မော်လမြိုင်နဲ့ ဘားအံမှာ တရားမဝင်နည်းနဲ့ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲတဲ့ လုပ်ငန်းရှင် ၁၃ ယောက် ထပ်မံအရေးယူခံရ

ဇွန် ၁၈ ၊ ၂၀၂၆
GG (VOM )
မွန်ပြည်နယ် မော်လမြိုင်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ လျှပ်စစ်ဓာတ်အား တရားမဝင် ခိုးယူသုံးစွဲတဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၃ ယောက် ထပ်မံအရေးယူခံရတယ်လို့ သိရပါတယ် ။
မော်လမြိုင်မြို့ နဲ့ ဘားအံမြို့မှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုရှိမရှိ စီးပွားရေးလုပ်ငန်းသုံး မီတာ ၅၂ လုံး စစ်ဆေးခဲ့ရာ အဲဒီထဲမှာ မသမာသောနည်းလမ်းနဲ့ လျှပ်စစ် ဓာတ်အားရယူသုံးစွဲထားတဲ့ လုပ်ငန်းရှင် ၁၃ ယောက်ကို စိစစ်ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
အခုလို လျှစ်စစ်ဓာတ်အားကို တရားမဝင် ခိုးယူသုံးစွဲခြင်းကြောင့် လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း တဆယ့်နှစ်သိန်းငါးထောင်နှစ်ရာခြောက်ဆယ့်ခြောက်ယူနစ် ဆုံးရှုံးခဲ့ရပြီး ငွေကျပ်အနေနဲ့ဆိုရင် ကျပ်သန်း ခုနှစ်ရာရှစ်ဆယ့်ငါးသန်းကျော် ဆုံးရှုံးနစ်နာခဲ့တယ်လို့ သိရပါတယ် ။
ဒါကြောင့် လျှပ်စစ်မီတာတွေကို ပိတ်သိမ်းလိုက်ပြီး နစ်နာဆုံးရှုံးမှုကို ပြန်လည်ရရှိရေး လျှပ်စစ်ဥပဒေနှင့်အညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
” လျှပ်စစ်ဓာတ်အားကို တရားမဝင် ရယူသုံးစွဲနေတာတွေ အများကြီး ရှိအုံးမယ်။ အဲဒီလို တရားမဝင်သုံးတာတွေကြောင့် မီးအားမနိုင်တာတွေ ၊ ဓာတ်အားလျော့တာတွေ ဖြစ်နေတာ ။ သေချာစနစ်တကျ စစ်ဆေးဖို့လိုတယ်။ အခန့်မသင့်ရင် ထရန်စဖော်မာက ဝန်အားမနိုင်တော့ပဲ ပျက်စီးတာ မီးဘေးအန္တရာယ်တွေဖြစ်တတ်တယ် ။.အဲဒီလို မသမာမှုတော်တော်များများက စီးပွားရေးသမားတွေပဲ လုပ်တာများတယ်။ ” လို့ စက်မှုဇုန် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
မသမာတဲ့နည်းလမ်းနဲ့ လျှပ်စစ်ဓာတ်အား တရားမဝင်ခိုးယူသုံးစွဲမှုတွေဟာ စက်မှုဇုန်တွေ ၊ ဟိုတယ်လုပ်ငန်းတွေ စတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အဓိက ဖြစ်ပွားနေတာဖြစ်ကြောင်း ၊ ခုထိလည်း လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြောင်းတကာစက်မှုဇုန် မြေကွက်အမှတ် (၅၂/၅၃) ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုစက်ရုံကို လျှပ်စစ် ဓာတ်အားခိုးယူသုံးစွဲမှုနဲ့ မှော်ဘီမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစက်ရုံက မသမာတဲ့နည်းနဲ့ လျှပ်စစ်ဓာတ်အား ခိုးယူမှုကြောင့် လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ငါးဆယ်ခြောက်သောင်းရှစ်ထောင်ရှစ်ရာ အတွက် ငွေကျပ်သန်း လေးထောင့်ငါးရာကျော်ဆုံးရှုံးနစ်နာခဲ့တဲ့အတွက် လျှပ်စစ်မီတာကိုလည်း ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
တရားမဝင် နည်းလမ်းတွေနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မရှိစေရန်အတွက် လျှပ်စစ်ဝန်ထမ်းတွေက စီမံချက်ချမှတ် စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းကို ဆောင်ရွက်နေပြီး တရားမဝင်ရယူသုံးစွဲထားတာကို တွေ့ရှိရပါက လျှပ်စစ် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဓာတ်အား ဖြတ်တောက်ခြင်း၊ သုံးစွဲဝန်အားအလိုက် လျော်ကြေး တောင်းခံခြင်း၊ခံဝန်ကတိ လက်မှတ် ရေးထိုးစေခြင်း၊ ကျုးလွန်မှု အပေါ် မူတည်ပြီး ရဲစခန်းမှာ အမှုဖွင့်ခြင်း စတဲ့ အပြစ်ပေး အရေးယူမှုကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – MOI

Related posts

Leave a Comment

VOM News

FREE
VIEW