထားရသည်ဟု ဆိုနေကြသည် ။

အခြားတစ်ဖက်တွင်လည်း တရားမဝင် လက်နက်ကိုင်အဖွဲ့​​တွေနဲ့ ဆက်စပ်ကာ မြေရှားဓါတ်သတ္တုများကို နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ပို့ဆောင်ထုတ်ယူရန်အမှုများတွင် ပါဝင်ပတ်သတ်ထားကြောင်းလည်း သတင်းများ ပေါ်ထွက်နေသည် ။

သေချာနေသည်ကတော့ ရန်ကုန်မြို့ရှိ အမေရိကန်နိုင်ငံသားအချို့အတွင်း ကြီးမားရှုပ်ထွေးသော လူမှုရေး ၊ စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှု ပြဿနာတချို့ ဖြစ်ပွားခဲ့ကြောင်းကိုသာ ထင်သာမြင်သာရှိနေပါသည် ။

အမေရိကန်နှင့် ထိုင်းအစိုးရများက ကာယကံရှင်များ၏ အသေးစိတ်အချက်အလက်များကို မထုတ်ပြန်သေးပဲ အများပြည်သူအနေဖြင့် သိရှိခွင့်ရရှိနိုင်ရန် မလွယ်ကူသေးပါ ။

သို့သော်လည်း လက်နက်ကိုင်အဖွဲ့များ ၊ မြေရှားမှောင်ခိုလုပ်ငန်း ၊ အနောက်ရိုးမတလျှောက်မှ လက်နက်ကို်အုပ်စုများ ၊ အနောက်နိုင်ငံများမှ နိုင်ငံစုံကြေးစားစစ်သားများက အနောက်ရိုးမတလျှောက် ထိုးဖေါက်စိမ့်ဝင် သွားလာဝင်ထွက်နေကြသည်များကတော့ မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် လုံခြုံရေးများအတွက် ရင်မအေးဖွယ်ရာဖြစ်နေပါသည် ။
• Adam Castillo ၏ ကိုယ်ရေးဖြစ်စဉ်ပါ အချက်အလက်များအရ သူက စစ်မှုရေးရာပညာရပ်များသာမကပဲ ၊ ရုပ်ရှင် ၊ အမြင်အာရုံမီဒီယာ (Visual Media) ၊ နိုင်ငံတကာနိုင်ငံရေး ၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်တွင်းနိုင်ငံရေး ၊ သံတမန်မှုပညာ ၊ နိုင်ငံတကာဆက်ဆံရေး ၊ အကြမ်းဖက်ဝါဒရေးရာလေ့လာမှုပညာ ၊ စီးပွားလုပ်ငန်းစီမံခန့်ခွဲရေးပညာ ဘာသာရပ်များကို နှစ်ကာလရှည် ကြိုတင်လေ့ကျင့်ထားသူတစ်ဦးလည်းဖြစ်နေသည် ။

• မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် သူရောက်ရှိလာသည့် ၂၀၁၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတွင်း ပဋိပက္ခများနှင့် မတည်ငြိမ်မှုများ နည်းမျိုးစုံဖြင့် ဖြစ်ပွားလာရခြင်းများကို တွေ့ကြုံနေရသည်ကလည်း ကြီးမားလှသော ထူးထူးခြားခြားတိုက်ဆိုင်မှုများပင်ဖြစ်နေသည် ။

• သမားရိုးကျသာမာန်အရပ်သား စီးပွားရေးလုပ်ငန်းသမားထက် ပိုလွန်၍ Adam Castillo အနေဖြင့် မည်သည့်အရာများကို ဆောင်ရွက်ထားခဲ့နိုင်သနည်းဆိုသောအချက်မှာ အလေးအနက်ရှုမြင်သုံးသပ်နိုင်ရန် လိုအပ်နေပါသည် ။

•
မြန်မာနိုင်ငံတွင် တပ်မတော်မှ အာဏာထိန်းခဲ့ပြီးနောက်ပိုင်း ၊ နစကအစိုးရလက်ထက် ၂၀၂၁ ခုနှစ် မတ်လ မှ စတင်ကာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ အလုပ်အပ်နှံထားသော အခြားပြည်ပအဖွဲ့အစည်းမျိုးစုံအတွက် Adam Castillo က ကိုယ်တိုင်ရေးသားခဲ့သော လေ့လာဆန်းစစ်ချက်အစီရင်ခံစာများနှင့် ကိုယ်တိုင်ဦးဆောင်တည်းဖြတ်ခဲ့သော အစီရင်ခံစာများက စုစုပေါင်းအစီရင်ခံစာ စစ်တမ်းပေါင်း ၁၇၆၀ ကျော် ရှိနေပါသည် ။
• ထိုအစီရင်ခံစာများမှာ လေ့လာဆန်းစစ်ချပ် အစီရင်ခံစာ (Analysis Report) အမျိုးအစားများဖြစ်ပြီး ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးများ ၊ နိုင်ငံ့စီးပွားရေးကဏ္ဍများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍများ ၊ မဟာဗျူဟာရေးရာများ ၊ လုံခြုံရေးကဏ္ဍများနှင့် ပုဂ္ဂလိကလုံခြုံရေးကဏ္ဍများ ၊ လက်နက်ကိုင်ပဋိပက္ခများ အပါအဝင် ပြည်တွင်းပဋိပက္ခများ၊ သဘာဝနှင့် လူလုပ်ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး (Risk Management) ကဏ္ဍရပ်များ လွှမ်းခြုံပါဝင်နေပါသည် ။

• ထိုသို့သော လေ့လာဆန်းစစ်ခြင်းအစီရင်ခံစားများအတွက် အချက်အလက်များကို ရယူရာတွင် လက်နက်ကိုင်အဖွဲ့မျိုးစုံက ထိန်းချုပ်စိုးမိုးထားခဲ့သော ဒေသများကိုပါ အချက်အလက်များရယူခဲ့ခြင်းဖြစ်သည် ။

• အခြားတစ်ဖက်တွင်လည်း လက်နက်ကိုင်အဖွဲ့ပေါင်းစုံမှ ထိပ်ပိုင်းအရေးကြီးပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ကာ မြေရှားဓါတ်သတ္တုများကို တရားမဝင်မှောင်ခိုကူးသန်းရောင်းဝယ်ခြင်း ၊ သဘာဝသယံဇာတပစ္စည်းများအပါအဝင် နိုင်ငံ၏ပို့ကုန်သွင်းကုန်မူဝါဒအရ ကန့်သတ်ထိန်းချုပ်ထားသော ကုန်စည်အမျိုးအစားအမျိုးအမည်များစွာကို ကုန်သွယ်တင်ပို့ရောင်းချခြင်းများ ၊ တရားမဝင်အုပ်စုများနှင့် ဆက်နွယ်နေသော ငွေကြေးနှင့်ခရစ်ပတို‌ငွေကြေး လွှဲပြောင်းပေးခြင်းဝန်ဆောင်မှုလုပ်ငန်းများနှင့်လည်း ဆက်စပ်ပါဝင်နေခဲ့သည်များလည်းရှိနေသည် ။

• သို့ဖြစ်သောကြောင့် အမေရိကန်နိုင်ငံသား Adam Castillo ကို မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် လုံခြုံရေးများအရ မလွှဲမရှောင်သာ ထိန်းသိမ်းလိုက်ရခြင်းဖြစ်နိုင်ကြောင်း သုံးသပ် ရှင်းလင်းတင်ပြလိုက်ရပါသည် ။

LM

ဤ​ဆောင်းပါးပါ အချက်အလက်နဲ့ အာ​ဘော်များသည် ​ဆောင်းပါးရှင်ရဲ့ အာ​ဘော်သာဖြစ်ပြီး VOM ရဲ့ အာ​ဘော်မဟုတ်​ပါ။

Related posts

Leave a Comment

VOM News

FREE
VIEW